နေတိုးအဖွဲ့ရဲ့ဒေါ်လာ ဘီလျံ ၅၀ ကျော်တန် ဒုံးလက်နက် စီမံကိန်းအသစ်

ယူကေ ကမကထ လုပ်တဲ့ တာဝေးပစ် ဒုံးလက်နက် စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေ ကမကထ လုပ်တဲ့ တာဝေးပစ် ဒုံးလက်နက် စီမံကိန်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ယူကေနိုင်ငံအပါအဝင် နေတိုးအဖွဲ့ဝင် ၁၂ နိုင်ငံဟာ ဥရောပကို ကာကွယ်ဖို့ရာ တာဝေးပစ် ဒုံးကျည်စနစ်အသစ် တစ်ရပ်ကို လာမယ့် ၁၀ နှစ်အတွင်း ဖော်ဆောင်ဖို့ရာ ဒေါ်လာ ဘီလျံ ၅၀ ကျော် အသုံးပြုမယ်လို့ ကြေညာလိုက်ပါတယ်။

ယူကေနိုင်ငံ ဦးဆောင်တဲ့စစ်ရေး မဟာမိတ်တွေရဲ့ ဒီ ဒုံးစနစ် ပရောဂျက်အသစ်ကို "The Deep Precision Strike" ဆိုပြီး နာမည် ပေးထားပါတယ်။

ပစ်မှတ်တွေကို အစွမ်းကုန် အတိအကျ ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့စနစ်လို့ အဓိပ္ပာယ်ရပြီး Deep Strike လို့ အတိုကောက် ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။

ဒီ ဒုံးကျည် စီမံကိန်းအကြောင်း အမှတ် ၁၀ ‌ဒေါင်းနင်းလမ်းကနေ စတင် ထုတ်ဖော် ပြောဆိုလာခဲ့ပြီး တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာ ကျင်းပနေတဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိသျှဝန်ကြီးချုပ် ကီယာစတာမာက ဦးဆောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာထားပြီးဖြစ်တဲ့ မစ္စတာ စတာမာအတွက် အခု အန်ကာရာ အစည်းအဝေးဟာ ဝန်ကြီးချုပ်အဖြစ် သူနောက်ဆုံး တက်ရောက်တဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဆာကီယာ အတွက် နောက်ဆုံး တက်တဲ့ နေးတိုး ထိပ်သီး အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆာကီယာ အတွက် နောက်ဆုံး တက်တဲ့ နေးတိုး ထိပ်သီး အစည်းအဝေး

ဒီ တာဝေးပစ် ဒုံးကျည် လက်နက်စနစ်ဟာ နေတိုးအဖွဲ့ရဲ့အဆင့်အမြင့်ဆုံးလက်နက်တွေထဲက တစ်ခု ဖြစ်လာဖို့ရာ ရည်မှန်းထားပါတယ်။

မိုင် ၂၀၀ နီးပါး (ကီလိုမီတာ အနေနဲ့ ဆို ၃၀၀ နီးပါး) အကွာက ပစ်မှတ်တွေကို အတိတကျ တိုက်ခိုက် ချေမှုန်းနိုင်မယ့် ဒုံးလက်နက်မျိုး တည်ဆောက်ကြမှာ ဖြစ်ပါတယ်။

"နေးတိုးအဖွဲ့ဝင် ဥရောပမဟာမိတ်နိုင်ငံတွေ အားလုံးရဲ့လုံခြုံရေးကို စုပေါင်းကာကွယ်သွားဖို့ရာ လာမယ့်နှစ်ပေါင်းများစွာအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ကြတာ" ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဆာ ကီယာက ဆိုပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါးကလည်း အခုလို စီမံကိန်းမျိုး ထားရှိရတာဟာ လက်ရှိ နေထိုင်နေရတဲ့ကမ္ဘာကြီးဟာ ဘယ်လောက် အန္တရာယ်ကြီးမားနေသလဲဆိုတဲ့အပေါ် မဟာမိတ်တွေအားလုံး နားလည် သဘောပေါက်ထားတာကို ပြသနေတယ်လို့ ဆိုပါတယ်။

ပိုပြီး တောင့်တင်းကြံ့ခိုင်တဲ့နေတိုးထဲမှာမှ ပိုပြီးသန်မာတဲ့ဥရောပဖြစ်လာဖို့ရာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဝန်ကြီး ကူးပါးက ပြောပါတယ်။

ကာကွယ်ရေး ဘတ်ဂျက်တွေ တိုးသုံးဖို့ မဟာမိတ် နိုင်ငံတွေ သဘောတူထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေး ဘတ်ဂျက်တွေ တိုးသုံးဖို့ မဟာမိတ် နိုင်ငံတွေ သဘောတူထား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အထက်မှာ ပြောခဲ့သလို ဒီ ဒုံးလက်နက် စီမံကိန်းသစ်ကို ၁၀ နှစ်အထိ အချိန်ယူသွားမယ်လို့ ရည်ရွယ်ထားတာကြောင့် သက္ကရာဇ် ၂၀၃၀ ပြည့်ကျော်နှစ်တွေမှာမှ လက်တွေ့ အသုံးချနိုင်ဖို့ရာ အသင့် ဖြစ်လာမှာပါ။

အခုလက်ရှိအချိန်မှာတော့ နေတိုးအဖွဲ့ထဲမှာ အမေရိကန်နဲ့ ကျန်အဖွဲ့ဝင်နိုင်ငံတွေကြား ဆက်ဆံရေးဟာ အရင်ကာလတွေနဲ့ နှိုင်းယှဥ်ရင် နွေးထွေးမှု မရှိ ဖြစ်နေပါတယ်။

နေတိုး အဖွဲ့တစ်ခုလုံးရဲ့ဝန်ကို အမေရိကန်က ထမ်းထားရတယ်လို့ ရှုမြင်ထားတဲ့ သမ္မတထရမ့်က ကျန် နိုင်ငံတွေအားလုံး ကိုယ်စီ အချိုးကျ အသုံးစရိတ်တွေ ထည့်ဝင်ကြဖို့ ဖိအားပေးနေခဲ့ပါတယ်။

အခုဆိုရင် ၂၀၃၅ အမှီ ကာကွယ်ရေးအသုံးစရိတ်ကို တစ်နိုင်ငံချင်းစီ အနေနဲ့ ကိုယ့်နိုင်ငံ GDP ရဲ့ ၅% အထိ အနည်းဆုံးသုံးစွဲသွားဖို့ နေတိုး အဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးက သဘောတူထားကြပါတယ်။

အခုရက်ပိုင်းကပဲ နေတိုး အတွင်းရေးမှူးချုပ် မာ့ခ် ရူတာက ရုရှားကိုကြည့်ရင် သူတို့ အသုံးစားရိတ် ဘတ်ဂျက်အားလုံးရဲ့ထက်ဝက်ကို စစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ် ပိုင်ဆိုင်နိုင်ရေးမှာ ပုံအော သုံးစွဲနေပြီး စစ်လက်နက် တပ်ဆင်‌ရေးကို ၂၄ နာရီပတ်လုံး အာရုံစိုက်ထားတာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ တိုးမြင့် ကြုံနေရတယ်လို့ ယူကေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ တိုးမြင့် ကြုံနေရတယ်လို့ ယူကေပြော

အခု အန်ကာရာ အစည်းအဝေးမှာ ယူကေနိုင်ငံက အာရုံစိုက်ပြောမယ့်အထဲ ရုရှားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်လည်း အဓိကပါဝင် နေပါတယ်။

နေးတိုးအဖွဲ့ ဝင် မဟာမိတ်နိုင်ငံအသီးသီးရဲ့ ‌ဝေဟင်ပိုင်နက်တွေဆီ ရုရှားလေယာဥ်တွေ ချဉ်းကပ်လာတဲ့အတွက် ကြားဖြတ် ဟန့်တားခဲ့ရတဲ့ အကြိမ်ပေါင်း ၇၀၀ ကျော် ရှိခဲ့ပြီး ယူကေရဲ့ ရေပြင် ပိုင်နက်အနီး ရုရှားစစ်တပ် လှုပ်ရှားမှုဟာ ရာခိုင်နှုန်း ၃၀ မြင့်တက်လာတယ်လို့ ယူကေ အစိုးရက ထုတ်ပြောထားနှင့်ပြီး ဖြစ်ပါတယ်။

နေးတိုးအဖွဲ့အနေနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ရာ ရည်ရွယ်ထားတာ မဟုတ်ပေမဲ့ အဖွဲ့ဝင် နိုင်ငံ အသီးသီးကို အကာအကွယ် ပြုပေးနိုင်ရေးအသင့် ရှိနေဖို့တော့လိုတယ်ဆိုပြီး ဆာ ကီယာက ဆိုပါတယ်။

အခု ဒုံးလက်နက်ရဲ့တတ်နိုင်စွမ်းဟာ တစ်ဖက်က စစ်ရေး ပစ်မှတ်တွေ၊ ထောက်ပို့ ယန္တရားတွေကို အတိတကျ ချေမှုန်းနိုင်ရေးအတွက် ရည်ရွယ်ထားပြီး ရန်လိုသူတွေကို ဟန့်တားနိုင်ရေး အဓိကဖြစ်တယ်လို့ ဗြိတိန်ရဲ့နိုင်ငံခြား‌ရေးဝန်ကြီး ဖြစ်တဲ့ မစ္စ ကူးပါးကလည်း ပြောပါတယ်။

"နေးတိုးအဖွဲ့ဟာ ပိုပြီး တောင့်တင်းလာပြီး ဥ‌ရောပပိုဆန်လာပြီဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်စွမ်းလည်း ရေရှည် အတွက်ပါ အသင့် ရှိနေတဲ့အကြောင်း အခု အန်ကာရာ အစည်းအ‌ဝေးကနေ ရုရှား သမ္မတ ပူတင်ဆီ ရှင်းလင်း ပြတ်သားတဲ့ သတင်းစကား ပါးမှာဖြစ်တယ်" လို့လည်း ဝန်ကြီး ကူးပါးက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကလည်း ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှု တိုးလာနေတာကြောင့် ယူကရိန်းရဲ့မဟာမိတ်တွေအနေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ပေးဖို့ နေတိုး ထိပ်သီးဆွေးနွေးပွဲမှာပြောတဲ့ သူ့မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

ယူကရိန်းဟာ ရုရှားကို တန်ပြန်တိုက်ခိုက်ဖို့ တာဝေးပစ် ဒရုန်းတွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တိုးလုပ်ပြီး ရုရှားရဲ့ ရေနံချက်စက်ရုံတွေ၊ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်လေလို့ ရုရှားမှာ လောင်စာဆီနဲ့ လျှပ်စစ်ပြတ်တောက်မှုတွေဖြစ်နေပါတယ်။

''တာဝေးစနစ်တွေကို ယူကရိန်းတပ်ဖွဲ့တွေက အကျိုးရှိရှိအသုံးချခဲ့တာကိုကြည့်ရင် ဒီလက်နက်တွေဟာ တိုက်ပွဲမှာ အလှည်အပြောင်းကို ဆောင်ကျဉ်းနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်'' လို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ရုရှားရဲ့ ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမစ်ထရီ ပတ်ရှ်ကော့ဗ်ကတော့ ၂၀၂၂ ခုနှစ်မှာ ကျူးကျော်မှုစတင်ခဲ့တဲ့ရုရှားဟာ အန်ကာရာမြို့က ထိပ်သီးဆွေးနွေးပွဲကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

နေတိုးဆီကနေ ယူကရိန်း ဘယ်လိုလက်နက်ပဲရရ ရုရှားရဲ့ရည်မှန်းချက်တွေ မပြည့်မချင်း ယူကရိန်းကို လုပ်နေတဲ့ ရုရှားစစ်ဆင်ရေးတွေကို ဟန့်တားနိုင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

''ဒီထိပ်သီးဆွေးနွေးပွဲ စတင်ပြင်ဆင်တာနဲ့ဆက်စပ်ပြီး ကြေညာချက်တွေထဲမှာ ကျွန်တော်တို့ နိုင်ငံအကြောင်း ထည့်ပြောနေတာတွေရှိတယ်'' လို့ ရုရှားပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။

''ကျွန်တော်တို့ဘက်က အမြင်ဆိုရင်တော့ ဒီကြေညာချက်တွေဟာ အပြုသဘောမဆောင်ဘဲ ထိပ်တိုက်တွေ့တဲ့သဘောဆောင်တဲ့ကြေညာချက်တွေဖြစ်နေတယ်''

''ဒီပဋိက္ခကို နိုင်ငံရေးနည်း၊ သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာတာဟာ လက်ခံနိုင်စရာလမ်းကြောင်းအဖြစ် ဆက်ရှိနေပါတယ်'' လို့လည်း သူက ပြောပါတယ်။