အီရန်စစ်ကြောင့် ထရမ့်လက်ထက် အမေရိကန်မှာ လက်နက်တွေလျော့နေပြီလား

လက်အိတ်စွပ်ထားတဲ့ စက်ရုံ လုပ်သားတစ်ဦးက စားပွဲပေါ်မှာ တန်းစီထားတဲ့ ဒုံးကျည်တွေကို တန်းစီနေတဲ့ အဖြူအမည်း ပေါင်းစပ်ဓာတ်ပုံ
လက်နက်တွေကုန်သွားလို့ ထရမ့်က အီရန်နဲ့အပစ်ရပ်လိုက်တာလား
    • ရေးသားသူ, ဘာ့ဒ် ဒဘွတ်စ်မန်း ဂျူနီယာ
    • ရာထူးတာဝန်, အိမ်ဖြူတော် သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ဇူလိုင်လအစောပိုင်းတုန်းက ပန်ဆေဗေးနီးယား ကာကွယ်ရေးနဲ့ နည်းပညာဆန်းသစ်ရေးညီလာခံမှာ အမေရိကန်ရဲ့ကာကွယ်ရေးကုမ္ပဏီကြီးတချို့ရဲ့အမှုဆောင်ချုပ်တွေနဲ့အတူ စင်ပေါ် တက်တော့ သူ့ခေါင်းထဲ ပေးချင်တဲ့သတင်းစကားက တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ "လက်နက်တွေ ပိုထုတ်ပါ၊ မြန်မြန်လည်း ထုတ်ပါ" ဆိုတာပါ။

"ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအရည်အသွေးရှိတယ်။ ဒါပေမဲ့ မြန်နှုန်းကို နည်းနည်းပိုမြှင့်ဖို့တော့ လိုတယ်" လို့ ထရမ့်က အမေရိကန်စစ်ကောလိပ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ လက်နက်ထုတ်သူတွေကို ပြောပါတယ်။ သူ အဲဒီလိုပြောနေချိန်မှာ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်လည်း သူ့ဘေးမှာ ရှိနေပါတယ်။

ထရမ့်အစိုးရဟာ ဒီအစည်းအဝေးကို တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်အောင် ရည်ရွယ်ပြီး ကျင်းပတာပါ။ ပထမတစ်ချက်က အမေရိကန်စက်မှုလုပ်ငန်း ပြန်လည်တိုးတက်စေရေးနဲ့ ဒုတိယတစ်ချက်က စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ ဖြစ်ပါတယ်။​ ကာကွယ်ရေးဝန်ကြီး ဟတ်ဆက်ကတော့ ဒါကို "လွတ်လပ်ရေးလက်နက်တိုက်" လို့ ပုံဖော်ပြောပါတယ်။​

ဒါပေမဲ့ အများပြည်သူရှေ့မှာ မပြောသလောက် ဖြစ်နေတဲ့အချက်တစ်ခုကတော့ ဒီနှစ်အစောပိုင်း Operation Epic Fury ဆိုပြီး အီရန်နဲ့ ရက်ပေါင်း ၄၀ နီးပါးတိုက်ခိုက်မှုတွေအပြင် အဲဒီနောက်ပိုင်း သူတပြန် ကိုယ်တပြန် ပစ်ခတ်မှုတွေမှာ အမေရိကန်ဘက်က အဆင့်မြင့်လက်နက်တွေနဲ့ ထုတ်လုပ်ရခက်တဲ့စစ်လက်နက်ပစ္စည်း အမြောက်အများ အသုံးပြုခဲ့ရတဲ့အချက်ဖြစ်ပါတယ်။

အဲဒီစစ်ပွဲကြောင့် လက်ရှိအထိ ဒေါ်လာ ၃၇.၅ ဘီလျံ ကုန်ကျခဲ့ပြီး အများစုဟာ လက်နက်ခဲယမ်းတွေ ဝယ်ယူသုံးစွဲရာမှာ သုံးခဲ့ရတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။​

ဧပြီ ၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာချိန်အထိ အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံအတွင်း ပစ်မှတ်ပေါင်း ၁၃,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ အဲဒီကာလအတွင်း အီရန်ဘက်က ပစ်လွှတ်ခဲ့တဲ့ ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်ပေါင်း ၁,၇၀၀ ကျော်ကိုလည်း အမေရိကန်လေကြောင်းကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နိုင်ဖို့ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေကို ယာယီရပ်နားထားပါတယ်။ အမေရိကန်မှာရှိတဲ့လက်နက်တွေ တစတစလျော့သွားတာမျိုးမဖြစ်အောင် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေမယ့်ကိစ္စတွေကို ရပ်ဆိုင်းဖို့ ထရမ့်ကို အကြံပြုခဲ့ကြတာလည်းရှိတယ်လို့ နယူးယော့ခ်တိုင်းစ် သတင်းစာက ရေးပါတယ်​။

လက်နက်ခဲယမ်း အလုံအလောက် မရှိတော့ဘူးဆိုတဲ့ပြောဆိုချက်တွေကို ထရမ့်က ဇူလိုင်လတုန်းက ငြင်းဆိုခဲ့ပြီး "ကျွန်တော်တို့မှာ ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို ပိုများတဲ့လက်နက်ခဲယမ်းတွေ ရှိပါတယ်။ လိုအပ်တာထက်တောင် ပိုများပါတယ်" လို့ ဝေါစထရိ ဂျာနယ်ကို ပြောပါတယ်။

ကာကွယ်ရေးအသုံးစရိတ်တိုးပေးဖို့ လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ရှင်းပြခဲ့ရတဲ့ ကာကွယ်ရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးအသုံးစရိတ်တိုးပေးဖို့ လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ရှင်းပြခဲ့ရတဲ့ ကာကွယ်ရေးဝန်ကြီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်နက်ပိုင်ဆိုင်မှုပမာဏကိစ္စဟာ အမေရိကန်အစိုးရအတွင်းမှာ အထိမခံတဲ့ကိစ္စဖြစ်နေတာ အချိန်တစ်ခုကြာနေပါပြီ။ ဇွန်လတုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်က လက်နက်ခဲယမ်း သိုလှောင်ထားတာတွေ တဖြည်းဖြည်းလျော့လာနေပြီဆိုတဲ့အချက်ကို ငြင်းဆိုခဲ့ပါတယ်။​

ဒါပေမဲ့ အခုတော့ သူ့ ရပ်တည်ချက် ပြောင်းလဲသွားပုံရပါတယ်။ ဇူလိုင်လလယ်ပိုင်းတုန်းက အထက်လွှတ်တော် အသုံးစရိတ်ကော်မတီ ရှေ့မှောက်မှာ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်ဘက်ပစ္စည်းတွေအပါအဝင် "အရေးကြီးတဲ့လိုအပ်ချက်တွေ" ကို ဖြည့်ဆည်းဖို့ ဒေါ်လာ ၈၇ ဘီလျံ ထပ်လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။​

အသုံးပြုခဲ့တဲ့လက်နက်ခဲယမ်းပမာဏနဲ့ လက်ကျန်သိုလှောင်မှုအခြေအနေတွေကတော့ လျှို့ဝှက်အဆင့်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန(CSIS)က အများပြည်သူကြည့်နိုင်တဲ့အချက်အလက်တွေကို စုစည်းထားတဲ့အချက်အလက်တွေအရဆိုရင်တော့ သိုလှောင်ထားတဲ့လက်နက်တွေ သိသိသာသာလျော့နည်းသွားတာနဲ့ အချိန်တိုတိုအတွင်း အစားထိုးဖြည့်တင်းဖို့ ခက်ခဲနေတဲ့ပုံရိပ်ကို ပြသနေပါတယ်။

"လက်နက်အမျိုးအစားပေါ် မူတည်ပါတယ်။ (ဒုံးကျည်တစ်စင်း) ထုတ်လုပ်ဖို့ အနည်းဆုံး တစ်နှစ်ကနေ ငါးနှစ်အထိ ကြာမှာပဲ။ ဒါကို ပိုမြန်အောင်လုပ်ဖို့လည်း မရှိသလောက်ပါပဲ" လို့ ဒီကိစ္စကို လေ့လာသုတေသနလုပ်နေတဲ့ CSIS က အကြံပေးအရာရှိ မရိန်းတပ် ဗိုလ်မှူးကြီးဟောင်း မာ့ခ် ကန်စီယန်က ပြောပါတယ်။

ဒီတော့ အမေရိကန်ဟာ လက်နက်ခဲယမ်းတွေကို တကယ်ပဲ အသုံးလွန်နေလို့ နောက်ပိုင်းမှာ သူ့ရဲ့ စစ်ရေးတာဝန်တွေနဲ့ ရည်မှန်းချက်တွေကို ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်လာနိုင်တဲ့အထိ အခြေအနေရောက်နေပြီလား။

တတိတိလျော့လာတဲ့အမေရိကန်လက်နက်တိုက်

ဒီစစ်ပွဲမှာ အဓိကအသုံးပြုခဲ့တဲ့လက်နက်ခဲယမ်းတွေကို အမျိုးအစား ၂ မျိုး ခွဲနိုင်ပါတယ်။ ပထမ ၁ မျိုးက တာဝေးပစ် မြေပြင်တိုက်ခိုက်ရေး လက်နက်တွေဖြစ်ပြီး ဒုတိယ ၁ မျိုးကတော့ အီရန်ဘက်က ဝင်ရောက်လာတဲ့တိုက်ခိုက်မှုတွေကို တားဆီးဖို့ အသုံးပြုတဲ့လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်တွေ ဖြစ်ပါတယ်။

မြေပြင်တိုက်ခိုက်ရေး လက်နက်တွေထဲမှာ အများဆုံးသုံးခဲ့ရတဲ့စနစ်တစ်ခုကတော့ တိုမာဟော့ခ် မြေပြင်တိုက်ခိုက်ရေးဒုံးကျည်(TLAM) ဖြစ်ပါတယ်။ ဒီဒုံးကျည်တွေကို စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေပေါ်ကနေ ပစ်လွှတ်လေ့ရှိပါတယ်။ မိုင် ၁,၀၀၀ ကျော် (ကီလိုမီတာ ၁,၆၀၀ ကျော်) အကွာအဝေးက ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။

ဒီလက်နက်ကြောင့်ပဲ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ တိုက်လေယာဉ်တွေကို ကိုယ်တိုင်မောင်းနှင် ပြီး ဗုံးကြဲရတဲ့အဆင့်ကို မရောက်စေဘဲ ကွပ်ကဲရေးဘန်ကာတွေ၊ အခိုင်အခံ့ကာကွယ်ထားတဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေလို အရေးကြီးတဲ့ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်း တိုမာဟော့ခ် ဒုံးကျည်အစင်း ၁,၀၀၀ ကျော် ပစ်လွှတ်အသုံးပြုခဲ့ပြီးပြီလို့ CSIS က ခန့်မှန်းပါတယ်။ အဲဒီအတွက် အမေရိကန် သိုလှောင်ထားတဲ့လက်ကျန်ပမာဏဟာ စစ်မဖြစ်ခင်က အဆင့်ကို ၂၀၃၁ ခုနှစ်လောက်အထိ ပြန်မရောက်နိုင်ဘူးလို့လည်း ခန့်မှန်းပါတယ်။

CSIS ရဲ့အပြောအရဆိုရင် TLAM ရဲ့နောက်ဆုံးပေါ် မျိုးဆက်တွေဟာ ဒုံးကျည်တစ်စင်းကို ဒေါ်လာ ၂.၆ သန်း (ပေါင် ၂ သန်းခန့်) ကုန်ကျပါတယ်။

A stacked bar chart titled “Rebuilding the stockpile of Tomahawk missiles will take several years.” A standalone bar shows the US was estimated to have more than 3,000 Tomahawk missiles before the Iran war. The current stockpile is estimated to be about 2,000 as of Q3 2026. Quarterly projections show inventories staying near 2,100 to 2,250 missiles through most of 2027 to 2030. Light purple segments represent deliveries from pre-war orders, while dark purple segments represent deliveries from post-war orders. The post-war orders that are delivered in late 2030 lift the stockpile to around 2,300, then 2,500 and 2,800, before reaching about 3,000 missiles by Q1 2031. But a note points out that these post-war orders are estimates based on requests made in 2026/27 US military budget but not yet passed by Congress. The main message is that replacing missiles used in the conflict and restoring the stockpile to its previous level will take around five years. The source for the data is the Center for Strategic and International Studies.

စစ်ပွဲအတွင်း အသုံးပြုခဲ့တဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေထဲမှာ အများဆုံးသုံးရတာကတော့ ပတ်ထရီရော့(Patriot) ဒုံးကျည်ကာကွယ်ရေးစနစ် ဖြစ်ပါတယ်။ ဒီဒုံးကျည်စနစ်ဟာ မြေပြင်ကနေ ပစ်လွှတ်ရတဲ့စနစ်ဖြစ်ပြီး တိုက်လေယာဉ်တွေကိုသာမက တာဝေးပစ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ကြားဖြတ်ပစ်ချနိုင်ပါတယ်။

CSIS ကတော့ စစ်မဖြစ်ခင်က ပတ်ထရီရော့ ကြားဖြတ်ဒုံးကျည် ၂,၃၃၀ စင်းခန့်ရှိပြီး အဲဒီထဲက ဒုံးကျည် ၁,၄၃၀ စင်းအထိ ပဋိပက္ခအတွင်း အသုံးပြုခဲ့ရပြီးပြီလို့ ခန့်မှန်းပါတယ်။

ပတ်ထရီရော့ ကြားဖြတ်ဒုံးကျည် တစ်စင်းရဲ့တန်ဖိုးဟာ ဒေါ်လာ ၄ သန်းခန့် ရှိပါတယ်။ ဈေးနှုန်းများပေမဲ့ ထိရောက်မှုကောင်းတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်လာ ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကြားလောက်သာရှိတဲ့အီရန်ဒရုန်းတွေကို ပစ်ချဖျက်ဆီးဖို့ အကြိမ်ကြိမ် အသုံးပြုခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဒုံးကျည်တွေကို ပြန်ဖြည့်တင်းဖို့ မလွယ်ကူပါဘူး။

CSIS က အကြံပေး မာ့ခ် ကန်စီယံကတော့ "ဒုံးကျည်တစ်စင်း ထုတ်လုပ်ဖို့ နှစ်အတော်ကြာတယ်။ အခု ပိုက်ဆံထုတ်သုံးရင်တောင် သုံးနှစ်၊ လေးနှစ်လောက်ကြာမှ ရမယ်။ တစ်ခါတလေ ငါးနှစ်တောင် ကြာနိုင်တယ်။ အခုရှိထားတဲ့ ဒုံးကျည်တွေက ၂၀၂၃ ခုနှစ်တုန်းက ရန်ပုံငွေ ချထားပြီး ထုတ်လုပ်ခိုင်းထားတဲ့ပစ္စည်းတွေပါ" လို့ ပြောပါတယ်။

ပတ်ထရီရော့ အပြင် THAAD (Terminal High Altitude Area Defense) လို့ခေါ်တဲ့ ပိုခေတ်မီပြီး ပိုစွမ်းဆောင်ရည်မြင့်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း အသုံးပြုခဲ့ပါတယ်။ THAAD ဟာ ပတ်ထရီရော့ထက် အဝေးက ပစ်မှတ်တွေကို တားဆီးနိုင်ပြီး ပိုမြင့်မားတဲ့လေထုအမြင့်မှာ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်တဲ့အားသာချက်တွေ ရှိပါတယ်။

ဒါပေမဲ့ THAAD ဒုံးကျည်ကလည်း အရင်ကတည်းက အရေအတွက်များများစားစားမရှိပါဘူး။ စစ်မဖြစ်ခင် သိုမှီးထားတဲ့ဒုံးကျည်အစင်း ၃၆၀ ခန့်ထဲက အစင်း ၁၉၀ ကနေ ၂၉၀ ကြားအထိ စစ်ပွဲအတွင်း အသုံးပြုခဲ့ရတယ်လို့ CSIS က ခန့်မှန်းပါတယ်။​

ဒါအပြင် ကမ္ဘာတလွှားမှာ လက်ရှိလည်ပတ်နေတဲ့ THAAD ဒုံးပစ်စင် ၉ ခုသာ ရှိပါတယ်။​ အဲဒီထဲက ၇ ခုကို အမေရိကန် ပိုင်ပါတယ်။

ဒါကြောင့် THAAD တွေကို အခုလိုဆက်တိုက်သုံးစွဲနေမယ်ဆိုရင် အမေရိကန်တပ်ဖွဲ့တွေဟာ ရုရှား၊ တရုတ် ဒါမှမဟုတ် မြောက်ကိုရီးယားလို နိုင်ငံတွေကနေ လာနိုင်တဲ့တာဝေးပစ်ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ အရေးပါတဲ့လေကြောင်းကာကွယ်ရေးစနစ် လုံလုံလောက်လောက် မထားနိုင်တော့တဲ့အန္တရာယ်ရှိလာနိုင်တယ်ဆိုပြီး သုံးသပ်သူတွေက သတိပေးပါတယ်​။

ထိုင်ဝမ်နဲ့ ပစိဖိတ်ကို အားလုံး စောင့်ကြည့်နေ

အီရန်နဲ့ စစ်ပွဲဖြစ်ခဲ့တဲ့အချိန်ဟာ အမေရိကန်စစ်ရေးမဟာဗျူဟာသမားတွေအမြင်မှာ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ လုပ်နိုင်တယ်လို့ဆိုပြီး ရှုမြင်သုံးသပ်ထားတဲ့ "Davidson Window" လို့ခေါ်တဲ့ကာလအပိုင်းအခြား မတိုင်ခင်လေးမှာပဲ ဖြစ်ခဲ့တာပါ။

ဒီ "Davidson Window" ဆိုတဲ့ အယူအဆက အမေရိကန်ရဲ့ပစိဖိတ်ဒေသ စစ်ရေးစဉ်းစားချက်တွေမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ရှိနေပါတယ်။ ဒီအယူအဆရဲ့အခြေခံကတော့ ၂၀၂၁ ခုနှစ်တုန်းက အမေရိကန် ကွန်ကရက်စ်လွှတ်တော် ကြားနာပွဲတစ်ခုကနေ စတင်ပါတယ်။

အဲဒီအချိန်က ပစိဖိတ်ဒေသအတွက် အမေရိကန်တပ်ဖွဲ့တွေကို ဦးဆောင်နေတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဖိလစ် ဒေဗစ်ဆင်က "တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုးစားမှုဟာ လာမယ့် ၆ နှစ်အတွင်း ဖြစ်လာနိုင်တယ်" လို့ သတိပေးခဲ့တာကနေ စတင်လာတာဖြစ်ပါတယ်။

နောက်ပိုင်း ၂၀၂၃ ခုနှစ်မှာလည်း အမေရိကန်ထောက်လှမ်းရေး(စီအိုင်အေ)ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ်ကလည်း "တရုတ်ဟာ ၂၀၂၇ ခုနှစ်လောက်ရောက်ရင် ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်ဖို့ အသင့်ဖြစ်လာနိုင်တယ်" လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်၀မ်ကို ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည်နယ်တစ်ခုအဖြစ် တရုတ်ဘက်က ရှုမြင်ထားပါတယ်။ "တစ်နိုင်ငံတည်းအဖြစ် ပြန်လည်ပေါင်းစည်းရေး"ကို လုပ်ဆောင်မယ်လို့ အမြဲပြောဆိုပြီး အဲဒီရည်မှန်းချက်အကောင်အထည်ဖော်ဖို့ စစ်ရေးအင်အား သုံး မသုံးဆိုတာကိုလည်း တရုတ်ဘက်က ယတိပြတ်မပြောထားပါဘူး။

တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ရင် အမေရိကန်က ထိုင်ဝမ်ဘက်ကနေ ကာကွယ်ပေးပြီး တရုတ်နဲ့ စစ်တိုက်မလားဆိုတာကတော့ ကနေ့အထိ အငြင်းပွားနေဆဲ အကြောင်းအရာဖြစ်ပါတယ်။

အမေရိကန်ဟာ ဒီအပိုင်းမှာ သူ့ရဲ့မူဝါဒကို တိတိကျကျ ထုတ်မပြောထားပေမဲ့ ထိုင်ဝမ်ကျွန်းကို ကာကွယ်ရေးလက်နက်ပစ္စည်းတွေ ဆက်လက် ပံ့ပိုးပေးနေဆဲ ဖြစ်ပါတယ်။

ပင်လယ်ပင်မှာ အမေရိကန် စစ်သင်္ဘောတစ်စင်းကနေ တိုမာဟော့ခ် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။ မီးခိုးတန်းရှည်နဲ့ ဒုံးကျည်တစ်စင်း ပျံတက်သွားတာ တွေ့ရပြီး ပင်လယ်ရေပြင်နဲ့ ကောင်းကင်ကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟိုမာဟော့ ဒုံးကျည်တွေအပါအဝင် သိုလှောင်ထားဒုံးကျည်တွေ တစတစ လျော့ကျလာနေ

CSIS က အကြံပေး မာ့ခ် ကန်စီယံကတော့ အခုလို လက်နက်ခဲယမ်း မလုံလောက်တော့တဲ့ အခြေအနေကို ''အားနည်းချက်ကို လှစ်ဟပြနေတဲ့ကာလအပိုင်းအခြား'' လို့ ရည်ညွှန်းသုံးနှုန်းပါတယ်။

ဒီကာလအတွင်း ပစိဖိတ်ဒေသမှာ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ လိုအပ်တဲ့ အဆင့်မြင့် လက်နက်ခဲယမ်းတွေကို လုံလောက်တဲ့ပမာဏနဲ့ သုံးနိုင်မယ့်အခြေအနေ မရှိနိုင်တော့ဘူးလို့ သူက မြင်ပါတယ်။​

ဒါကြောင့် အမေရိကန်တပ်ဖွဲ့တွေဟာ ပစိဖိတ်စစ်ပွဲတစ်ခု ဖြစ်လာရင် တရုတ်က သုံးလာနိုင်တဲ့ဒုံးကျည်တွေနဲ့ လေကြောင်းအင်အားကို ရင်ဆိုင်ဖို့ လုံလုံလောက်လောက်မပြင်ဆင်ထားတဲ့အခြေဆိုက်သွားနိုင်တယ်လို့ သူက ယုံကြည်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဟာ အီရန်စစ်ပွဲအတွင်း အမေရိကန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို အနီးကပ်လေ့လာနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒုံးကျည်နည်းပညာမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။ အီရန်အသုံးပြုခဲ့တဲ့ဒုံးကျည်တွေ ဒါမှမဟုတ် စျေးသက်သာတဲ့ ဒရုန်းတွေထက် အများကြီး ပိုအဆင့်မြင့်တဲ့ ဟိုက်ပါဆိုနစ်(အသံထက်မြန်) ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တီထွင်ထုတ်လုပ်ထားပါတယ်။

ဒါတင်မကသေးဘဲ "drone swarm" လို့ ခေါ်တဲ့ ဒရုန်းတွေကို အုံနဲ့ကျင်းနဲ့တပြိုင်နက်အသုံးပြုတိုက်ခိုက်တဲ့နည်းဗျူဟာတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အသည်းအသန်ကြိုးပမ်းနေပါတယ်။​

ဒါပေမဲ့ အမေရိကန်ရဲ့လက်နက်သိုလှောင်မှု လျော့နည်းသွားတာကို အားနည်းချက်လို့ မမြင်တဲ့သူတွေလည်းရှိပါတယ်။​

အမေရိကန်ထောက်လှမ်းရေး(စီအိုင်အေ) ထိပ်ပိုင်းအရာရှိဟောင်းလည်းဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှာ အရှေ့အလယ်ပိုင်းမူဝါဒဆိုင်ရာအကြံပေးအဖြစ်လည်း လုပ်ခဲ့ဖူးတဲ့ ဂျေကော့ အိုလီဒေါ့ကတော့ ဒီလက်နက်တွေကို တကယ့်စစ်မြေပြင်မှာ အသုံးပြု ပြသခဲ့ရတာကလည်း အားကောင်းတဲ့သတင်းစကားတစ်ခု ပါးရာရောက်တယ်လို့ သုံးသပ်ပါတယ်။

"လက်နက်တွေဟာ ဟန့်တားနိုင်စွမ်းကို ပြသပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေဟာ လက်နက်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ပြသရုံတင်မဟုတ်ဘဲ လိုအပ်ရင် ဒီလက်နက်တွေကိုပါ အသုံးပြုနိုင်တယ်ဆိုတာကို ပြသရာလည်း ရောက်တယ်'' လို့ သူက ပြောပါတယ်။

သူက လက်ရှိမှာ အမေရိကန်သာ ပဓာန မူဝါဒကို လေ့လာရေး(America First Policy Institute) မှာ လုံခြုံရေးမူဝါဒဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။

"အမေရိကန်ဟာ တိုက်ခိုက်မှုတွေ လုပ်ပြီး အီရန်ရဲ့စစ်ရေးစွမ်းရည်တွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့တာက တရုတ်အပါအဝင် အခြားပြိုင်ဘက်နိုင်ငံတွေကိုလည်း သတင်းစကား ပါးရာရောက်ပါတယ်" လို့လည်း သူက ပြောပါတယ်။

ဆိုတော့ ဥရောပကရော

မဟာမိတ်နိုင်ငံတွေကို လက်နက်ထောက်ပံ့ မလား၊ အမေရိကန်ရဲ့လက်နက်သိုလှောင်မှုကို ထိန်းသိမ်းထားမလားဆိုတဲ့ ဒွိဟဖြစ်စရာ အခြေအနေဟာ ယူကရိန်းစစ်မှာ မြင်ခဲ့ရပြီးဖြစ်ပါတယ်။

တိုမာဟော့ ဒုံးကျည်တွေကို ပေးဖို့ ယူကရိန်းရဲ့တောင်းဆိုချက်ကို ထရမ့်က အီရန်ကို တိုက်တဲ့ Operation Epic Fury စစ်ဆင်ရေး မစတင်ခင် လအနည်းငယ်အလို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ငြင်းခဲ့ပါတယ်။ အမေရိကန်ရဲ့လက်နက်သိုလှောင်မှု တစတစလျော့ကျသွားမယ့်အဖြစ် မရောက်အောင် အခုလိုငြင်းရတာလို့ ဆိုပါတယ်။​

အဲဒီဖြစ်ရပ်က အီရန်စစ်ပွဲအလွန် အခုဆွေးနွေးနေကြတဲ့လက်နက်ပိုင်ဆိုင်မှုအပိုင်း အငြင်းပွားမှုတွေရဲ့အကြိုမြင်ကွင်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာ မဟာမိတ်တွေကို ထောက်ပံ့ပေးဖို့ လိုအပ်နေပြီး တစ်ဖက်မှာတော့ ကိုယ့်ရဲ့လက်ကျန်လက်နက် သိုလှောင်မှုကိုလည်း ထိန်းထားရမယ့်အခြေအနေ ဖြစ်နေပါတယ်။

ရုရှားရဲ့ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတာကြောင့် ပတ်ထရီရော့ စနစ်တွေအပါအဝင် လေကြောင်းကာကွယ်ရေးစနစ်တွေကို အရေးပေါ်လိုအပ်နေတယ်လို့ ယူကရိန်းဘက်က ပြောနေပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကတော့ "စွမ်းအင် ဈေးတွေ တက်လာတာအပြင် ဒီအီရန်စစ်ပွဲဟာ အမေရိကန်ရဲ့လက်နက်သိုလှောင်မှုနဲ့ လေကြောင်းကာကွယ်ရေးလက်နက် ထုတ်သူတွေရဲ့အပေါ်မှာလည်း ကုန်ခမ်း လျော့ကျလာစေတယ်လို့ ဆိုလိုရာလည်း ရောက်ပါတယ်'' ဆိုပြီး မတ်လတုန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

''ဒီတော့ ယူကရိန်းရရှိနိုင်မယ့် လက်နက်ခဲယမ်းရင်းမြစ် ပမာဏလည်း နည်းသွားတာပေါ့လေ''

ရုရှားလေကြောင်းတိုက်ခိုက်မှုမှာ ပျက်စီးသွားတဲ့ယူကရိန်းနေအိမ်တစ်လုံးကို မြင်တွေ့ရတာဖြစ်ပြီး အဆောက်အဦပျက် ပတ်လည်မှာ လူအချို့ မတ်တပ်ရပ်နေတာကိုလည်း မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားတိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ရေးအတွက် ပတ်ထရီရော့ ဒုံးကျည်တွေကို ပေးဖို့ ယူကရိန်းက မေတ္တာရပ်ခံနေပါတယ်

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ သူ့ရဲ့ဒီစိုးရိမ်ချက်ကို ကိန်းဂဏန်း အချက်အလက်နဲ့ ရှင်းပြပါတယ်။​

အမေရိကန်ဟာ တစ်လကို ဒုံးကျည်အစင်း ၆၀ ကနေ ၆၅ စင်းခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်ကို အစင်း ၇၀၀ ကနေ ၈၀၀ ကြား ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ Operation Epic Fury စတင်တဲ့ ပထမနေ့ တစ်ရက်တည်းမှာပဲ ဒုံးကျည် ၈၀၃ စင်း အသုံးပြုခဲ့ရတယ်လို့ သူက ထောက်ပြတာပါ။

ဒါပေမဲ့ မကြာသေးခင်ကတော့ ထရမ့်က ဥရောပနိုင်ငံတွေကို အံ့အားသင့်စေတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲဒါကတော့ ပတ်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ယူကရိန်းနိုင်ငံထဲမှာပဲ ထုတ်လုပ်ခွင့်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီလိုနည်းပညာလွှဲပြောင်းပေးပြီး ပြည်တွင်းမှာပဲ ထုတ်လုပ်ခွင့်ပေးတဲ့အစီအစဉ်မျိုးကို ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့နဲ့လည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှာ ၁၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ American Enterprise Institute မှာ ပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ အယ်လင်း မက်က်တ်စကာကတော့ ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းရဲ့အတွေ့အကြုံ၊ အီရန်ကိုတိုက်တဲ့အမေရိကန်ရဲ့ အတွေ့အကြုံတွေကြောင့် စျေးလည်းသက်သာ အမြောက်အများလည်း ထုတ်လုပ်နိုင်တဲ့လက်နက်စနစ်သစ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

သူက "ဒေါ်လာ ၁,၀၀၀ တန် ဒရုန်းတစ်စင်းကို ပစ်ချဖို့ ဒေါ်လာ ၆ သန်းတန် ကြားဖြတ်ဒုံးကျည်ကို မသုံးချင်တာမျိုးကို ကျွန်မတို့ မြင်နေခဲ့ရတာကြာလှပေါ့''လို့ ပြောပါတယ်။

"အခုတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ပိုအာရုံစိုက်လာကြပြီလို့ ထင်တယ်။ ကုန်ကျစရိတ် မများဘဲ အလွယ်တကူ အစားထိုးနိုင်မယ့်လက်နက်စနစ်တွေကို ထုတ်လုပ်ဖို့ လူတွေလည်း ပိုအာရုံစိုက်လာကြပြီလို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ အလွန်

ဒါပေမဲ့ အခုအချိန်အထိတော့ အမေရိကန်ရဲ့လက်နက်ခဲယမ်းတွေ ကုန်ခါနီးပြီဆိုတဲ့စိုးရိမ်ပူပန်မှုကြီးကြီးမားမား မရှိသေးပါဘူး။ အဲဒါဟာ အမေရိကန်မှာ လက်နက်အကန့်အသတ်ရှိလာတာကြောင့်မဟုတ်ဘဲ အီရန်ဘက်က လက်နက်သိုလှောင်မှုအခြေအနေကလည်း ပိုပြီးဆိုးရွားနေတဲ့အတွက် ဖြစ်ပါတယ်။

"သမ္မတထရမ့်ရဲ့မဟာဗျူဟာ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန်စစ်တပ်မှာ လုံလောက်တဲ့လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို လိုအပ်တာထက်မက ရှိပါတယ်။ Operation Epic Fury ကလည်း အမေရိကန်ကို အကဲလာစမ်းမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ပြသခဲ့ပါတယ်" လို့ ဘီဘီစီကို ပေးခဲ့တဲ့ထုတ်ပြန်ချက်မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီက ပြောပါတယ်။​

သူက "သမ္မတက အမေရိကန်ထုတ် လက်နက်တွေကို ပိုပြီးထုတ်လုပ်ဖို့ ကာကွယ်ရေး ကန်ထရိုက်တာတွေကို တိုက်တွန်းထားပါတယ်" လို့ ဆိုပါတယ်။

အမေရိကန်စစ်ဌာနချုပ်(Central Command)ကတော့ သူတို့ အီရန်ကို တိုက်ခိုက်တယ်လို့ဆိုတဲ့ ကြေညာချက်တွေမှာ တီဟီရန်အစိုးရအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို အသုံးပြုပြီး သင်္ဘောတွေကို ခြိမ်းခြောက်နိုင်တဲ့စွမ်းရည်ကို လျှော့ချဖို့ အဓိကရည်ရွယ်ထားတယ်လို့ပြောပါတယ်။​

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ ကုန်သွယ်ရေးမှာ အခရာကျတဲ့ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်နေပေမဲ့ အီရန်နဲ့ အမေရိကန် ပဋိပက္ခအတွင်း ပိတ်ဆို့ထားတဲ့လမ်းကြောင်းလည်း ဖြစ်နေပါတယ်။​

အီရန်မှာပြုလုပ်တဲ့ စစ်အောင်ပွဲ တစ်ခုအတွင်း ဖာရစီဘာသာစကားနဲ့ ရွက်အနီရောင်တွေ လွှင့်ထားတဲ့ သင်္ဘောတွေနဲ့ ဒုံးကျည်အချို့ ပြသထားတာကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အီရန်ဘက်မှာလည်း သိုလှောင်ထားတဲ့လက်နက်တွေ တစတစလျော့လာ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ်ဘက်က ဆုံးရှုံးမှုတွေဟာ အမေရိကန်ထက် အများကြီး ပိုကြီးမားပါတယ်။ ဒါ့အပြင် အီရန်ဟာ သုံးလိုက်ရတဲ့ လက်နက်နဲ့ ဆုံးရှုံးသွားတဲ့စစ်ရေးစွမ်းရည်တွေကို အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်စွမ်းကို လောလောလတ်လတ်မြင်ရဖို့ရာ မဖြစ်နိုင်ပါဘူး။

United Against Nuclear Iran အဖွဲ့ရဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဂျေဆင် ဘရော့စကီက "သုံးသပ်ချက်အများစုက အီရန်မှာ လက်နက်ခဲယမ်း သုံးချင်သလောက် သုံးနိုင်တဲ့အခြေအနေ ဆိုတာမျိုး ပုံဖော်ကြတယ်။" လို့ ပြောပါတယ်။

"အီရန်မှာလည်း အကန့်အသတ်တွေ ရှိတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ အမေရိကန် တိုက်ခိုက်လို့ အီရန်ရဲ့ကာကွယ်ရေးနယ်ပယ်ဟာ ပျက်စီးဆုံးရှုံးမှု အတိုင်းအဆ ကြီးတယ်'' လို့ သူက ဆိုပါတယ်။

အီရန်ဟာ သူလိုအပ်တဲ့ ''ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တခြားလက်နက်စနစ်တွေကို အတိုင်းအတာ တစ်ခုအထိ ထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်အောင် ဖျက်ဆီးခံထားရတယ်'' လို့လည်း သူက ပြောပါတယ်။​

ဂျေဆင် ဘရော့စကီကတော့ အီရန်ဟာ သူ့မှာ ကျန်နေသေးတဲ့လက်နက်ခဲယမ်းတွေကို ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်နိုင်စွမ်းမှာ ဆက်သုံးလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဒီအခြေအနေဟာ ထရမ့်ကို နိုင်မယ့်ဝှက်ဖဲလို့ တီဟီရန်ဘက်က မြင်ထားတာကြောင့်လို့လည်း သူက သုံးသပ်ပါတယ်။​

ဒါပေမဲ့ အီရန်ဟာ ဒီအပိုင်းမှာလည်း တဖြည်းဖြည်းအားနည်းလာနေပြီလို့ သူ ရှုမြင်ပါတယ်။​ "အီရန်အစိုးရအတွက် အချိန်က များများစားစား မကျန်တော့ဘူး" လို့ သူက ပြောပါတယ်။

အမေရိကန်အရာရှိတွေဟာ လက်နက်ခဲယမ်း သိုမှီးထားနိုင်တဲ့အပိုင်းကို အရှည်သဖြင့် မတွေးထားကြဘူးလို့ အမြင်ခံရမယ်ဆိုရင်တောင် အီရန်နဲ့ ဖြစ်နေတဲ့ပဋိပက္ခဟာ အမေရိကန်အတွက် ကိုင်တွယ်နိုင်သေးတဲ့အတိုင်းအတာမှာပဲ ရှိနေသးလို့ အမေရိကန်စစ်တပ်ရဲ့အဓိက ဦးစားပေးကိစ္စဖြစ်နေဆဲလို့ သူက သုံးသပ်ပါတယ်။

"အင်ဒို-ပစိဖိတ်ဒေသက ခြိမ်းခြောက်မှုက အခုအချိန်မှာ ခပ်ဝေးဝေးက ပြဿနာတစ်ခုပါ။ မူဝါဒချမှတ်သူတွေဟာ ဘယ်ကိစ္စကိုဦးစားပေးရမလဲဆိုတာ ရွေးချယ်ရတော့ လက်ရှိမှာ သမ္မတရဲ့အာရုံစိုက်မှုက အရှေ့အလယ်ပိုင်းမှာပဲ ရှိနေပါတယ်" လို့လည်း သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အီရန်က ပစ်မှတ်တစ်ခုကို ပစ်လွှတ်တဲ့ဒုံးကျည်မှန်သမျှ၊ ယူကရိန်း ရှေ့တန်းကို ပို့တဲ့ဒုံးကျည်မှန်သမျှ၊ ထိုင်ဝမ်ကိုကူညီတဲ့ဒုံးကျည်မှန်သမျှဟာ အမေရိကန် သိမ်းဆည်း သိုလှောင် စုစည်းထားတဲ့လက်နက်တိုက်ထဲကနေ ထွက်လာတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေပေမဲ့ ဝါရှင်တန်ဟာ လက်နက်တွေအလျင်မီအောင် ထုတ်လုပ်ရင်း ဒီပဋိပက္ခကို ကျော်လွှားနိုင်မယ်မလားဆိုပြီး လောင်းကြေးထပ််နေပါတယ်။​

ထိပ်ပိုင်းဓာတ်ပုံ - Getty