တောင်ကိုရီးယားမှာ နှောင့်ယှက်သူကို အချိန်နဲ့တပြေးညီ ခြေရာခံနိုင်မယ့် App စသုံး

အမျိုးသမီးတွေဦးတည်သတ်ဖြတ်ခံနေရတာ ရပ်တန့်ပေးဖို့ ဆိုင်းဘုတ်ကိုင်ဆန္ဒပြပွဲတစ်ခု
ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေနောက်ကလိုက် အနှောင့်ယှက်ခံနေရတာကို ကန့်ကွက်ပွဲတစ်ခု
    • ရေးသားသူ, ရစ်ချတ်ကင်မ်၊ ယူဂျင်ချွဲ
    • ရာထူးတာဝန်, ဘီဘီစီ (ကိုရီးယားဘာသာစကားဌာန)
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

သတိပေးချက် - ဒီသတင်းမှာ စိတ်ထိခိုက်စေနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဖော်ပြချက်တွေနဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

တောင်ကိုရီးယားမှာ လျှပ်စစ်ခြေကျင်း တပ်ဆင်စောင့်ကြည့်ခံနေရတဲ့ နှောင့်ယှက်သူတွေ ဘယ်နေရာမှာရောက်နေတယ်ဆိုတာကို နှောင့်ယှက်ခံရသူတွေက အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်းကို ဇွန် ၂၄ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ နှောင့်ယှက်ခံရသူတွေရဲ့ လုံခြုံရေးကို ပိုမိုကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

ဒီ App ကို တရားရေးဝန်ကြီးဌာနက ဖန်တီးထားတာဖြစ်ပြီး လျှပ်စစ်ခြေကျင်းစောင့်ကြည့် ကိရိယာကနေ ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုလို့ နှောင့်ယှက်သူရဲ့ တည်နေရာကို မြေပုံပေါ်မှာ အချိန်နဲ့တပြေးညီ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ နှောင့်ယှက်သူက သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်း ရောက်လာရင် စောင့်ကြည့်ရေးစင်တာကို သတိပေးချက် ပေးပို့မှာဖြစ်ပြီး အဲဒီစင်တာကနေ ရဲတပ်ဖွဲ့ ဒါမှမဟုတ် ပြစ်ဒဏ်ကြီးကြပ်ရေးအရာရှိကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က ထုတ်ခဲ့တဲ့ App ဗားရှင်းမှာတော့ နှောင့်ယှက်ခံရသူတွေဟာ နှောင့်ယှက်သူရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ အီလက်ထရွန်နစ်စောင့်ကြည့်ရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက် နှောင့်ယှက်သူတွေရဲ့ တည်နေရာကို ခြေရာခံနိုင်လာတာ ဖြစ်ပါတယ်။

ဒီထပ်တိုးထည့်သွင်းထားတဲ့ တည်နေရာအချက်အလက်တွေက အထူးသဖြင့် အမျိုးသမီးတွေကိုလည်း ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

"ဒီ App က အနီးအနားက လမ်းတွေနဲ့ အဆောက်အအုံတွေကိုလည်း ဖော်ပြပေးမှာဖြစ်လို့ နှောင့်ယှက်ခံရသူတွေ ဘေးလွတ်ရာကို ပိုမြန်မြန် ရောက်နိုင်အောင် အထောက်အကူဖြစ်စေမှာပါ" လို့ တရားရေးဝန်ကြီးဌာန လက်အောက်က ဗဟိုအီလက်ထရွန်နစ်စောင့်ကြည့်ရေးစင်တာ အကြီးအကဲ လင် ဟပ်ဂျော့ က ဘီဘီစီကိုရီးယားဌာနကို ပြောပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ဗဟိုအီလက်ထရွန်နစ်စောင့်ကြည့်ရေးစင်တာ အကြီးအကဲ လင် ဟပ်ဂျော့က အချိန်နဲ့တပြေးညီ တည်နေရာခြေရာခံစနစ်ကို သရုပ်ပြနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ Yujin Choi

ဓာတ်ပုံ ပုံစာ, ဘီဘီစီနဲ့ အင်တာဗျူးမှာ ဗဟိုအီလက်ထရွန်နစ်စောင့်ကြည့်ရေးစင်တာ အကြီးအကဲ လင် ဟပ်ဂျော့က အချိန်နဲ့တပြေးညီ တည်နေရာခြေရာခံစနစ်ကို သရုပ်ပြနေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တောင်ကိုရီးယားမှာ ဖြစ်ပွားနေတဲ့ လိုက်လံနှောင့်ယှက်မှုတွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နည်းပညာတစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

တောင်ကိုရီးယားမှာ အမျိုးသမီးတွေကို နောက်ကလိုက်နေပြီး နှောင့်ယှက်မှုကို ၂၀၂၁ ခုနှစ်မှပဲ ပြင်းထန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေတွေ ရှိပေမယ့် အဲဒီဥပဒေတွေက အဓိကအားဖြင့် အိမ်ထောင်ဖက်တွေအပေါ်သာ အကျုံးဝင်ပြီး လက်မထပ်ရသေးတဲ့ ချစ်သူစုံတွဲတွေကို လုံလောက်တဲ့ အကာအကွယ်မပေးနိုင်သေးပါဘူး။ ဒါကြောင့် ဗြိတိန်လို နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဥပဒေရေးရာအရ ကွာဟချက်ကြီးတွေ ရှိနေဆဲဖြစ်ပါတယ်။

"ကိုရီးယားလူ့အဖွဲ့အစည်းမှာ လိုက်လံနှောင့်ယှက်မှု ဒါမှမဟုတ် ချစ်သူကြား အကြမ်းဖက်မှုကို ကျူးလွန်သူတွေဟာ အပြစ်ပေးအရေးယူခံရမှာကို မကြောက်ဘဲ လုပ်ဆောင်တတ်ကြတယ်" လို့ ဥပဒေပြုသုတေသီ ဟျိုမင်ဆွတ်က ပြောပါတယ်။

အဲဒီတော့ အခုထုတ်လိုက်တဲ့နည်းပညာက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မှာလား။

ပိုမိုတင်းကျပ်တဲ့ ကာကွယ်မှု လိုအပ်

ဆိုးလ်မြို့ က ရထားဘူတာရုံတစ်ခုအပြင်ဘက်မှာ ၂၀၂၂ ခုနှစ်က ချိတ်ဆွဲထားတဲ့ မှတ်ချက်တွေထဲကတစ်ခုမှာ အမျိုးသမီးဝန်ထမ်းတစ်ဦးကို လိုက်လံနှောင့်ယှက်သူက သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်းမှာ 'ဒီနိုင်ငံ ပြောင်းလဲဖို့ အမျိုးသမီးတွေ ဘယ်လောက်ထပ်သေဆုံးရဦးမလဲ' လို့ ရေးသားထားပါတယ်။
ဓာတ်ပုံ ပုံစာ, ဆိုးလ်မြို့ က ရထားဘူတာရုံတစ်ခုအပြင်ဘက်မှာ ၂၀၂၂ ခုနှစ်က ချိတ်ဆွဲထားတဲ့ မှတ်ချက်တွေထဲကတစ်ခုမှာ အမျိုးသမီးဝန်ထမ်းတစ်ဦးကို လိုက်လံနှောင့်ယှက်သူက သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်းမှာ 'ဒီနိုင်ငံ ပြောင်းလဲဖို့ အမျိုးသမီးတွေ ဘယ်လောက်ထပ်သေဆုံးရဦးမလဲ' လို့ ရေးသားထားပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၅ ခုနှစ်က ရဲတပ်ဖွဲ့က စတင်မိတ်ဆက်ခဲ့တဲ့ စမတ်နာရီ (smartwatch) စနစ်တစ်ခုကလည်း လိုက်နှောင့်ယှက်ခံရသူတွေအနေနဲ့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ သူတို့ရဲ့ တည်နေရာကို ရဲတပ်ဖွဲ့ကို အသိပေးနိုင်စေခဲ့ပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူရဲ့ တည်နေရာကိုမူ အသိပေးနိုင်တာမရှိခဲ့ပါဘူး။ ဒါကြောင့် အဲဒီစနစ်က ခံရသူတွေကို လုံလောက်စွာ မကာကွယ်နိုင်ဘူးလို့ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

တောင်ကိုရီးယားမှာ ရှိပြီးသား ကာကွယ်ရေးနည်းပညာတွေကို ဝေဖန်သံတွေ ပြန်ပြီး ပြင်းထန်လာခဲ့တာက ၂၀၂၆ မတ်လမှာပါ။ အဲဒီအချိန်မှာဆိုးလ်မြို့တော်နားက နေရာတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို၊ သူနဲ့ ဆက်ဆံရေးပြတ်ပြီးနောက် သူ့ကို လိုက်လံနှောင့်ယှက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ယောက်က ဓားနဲ့ထိုးပြီး သတ်ခဲ့ပါတယ်။

သူ့ မှာ ရဲက ထုတ်ပေးထားတဲ့ စမတ်နာရီ (smartwatch) တစ်လုံးရှိပြီး၊ တရားခံကိုလည်း သူ့ အနားမကပ်ရအောင် တားမြစ်မိန့် ထုတ်ပြန်ထားပြီးသားပါ။ တကယ်တော့ အဲဒီတိုက်ခိုက်မှု မဖြစ်ခင် ၂ မိနစ်လောက်အလိုမှာပဲ အမျိုးသမီးက အဲဒီနာရီရဲ့ အရေးပေါ် ခလုတ်ကို နှိပ်ခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ အီဂျေမြောင်ကတော့ နှောင့်ယှက်ခံရတဲ့ သားကောင်တွေကို ပိုပြီးတင်းကျပ်တဲ့ ကာကွယ်မှုတွေလုပ်ပေးဖို့ အာဏာပိုင် အရာရှိတွေကို ညွှန်ကြားခဲ့ပါတယ်။ အထူးသဖြင့် ပြစ်မှုကျူးလွန်သူရဲ့ တည်နေရာကို ပိုမြန်မြန် သိနိုင်မယ့် နည်းလမ်းတွေကိုလည်း လုပ်ဆောင်ဖို့ ထည့်သွင်းညွှန်ကြားခဲ့တာပါ။

တရားရေးရာဌာနကတော့ ဒီ နောက်ယောင်ခံလိုက်စနစ်သစ်ကြောင့် ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမယ့် ကိုရီးယား အမျိုးသားရဲတက္ကသိုလ်က ပါမောက္ခ ဟန် မင်ကျွန်း ကတော့ ဒီ app က သိပ်ထူးခြားတဲ့ ပြောင်းလဲမှုမဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်။ အကြောင်းကတော့ လက်ရှိမှာ ပြစ်မှုကျူးလွန်သူတွေထဲက အီလက်ထရောနစ်စောင့်ကြည့်ရေးကိရိယာဝတ်ဆင်ရတဲ့ သူအရေအတွက်က အကန့်အသတ်နဲ့ပဲရှိနေလို့ပါ။

ဒီအက်ပ်အသစ်ကို သုံးဖို့ အဆိုပြုချက်ကလည်း ကိုယ်ရေးလုံခြုံမှုနဲ့ စောင့်ကြည့်မှု အကြောင်းကို ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒေါင်ဂုပ် တက္ကသိုလ်က ပါမောက္ခ ကွက်ဒေးကျွန် ကတော့ လိုက်နှောင့်ယှက်ခံရသူတွေက နှောင့်ယှက်သူကို အချိန်နဲ့တပြေးညီ သိနိုင်တာက လက်တွေ့အရ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နောက်ယောင်ခံလိုက်တာလို ကိစ္စတွေမှာ ပြစ်မှုဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တစ်ခုတည်းအပေါ်မူတည်ပြီး လူတစ်ယောက်ကို အီလက်ထရောနစ် ခြေကျင်းစောင့်ကြည့်ရေးကိရိယာ ဝတ်ခိုင်းတာမျိုးက လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တယ်" လို့ သူက ဆိုပါတယ်။

သူက ဒီကိစ္စကို လူထုကြားမှာ ပိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ အဲဒီအပြင် ဒီ app ကို သုံးတဲ့အခါ ခံရသူတွေဘက်က ခံစားရမယ့် အတွေ့အကြုံအပေါ်မှာလည်း စိုးရိမ်မှုတွေရှိပါတယ်။

"နောက်ကလိုက်နှောင့်ယှက်ခံရသူက အရမ်းကြောက်လန့်သွားနိုင်တယ်လို့ ထင်ပါတယ်… ဒါကြောင့် ပြစ်မှုကျူးလွန်ဖို့ကြိုးစားသူ ရှိနေတဲ့ တည်နေရာကို ဆက်တိုက်ပြပေးနေတာက တကယ်တမ်းမှာ ခံရသူကို ပြန်လည်နာလန်ထူပြီး ပုံမှန်ဘဝပြန်ရအောင် ကူညီပေးနိုင်မယ့် ထောက်ကူပေးတာတစ်မျိုးလားဆိုတာကို သေချာစဉ်းစားဖို့ လိုပါတယ်" လို့ ပါမောက္ခ ဟန် မင်ကျွန်းက ဘီဘီစီတောင်ကိုရီးယားဘာသာစကားဌာနကိုပြောပါတယ်။

လိုက်လံနှောင့်ယှက်မှု တိုင်ကြားမှုတွေ ၂ ဆ တိုးလာ

မီးမှိန်မှိန်ပဲ ရှိနေတဲ့ မြေအောက် ယာဥ်ရပ်နားရာနေရာတစ်ခုမှာ ခေါင်းစွပ်ဝတ်ထားတဲ့လူတစ်ယောက်က အမျိုးသမီးတစ်ယောက် အနောက်ကို လိုက်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားမှာ နောက်ယောင်ခံလိုက်တာနဲ့ ချစ်သူဆက်ဆံရေးဆိုင်ရာ သတ်ဖြတ်မှုတွေတိုးလာနေတဲ့အတွက် ဥပဒေတွေကို ပိုမိုတင်းကျပ်အောင် ပြင်ဆင်လုပ်ဆောင်နေအပါတယ်။ (ဓာတ်ပုံက ယခုဆောင်းပါးနဲ့ တိုက်ရိုက်မသက်ဆိုင်ပါ)

တောင်ကိုရီးယားမှာ ၂၀၂၁ ခုနှစ်က လိုက်လံနှောင့်ယှက်မှုတားဆီးရေးဥပဒေကို စတင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥပဒေအရ ပြစ်မှုကျူးလွန်သူတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေအမြင့်ဆုံး ကိုရီးယားဝမ် သန်း ၃၀ (ဒေါ်လာ ၁၉,၆၀၀ ခန့်) အထိ ချမှတ်နိုင်ပါတယ်။ အရင်စနစ်ကတော့ ဒီလိုအမှုတွေကို အဓိကအားဖြင့် မသင့်တော်တဲ့ အပြုအမူလို့ပဲ သတ်မှတ်ပြီး ပြစ်ဒဏ်တွေကလည်း မကြီးခဲ့ပါဘူး။

ရဲအရေးပေါ် ခေါ်ဆိုမှုစင်တာတွေရဲ့ အချက်အလက်အရ ဒီဥပဒေ အသစ်ထွက်လာပြီးနောက် နောက်ယောင်ခံလိုက်တာကို တိုင်ကြားမှုတွေက နှစ်ဆကျော်တက်လာခဲ့ပါတယ်။

ဒါပေမယ့် ကိုရီးယား ဥပဒေပညာရှင်တချို့ကတော့ လက်မထပ်ထားတဲ့ စုံတွဲတွေကြား အကြမ်းဖက်မှုကို သီးသန့်ထိန်းချုပ်တဲ့ ဥပဒေမရှိသေးတာကြောင့် ဥပဒေစနစ်ထဲမှာ လစ်ဟာချက်တွေရှိနေတယ်လို့ ပြောကြပါတယ်။

"အိမ်ထောင်သည်တွေကြားက အကြမ်းဖက်မှုတောင် မသိမသာထားခံရတယ်။ ဒါကြောင့် လက်မထပ်ထားတဲ့သူတွေကြားဆိုရင် ပိုပြီးတော့တောင် လျစ်လျူရှုခံရနိုင်တယ်" လို့ ဥပဒေမူဝါဒ သုတေသနပညာရှင် ဟျိုမင်ဆွတ် က ပြောပါတယ်။

သမီးရည်းစားဆက်ဆံရေးတွေထဲမှာ ဖြစ်နိုင်တဲ့ အကြမ်းဖက်မှုတွေက ဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတဲ့ လူမှုအသိအမြင်က ယေဘုယျအားဖြင့် နည်းနေသေးတယ်လို့ သူက ပြောပါတယ်။ အဲဒီအပြင် အကြမ်းဖက်မှုက လူသတ်မှုလောက် အလွန်အကျူးမဖြစ်သရွေ့တော့ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးတာ၊ အပြစ်ပေးတာတွေကို လူတွေက မြင်ရလေ့မရှိပါဘူး။ အဲဒါကြောင့် ဒီလိုအမှုတွေက "အသေးအမွှားပါ" ဆိုတဲ့ အမြင်ကို ပိုပြီးခိုင်မာစေသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

သမီးရည်းစားဆက်ဆံရေးက အကြမ်းဖက်မှုကိစ္စတွေမှာ ကာကွယ်ရေးအတွက် ဥပဒေတိကျတဲ့ အခြေခံမရှိသေးတာက အခုအချိန်မှာ ပြုပြင်ဖို့ အရေးအကြီးဆုံးကိစ္စတစ်ခုဖြစ်တယ်လို့ အမျိုးသားရဲအေဂျင်စီက ဘီဘီစီကိုရီးယားဘာသာစကားဌာနကို ပြောထားပါတယ်။

၂၀၂၂ ခုနှစ်မှာ အမျိုးသမီး မြေအောက်ရထားဘူတာဝန်ထမ်းတစ်ဦး အသတ်ခံခဲ့ရတဲ့နေရာမှာ ကပ်ထားတဲ့ စာတိုလေးတွေ၊ ပန်းစည်းတွေချထားတာလည်း တွေ့နိုင်ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်မှာ အမျိုးသမီး မြေအောက်ရထားဘူတာဝန်ထမ်းတစ်ဦး အသတ်ခံခဲ့ရတဲ့နေရာမှာ ကပ်ထားတဲ့ စာတိုလေးတွေက လူတွေရဲ့ ဒေါသနဲ့ ကြောက်ရွံ့မှုကို ဖော်ပြနေပါတယ်။

လိုက်လံနှောင့်ယှက်မှုက မရပ်တန့်ခဲ့ဘူး

အာဏာပိုင်တွေ လက်ရှိသုံးနေတဲ့ ဒီနည်းပညာဖြန့်ဝေတဲ့စနစ်ကိုတော့ ဝေဖန်မှုတွေရှိနေပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ခံရသူတွေကို ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့တာရယ် အထူးသဖြင့် တိုက်ခိုက်မှုတွေ၊ လူသတ်မှုတွေကို မတားဆီးနိုင်ခဲ့တာကြောင့်ပါ။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် သြဂုတ်လအထိအတွင်း လူသတ်မှု ဒါမှမဟုတ် လူသတ်ရန်ကြိုးပမ်းခံရမှု အမှုစုစုပေါင်း ၂၃ ခုမှာ အကာအကွယ်အတွက် လုံခြုံရေးနာရီပေးထားတဲ့ ခံရသူတွေပါဝင်တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ရဲ့ အချက်အလက်ကို ကိုးကားပြီး ဒီမိုကရက်ပါတီ လွှတ်တော်အမတ် လီ ကွမ်ဟီးက ဆိုပါတယ်။

မင်ဂျီ (အမည်လွှဲ) ကတော့ သူ့ကို လုံခြုံရေးနာရီ ပေးထားပေမယ့်လည်း အခုထိတော့ ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိသလို ခံစားနေရတယ်လို့ ဆိုပါတယ်။

မင်ဂျီကို နောက်ကလိုက်နှောင့်ယှက်သူကတော့ သူ့ရဲ့ ရည်းစားဟောင်းပါ။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ သူတို့ စတင်တွဲပြီး တစ်လအကြာမှာပဲ သူ့ ကို ပထမဆုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ အပြောအရ ရည်းစားဖြစ်သူက သူ့ရဲ့ ဖုန်းကို အလွန်အမင်း စစ်ဆေးကြည့်ရှုတာ၊ သူသွားလာနေရာတွေကို စောင့်ကြည့်တာ၊ ပြီးတော့ သူ့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ အနှောင့်အယှက်ပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အနက်ရောင်အင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် စားပွဲနောက်မှာ ထိုင်နေတာပါ။ သူ့ပုံကို ဝါးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ Yujin Choi

ဓာတ်ပုံ ပုံစာ, မင်ဂျီဟာ သူ့ရဲ့ ရည်းစားဟောင်း ထောင်ကနေ ပြန်လွတ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကို အရမ်းကြောက်နေတယ်လို့ ဆိုပါတယ်။

"ကျွန်မက သူ့ကို ဖုန်းပြမပေးလို့ သူက ကျွန်မကို သူ့ကားထဲမှာ ပိတ်ထားခဲ့ပြီး၊ အဲဒီနောက်မှာ ၂ နာရီလောက် မညှာမတာ ရိုက်နှက်ခဲ့တယ်" လို့ ဆိုပါတယ်။ သူ အဲဒီလို ရိုက်ခံရလို့ နှာခေါင်းကျိုးသွားပြီး ခွဲစိတ်ကုသမှုလည်းခံခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တရားရုံးက နောက်ယောင်ခံ ဖြစ်နိုင်ခြေလို့ သတ်မှတ်ပြီး ကြားဖြတ်ကာကွယ်ရေး အစီအမံတွေ ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ သူ့ရည်းစားဟောင်းကို သူနဲ့ မီတာ ၁၀၀ အတွင်း မလာရ၊ ပြီးတော့ တယ်လီကွန်မြူနီကေးရှင်း (ဖုန်း၊ မက်ဆေ့စတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ) က တဆင့်လည်း မဆက်သွယ်ရဆိုတဲ့ အမိန့်တွေ ပါဝင်ပါတယ်။

မင်ဂျီ့ကို ရဲက လုံခြုံရေးနာရီထုတ်ပေးထားပြီး အဲဒီနာရီကနေ အရေးပေါ်အချက်ပြ ပို့နိုင်ပါတယ်၊ သူ့ရဲ့ တည်နေရာကိုလည်း ပြနိုင်ပါတယ်။ အဲဒီအခါ နီးစပ်ရာ ရဲအရာရှိတွေက အမြန်ဆုံး သွားရောက်ကူညီနိုင်အောင် စနစ်ချထားတာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ တရားရုံးဆုံးဖြတ်ချက်တွေ အရ သူ့ ရဲ့ ရည်းစားဟောင်းက အဲဒီအမိန့်ကို အကြိမ်ပေါင်း ၁၀၀ နီးပါး ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ရှိချက်ကို နောက်ပိုင်းမှာ တရားလွှတ်တော်ချုပ်ကလည်း အတည်ပြုထားပါတယ်။

တောင်ကိုရီးယား အမျိုးသားရဲအေဂျင်စီက ဘီဘီစီကို ပေးတဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ်မှာ တရားရုံးတွေက ထုတ်ပြန်ထားတဲ့ နောက်ယောင်ခံမှုအတွက် ကြားဖြတ်ကာကွယ်ရေး အမိန့် တွေထဲ ၁၀ ခုမှာ တစ်ခုလောက်က နောက်ပိုင်းမှာ ချိုးဖောက်တာတွေရှိတယ်လို့ ဆိုပါတယ်။

မင်ဂျီကတော့ သူ့ ရဲ့ နောက်ယောင်ခံသူ ထောင်ကနေ ပြန်လွတ်လာမယ့်နေ့ကို အရမ်းကြောက်နေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားတရားရုံးချုပ်က ၂၀၂၅ ခုနှစ်မှာ သူ့ ရဲ့ ရည်းစားဟောင်းကို ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး၊ နောက်ယောင်ခံသူတွေကို စိတ်ပိုင်းဆိုင်ရာ ကုသမှုအစီအစဉ် နာရီ ၄၀ ကို ပြီးစီးအောင်လုပ်ဖို့လည်းအမိန့်ချမှတ်ခဲ့ပါတယ်။

မင်ဂျီကတော့ "ကျွန်မ ထပ်ပြီး ပြေးရမယ်ထင်တယ်။ အခုနောက်ပိုင်း ကျွန်မအများဆုံး စဉ်းစားမိတာက ဒီကိစ္စက ကျွန်မသေသွားမှပဲ အဆုံးသတ်မှာလား" လို့ သူ့စိုးရိမ်ချက်ကို ပြောပါတယ်။

အမိန့်တွေကို မလိုက်နာ၊ သတိပေးချက်ကိုလည်း လွတ်သွားခဲ့

မှောင်ထားတဲ့နေရာကနေ အပြင်ဘက်ကို မျှော်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, BBC/ Yujin Choi

ဓာတ်ပုံ ပုံစာ, ယူရီရဲ့ အစ်မကတော့ သူ့ အသက် ၂၀ ကျော်အရွယ်မှာပဲ သူ့ကို နောက်ယောင်ခံနှောင့်ယှက်သူရဲ့ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လိုက်ပြီးနှောင့်ယှက်သူတွေရဲ့ ကျူးလွန်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကလည်း အကာအကွယ်ပေးတဲ့ အစီအမံတွေချထားပေးပေမဲ့ ရဲတွေဘက်က ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာ စိတ်ပူကြပါတယ်။

ယူရီ ရဲ့ အစ်မကတော့ တောင်ကိုရီးယား မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း၊ သူ့ရည်းစားဟောင်း ရဲ့ သတ်ဖြတ်မှုခံခဲ့ရပါတယ်။ သူတို့ရဲ့ ဆက်ဆံရေး ပြတ်သွားပြီးနောက် ဖြစ်ခဲ့တာပါ။ သတ်ဖြတ်ခံရတဲ့ညမှာ သူက အစားအသောက်ပို့သူ လာတယ်လို့ ထင်ပြီး တံခါးဖွင့်ပေးလိုက်ပေမဲ့ ရည်းစားဟောင်းက တံခါးဖောက်ဝင်ဖို့ နာရီပေါင်းများစွာ စောင့်နေခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

စီစီတီဗီမှတ်တမ်းအရ ယူရီ့ အစ်မ ရည်းစားဟောင်းက တံခါးဘဲလ်ကို ဆက်တိုက်နှိပ်နေတာကို တွေ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, Source: Family of the victim

ဓာတ်ပုံ ပုံစာ, စီစီတီဗီမှတ်တမ်းအရ ယူရီ့ အစ်မ ရည်းစားဟောင်းက တံခါးဘဲလ်ကို ဆက်တိုက်နှိပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ CCTV မှတ်တမ်းကို တရားရုံးမှာ သက်သေအဖြစ် တင်ပြခဲ့ပါတယ်။

ယူရီ (အမည်လွှဲ) က ''ကျွန်မ အစ်မက သူ့ ရည်းစားဟောင်းနဲ့ ပြတ်ချင်တယ်" လို့ ပြောတိုင်း အဲဒီယောက်ျားက အိမ်ကို လာပြီး အိမ်ရှေ့တံခါးကို ကန်တာ၊ တံခါးကို ဆက်တိုက်ထိုးနှက်တာတွေ လုပ်ခဲ့တယ်'' လို့ ဆိုပါတယ်။ သူ့ အစ်မဟာ တစ်ညလုံး အရမ်းကြောက်လန့်နေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ တရားရုံးချုပ် က အဲဒီလူသတ်မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

တရားရုံးမှတ်တမ်းအရ ယူရီ့ အစ်မဟာ သူ့ ရဲ့ ရည်းစားဟောင်းကို ရည်းစားဖြစ်ချိန်က အကြမ်းဖက်မှုတွေနဲ့ ရဲတပ်ဖွဲ့ကို သုံးကြိမ်တိုင်တိုင် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆက်ဆံရေး ပြတ်သွားချိန်မှာလည်း နောက်ယောင်ခံလုပ်မှုတွေရှိခဲ့တာကြောင့် ရဲကို ထပ်ပြီး သုံးကြိမ် တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

ရဲတွေက အဲဒီယောက်ျားကို "မင်းသူ့ ကို ထပ်ခါထပ်ခါ ဆက်သွယ်နေမယ်ဆိုရင် အပြစ်ပေးခံရနိုင်တယ်" လို့သာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမှာ အန္တရာယ်ကာကွယ်ရေးအတွက် ကြားဖြတ်ဟန့်တားအမိန့်မျိုးတွေကို ဘာကြောင့် ပြတ်ပြတ်သားသားမလုပ်တာလဲလို့ ယူရီက မေးခွန်းထုတ်ပါတယ်။

တောင်ကိုရီးယားရဲတပ်ဖွဲ့က အသုံးပြုနေတဲ့ ခံရသူကာကွယ်ရေးစနစ်အရ ရည်းစားရဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် လိုက်လံနှောင့်ယှက်မှု ခံရသူတွေကို တစ်နှစ်အတွင်း အကြိမ် ၃ ကြိမ်နဲ့ အထက် တိုင်ကြားထားရင် Grade A အဖြစ် သတ်မှတ်ပါတယ်။ ၂ ကြိမ်နဲ့ အထက် တိုင်ကြားထားရင်တော့ Grade B အဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီစနစ်ရှိနေပေမဲ့ ယူရီရဲ့ အစ်မကတော့ ရဲတပ်ဖွဲ့ကို သုံးကြိမ်တိုင်တိုင် တိုင်ကြားထားခဲ့ပေမယ့် Grade B အဆင့်အဖြစ်ပဲ သတ်မှတ်ခံထားရတယ်လို့ တောင်ကိုရီးယား လွှတ်တော်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးနှင့် လုံခြုံရေးကော်မတီ အဖွဲ့ဝင်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရည်းစားဟောင်းရဲ့ အကြမ်းဖက်ခံရလို့ ခြေထောက်မှာ အညိုအမဲဒဏ်ရာတွေနဲ့ အမျိုးသမီးရဲ့ ပုံ

ဓာတ်ပုံ ရင်းမြစ်, Source: Family of the victim

ဓာတ်ပုံ ပုံစာ, ယူရီ ကတော့ သူ့ရဲ့ အစ်မဟာ ရည်းစားဟောင်းကြောင့် အကြမ်းဖက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ အညိုအမဲဒဏ်ရာတွေရှိနေခဲ့တာကို ပြသဖို့ ဓာတ်ပုံတစ်ပုံ ရိုက်ထားတယ်လို့ ဆိုပါတယ်။

ဘူဆန်မြို့တော်ရဲတပ်ဖွဲ့အေဂျင်စီကတော့ ဒီကွာဟချက်နဲ့ပတ်သက်ပြီး ရှင်းပြတဲ့အခါ အခင်းဖြစ်ရာကို သွားရောက်ကိုင်တွယ်ခဲ့တဲ့ အရာရှိတွေရဲ့ မှတ်တမ်းအရ ကျူးလွန်ခံရသူက "ထိခိုက်မှုမရှိပါဘူး" ဆိုတာနဲ့ "အရင်က ဒီအမှုကို မတိုင်ကြားဖူးပါဘူး" လို့ ပြောခဲ့တာကြောင့် စီမံခန့်ခွဲမှုမှာ အားနည်းချက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ခံရသူတွေဟာ လက်တုံ့ပြန်ခံရမှာကို ကြောက်လန့်တဲ့အတွက် သက်သေထွက်ဆိုဖို့ မဝံ့မရဲ ဖြစ်လေ့ရှိတယ်၊ ဒါကြောင့် နောက်ပိုင်းမှာတော့ ပြစ်မှုကျူးလွန်သူကို အဓိကထားပြီး စောင့်ကြည့်နိုင်မယ့် နည်းလမ်းတွေကို တက်ကြွစွာ ပြန်လည်စဉ်းစားသုံးသပ်သွားမယ်လို့ ဆိုပါတယ်။

ယူရီ ကတော့ "ကျွန်မရဲ့ အစ်မ သေဆုံးသွားတဲ့အချိန်ကစပြီး ကျွန်မဘဝလည်း ရပ်သွားသလိုပဲ" လို့ ပြောပါတယ်။

လီ ဆွန်းဝုခ်နဲ့ လာရာ အိုဝင် တို့က ပူးပေါင်းရေးသားထားပါတယ်။