ကုန်သင်္ဘော ပစ်ခတ်ခံရပြီးနောက် အမေရိကန်က အီရန်ကို ပစ်ခတ်

အိုမန်နိုင်ငံ မူဆန်ဒမ် ကနေ ဟောမုဇ် ရေလက်ကြားထဲက သင်္ဘောတွေကို မြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိုမန်နိုင်ငံ မူဆန်ဒမ် ကနေ ဟောမုဇ် ရေလက်ကြားထဲက သင်္ဘောတွေကို မြင်ရစဉ်
    • ရေးသားသူ, ဘာ့ဒ် ဒဘွစ်မန်း ဂျူနီယာ
    • ရာထူးတာဝန်, အိမ်ဖြူတော် သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ပါရှန်ပင်လယ်ကွေ့မှာ ကုန်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီးနောက် ဒါဟာ အပစ်ရပ်ပြီးနောက်ပိုင်း အီရန်ရဲ့ "ရူးသွပ်တဲ့ သဘောတူညီချက်ဖောက်ဖျက်မှု" လို့ သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲကာ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းဆိုင်ရာ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ US Central Command စစ်ဌာနချုပ်ကတော့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေအပြင် ကမ်းရိုးတန်း ရေဒါတည်နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ ဒါဟာ ကြာသပတေးနေ့က ကုန်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်တာလို့လည်း ဆိုပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် ဒေသထဲမှာ ပိတ်မိနေတဲ့ သင်္ဘောသားတွေကို ကယ်ထုတ်ဖို့ စီစဉ်ထားတာတွေကို ရပ်ဆိုင်းထားခဲ့ရတယ်လို့ အမေရိကန်စစ်ဌာနချုပ်ဘက်က ဆိုပါတယ်။

အီရန်ကတော့ အဲဒီကုန်သင်္ဘောဟာ ပင်လယ်ကွေ့ကို ဖြတ်ရာမှာ ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းကို သုံးလို့ တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

အမေရိကန်ရဲ့တိုက်ခိုက်မှုအပြီးမှာ အီရန်က တဖန် အမေရိကန်ကို သူတို့နဲ့ ယာယီသဘောတူညီချက်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲကာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆက်စပ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့တရက်တုန်းက ဒရုန်းနဲ့တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုန့်ပြန်တာလို့ အမေရိကန် စစ်ဌာနချုပ် Centcom က ဖော်ပြပါတယ်။

"အီရန်တပ်ဖွဲ့တွေရဲ့ကုန်သင်္ဘောတွေအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ရန်စ တိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေးကို အတိအလင်း ချိုးဖောက်ရာရောက်တယ်" လို့ အမေရိကန် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

"ဒါ့အပြင် ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးလာဖို့ အဓိကကျတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးစင်္ကြံ လမ်းမကြီးကနေတဆင့် ဖြတ်သန်းတင်ပို့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။"

အမေရိကန်စစ်တပ်ဟာ "ရေလက်ကြားဖြတ်ကူးတဲ့ ကူးသန်းရောင်းဝယ်ရေးရေယာဉ်တွေ ဘေးကင်းစွာ ဖြတ်သန်းသွားလာရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးကူညီမှုတွေကို ဆက်လက်ပံ့ပိုးပေးသွားမယ်" လို့ လည်း စစ်ဌာနချုပ်ဘက်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန်လ ၂၇ ရက် စနေနေ့မနက်ပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး သူတို့ဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့ အတွက် "စာချုပ်ချိုးဖောက်တဲ့အမေရိကန်အစိုးရ" ကို အပြစ်တင်ခဲ့ပါတယ်။

အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့ ရေတပ်ဟာ ဒေသတွင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဘီဘီစီက အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကို ဆက်သွယ်ခဲ့ပါတယ်။

ဘာရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စနေနေ့ အစောပိုင်းတုန်းက အီရန်ဒရုန်းအများအပြားနဲ့သူတို့ နိုင်ငံ တိုက်ခိုက်ခံခဲ့ရပြီး ဒီလုပ်ရပ်ဟာ သူတို့ရဲ့အချုပ်အခြာအာဏာကို ထင်ထင်ရှားရှာချိုးဖောက်တာလို့ ဆိုကာ ရှုတ်ချခဲ့တဲ့အပြင် အီရန် အစိုးရ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ယုတ်လျော့သွားစေတယ်လို့ စွပ်စွဲထားပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစ်စင်း အမည်မသိ ဒုံးကျည်ထိမှန်ခဲ့ကြောင်း စနေနေ့က ယူကေရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေး (UKMTO) က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ထိန်းချုပ်ရေးစင်တာ ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောသားအားလုံး ဘေးကင်းလုံခြုံပြီး ပတ်ဝန်းကျင် အနေအထားလည်း ထိခိုက်မှုမရှိဘူးလို့ UKMTO က ဆိုပါတယ်။

ဟော်မုဇ် ရေလက်ကြားပြ မြေပုံ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင်ပြီးနောက် တီဟီရန်ဟာ ရေလက်ကြားကို အမြန်ပဲ ပိတ်ဆို့လိုက်ပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ဖို့ အရေးပါသော ဒီရေလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေ မြင့်တက်သွားပြီး ဓာတ်မြေဩဇာလို အခြားအရေးပါကုန်စည်တွေ တင်ပို့မှုကိုလည်း ရပ်တန့်သွားစေခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ ဇွန်လ ၁၇ ရက်နေ့က ရရှိတဲ့အချက် ၁၄ ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ ရန်လိုမှုတွေကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြပြီး အဲဒီစာချွန်လွှာမှာ ကုန်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရက်ပေါင်း ၆၀ ကြာ အခကြေးငွေမယူဘဲ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ရန် အီရန်ကို တောင်းဆိုထားပါတယ်။

အမေရိကန်ရဲ့တုံ့ပြန် တိုက်ခိုက်မှုအပြီးမှာ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ ပို့စ်တစ်ခုမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်အနေနဲ့ "သဘောတူညီချက် MOU ပါ အချက်တွေ အပေါ် သဘောထားကွဲလွဲ ရှိခဲ့ရင် ဖုန်းဆက် ပြောဆိုနိုင်တယ်" လို့ ရေးသားထားပါတယ်။

ဒါပေမယ့် "အကြမ်းဖက်မှုရှိလာရင် အကြမ်းဖက်မှုနဲ့ ပြန်ရင်ဆိုင်ရမယ်" လို့ သူက ထပ်လောင်းပြောကြားထားပါတယ်။

အီရန်ပါလီမန် အမျိုးသားလုံခြုံရေးကော်မရှင်အကြီးအကဲ အီဘရာဟင်အဇီဇီကတော့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားရာမှာ အမေရိကန်ဟာ "ညှိနှိုင်းဆွေးနွေးမှု အတောအတွင်းမှာ အီရန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်" လို့ ဆိုထားပါတယ်။

ဒါ့အပြင် "ဒီလိုမျိုး အပစ်ရပ်ထားစဥ် မဆင်မခြင် အပစ်အခတ် ချိုးဖောက်မှုဟာ ထုံးစံအတိုင်း သူတို့ဘက်ကနေ ဆုတ်ခွာရတာ၊ နောင်တရမှုတွေကိုသာ ဖြစ်ပေါ်စေလိမ့်မယ်။ အပြစ်ပြောကြားမှုတွေဟာ ယခုအခါမှာ အလုပ်မဖြစ်တော့ပါဘူး" လို့ ရေးသားထားပါတယ်။

အီရန် ဒရုန်းတိုက်ခိုက်မှုအပေါ် အမေရိကန်က ဘယ်လို့ တုံ့ပြန်နိုင်သလဲ၊ အပစ်ရပ် သဘောတူညီချက် ဆက်ရှိနေသေးလား ဆိုတဲ့ ပြီးခဲ့တဲ့ သောကြာနေ့မွန်းလွဲပိုင်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့မေးခွန်းတွေကို မစ္စတာထရမ့်က ငြင်းဆန်ခဲ့ပါတယ်။

"ခင်ဗျားတို့ သိပါလိမ့်မယ်" လို့သာ သူက ပြောကြားခဲ့ပါတယ်။

"သူတို့ မနေ့က ပစ်ခတ်ခဲ့တဲ့ကိစ္စကို ကျွန်တော် သဘောမတွေ့ဘူး။ သူတို့ ဒီလို မလုပ်သင့်ဘူး။" လို့လည်း မစ္စတာ ထရမ့်က ပြောပါတယ်။

အီရန်က ဒီလိုစစ်ဆင်ရေးကို ဘာကြောင့်လုပ်ခဲ့တယ်လို့ ယူဆသလဲလို့ မေးမြန်းခံရချိန်မှာတော့ထရမ့်က "သူတို့က သူများနဲ့မတူတာတော့ ရှိတယ်" လို့သာ ဖြေကြားခဲ့ပါတယ်။

မကြာခင် ရက်ပိုင်းတုန်းကတော့ ထရမ့်နဲ့ တခြားအမေရိကန်အရာရှိ အီရန်တွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေ ကောင်းမွန်စွာ တိုးတက်နေကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့သင်္ဘောတွေကို အခကြေးငွေကောက်ခံရေး အကြံပြုချက်မှန်သမျှ အီရန်က စွန့်လွှတ်လိုက်ပြီလို့ ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထရူ့သ် လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ပို့စ်တစ်ခုမှာ ထရမ့်က အီရန်ဟာ အမေရိကန်ကို "အခကြေးငွေ၊ အာမခံစရိတ်ကြေးနဲ့ တခြားဘယ်စရိတ်မျိုးကိုမှ ကောက်ခံတာ ဒါမှမဟုတ် လက်ခံတာမျိုး ရှိမှာမဟုတ်ဘူး" လို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

"ဒီအချက်အလက်တွေ မမှန်ဘူးဆိုရင် ညှိနှိုင်းဆွေးနွေးမှုတွေကို ချက်ချင်းအဆုံးသတ်မယ်" လို့ သူက ထပ်လောင်း ပြောကြားပါတယ်။

အီရန်ဟာ အခုအခါ ဟောမုဇ် ရေလက်ကြားကို ဖြတ်သွားတဲ့ ရေနံတင်သင်္ဘောတွေဆီကနေ အခကြေးငွေကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်က ရှုတ်ချခဲ့ပြီး ဒီလိုအခကြေးငွေကောက်ခံတဲ့ ဘယ်လိုစနစ်မျိုး မဆို နိုင်ငံတကာ ရေကြောင်းဥပဒေကို ချိုးဖောက်တာအဖြစ် လူအများက ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က အီရန်နဲ့ အိုမန်အရာရှိတွေဟာ "အနာဂတ် ရေကြောင်း သွားလာမှုဆိုင်ရာ စီမံခန့်ခွဲမှု" ကို ဆွေးနွေးဖို့ အိုမန်နိုင်ငံ မြို့တော် မာစကတ်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံစလုံးက "အခကြေးငွေ ပေးဆောင်စရာ မလိုဘဲ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းဖို့" အတွက် ကတိပြုထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အီရန် အဓိကညှိနှိုင်းရေးမှူး မိုဟာမက်ဘာဂါ ဂါလီဘက်က နိုင်ငံပိုင်သတင်းဌာနတွေကို ပြောကြားရာမှာတော့ "ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲတဲ့ပုံစံဟာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ပုံစံမျိုး ဘယ်တော့မှ ပြန်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိထားသင့်တယ်" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်နက် ထိမှန်ခဲ့တဲ့ ကုန်သင်္ဘောဟာ စင်ကာပူ အလံလွှင့်ထူထားတဲ့ Ever Lovely သင်္ဘောဖြစ်ပါတယ်။

ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီ (UKMTO)ရဲ့အဆိုအရ ဒီသင်္ဘောဟာ အိုမန်နိုင်ငံ ဆိပ်ကမ်း ဒဟစ် အရှေ့တောင်ဘက် ရေမိုင် ၇.၅ အကွာမှာ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

Ever Lovely သင်္ဘောဟာ UKMTO အကြံပြုထားတဲ့ ရေလက်ကြားဖြတ်သန်းမှုလမ်းကြောင်းကို လိုက်နာနေစဉ်အတွင်းမှာ ထိမှန်ခဲ့တာလို့ Evergreen သင်္ဘောရဲ့ပိုင်ရှင်က ပြောပါတယ်။

"သင်္ဘောသားအားလုံး ဘေးကင်းလုံခြုံပြီး သင်္ဘောနဲ့ ကုန်ပစ္စည်းအားလုံးလည်း ဘေးကင်းလုံခြုံပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီလို အခြေအနေတွေကြောင့် လက်ရှိမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) ဟာ စစ်ပွဲစကတည်းက အဓိက ရေကြောင်းလမ်းမှာ သောင်တင်နေတဲ့ သင်္ဘောသားပေါင်း ၁၁,၀၀၀ ကျော်ကို ကယ်ထုတ်ဖို့ အစီအစဥ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။