ထရမ့် ကမ္ဘာ့ဖလားဘောလုံးပွဲတွေနဲ့ ခပ်လှမ်းလှမ်းနေတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဒန် ရိုအန်
- ရာထူးတာဝန်, အားကစား အယ်ဒီတာ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
အမေရိကန်ပြည်ထောင်စုလည်း ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲတွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို မြင်ရလိမ့်မယ်လို့ အများက တွေးခဲ့ကြပါတယ်။
ဒါပေမဲ့ သမ္မတ ထရမ့်ဟာ အခုအထိ ကမ္ဘာ့ဖလား ဘောလုံးပွဲ တစ်ပွဲမှာတောင် မတွေ့ရသေးပါဘူး။ အမေရိကန်ဘောလုံးအသင်း ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ၃ ပွဲနိုင်တာ၊ ၃၂ သင်း ရှုံးထွက်အထိ တက်တာတောင် သမ္မတ ထရမ့်တစ်ယောက် နိုင်ငံ့အသင်းကစားတဲ့ပွဲတွေကို တက်ရောက် အားပေးတာ မတွေ့ရသေးပါဘူး။
ဆိုတော့ ဒါဟာ ထူးဆန်းတာလား၊ သူ ကပ်ခွာခွာနေတာလား။ ဒါမှဟုတ် ဗိုလ်လုပွဲမတိုင်ခင်မှာပဲ ကွင်းထဲအထိ သူ လာကြည့်မှာလား။ ဘီဘီစီက ဒီအခြေအနေတွေကို ဆန်းစစ်ကြည့်ထားပါတယ်။
''အမေရိကန်ပြည်သူပြည်သားများနဲ့ ကမ္ဘာသူကမ္ဘာသားများ ခင်ဗျာ ... အမေရိကန်ပြည်ထောင်စုဟာ ဒီလိုထူးခြားလှတဲ့ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရလို့ ဂုဏ်ယူရပါတယ်။ ကမ္ဘာ့ဖလားဟာ ကျွန်တော်တို့ နိုင်ငံရဲ့စိတ်ကူးအစဉ်ကို ဖမ်းစားနိုင်တဲ့ပွဲဖြစ်သလို ပွဲကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း စိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးပွဲကြီးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအားလုံး၊ ကမ္ဘာ့တိုက်ကြီးအသီးသီးကနေ လာရောက်ခဲ့ကြသူတွေအပြင် လာမယ့် ရက်ပေါင်း ၃၀ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ဘောလုံးပွဲတွေကို လာကြည့်ကြမယ့် အားကစားဝါသနာရှင်တွေကိုလည်း ကြိုဆိုပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။''
ဒီစကားက အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ဖလားကို ပထမဆုံးစတင်ကျင်းပတဲ့ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်၊ ချီကာဂိုမြို့က ဆိုးဂျားဖီးလ် အားကစားကွင်းမှာ အမေရိကန်သမ္မတ ဘီလ်ကလင်တန် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။
သမ္မတ ကလင်တန် ဒီမိန့်ခွန်းပြောတဲ့နေ့ဟာ ၁၉၉၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဖွင့်ပွဲနေ့ဖြစ်ပြီး ဖွင့်ပွဲဖျော်ဖြေတဲ့ အဆိုတော် ဒိုင်ယာနာ ရို့စ် တစ်ယောက် ပြကွက်တစ်ခုအဖြစ် ကြိုဆင်ထားတဲ့ ပယ်နနီကန်ချက်ကို လွဲချော်ခဲ့လို့ အမေရိကန် လူထုစိတ်ထဲမှာ ကလင်တန်မိန့်ခွန်းထက် ဒိုင်ယာနာ ရို့စ် အလွဲကို ပိုပြီး အမှတ်ရကြတဲ့နေ့လည်းဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့ဖလားဖွင့်ပွဲကို သမ္မတ ကလင်တန်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာကတော့ မှတ်မှတ်ရရဖြစ်စရာဖြစ်နေပြန်ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်အပြီး ၃၂ နှစ်အကြာမှာ အမေရိကန်မှာ ကမ္ဘာ့ဖလားပွဲ နောက်တစ်ခါ ပြန်ကျင်းပနေပါပြီ။ ကမ္ဘာ့ဖလားပွဲကြီး ကျင်းပနေတာ တဝက်ကျိုးလောက်ဖြစ်နေပြီဖြစ်ပေမဲ့ လက်ရှိ အိမ်ဖြူတော်က သမ္မတ ထရမ့်တစ်ယောက် ဘောလုံးပွဲတွေနဲ့ ခပ်ခွာခွာဖြစ်နေဆဲပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဇွန်လ အစောပိုင်းတုန်းကတော့ ထရမ့်ဟာ ကမ္ဘာ့ဖလားပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ရောင်းချနိုင်ခဲ့တဲ့ ပွဲကြည့်လက်မှတ်အရေအတွက်ကို အားပါးတရ ချီးကျူးစကားပြောခဲ့ဖူးပါတယ်။ ''သူတို့ ကျင်းပခဲ့ဖူးသမျှ ကမ္ဘာ့ဖလားပွဲတွေမှာတော့ အအောင်မြင်ဆုံးပဲ''လို့ ဆိုပြီး ထရမ့်က ပြောပါတယ်။ ဒါကြောင့် သမ္မတထရမ့်ဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တက်တက်ကြွကြွနဲ့ အကြိမ်ကြိမ် တက်ရောက် အားပေးလိမ့်မယ်ဆိုတဲ့အမြင်တွေလည်း ထွက်ပေါ်ခဲ့တာပါ။
ကမ္ဘာ့ဖလားပွဲဟာ ထရမ့်အတွက် သိပ်ကို အရေးပါတဲ့ပုံပေါ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာ သူ သမ္မတ တာဝန်ယူဖို့ ကျမ်းကျိန်တာ မလုပ်ခင် အစောပိုင်းလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲတစ်ခုမှာ မိန့်ခွန်းပြောခဲ့ချိန်တုန်းက ''ကျွန်တော်ဟာ ခင်ဗျားတို့ သမ္မတဖြစ်တော့မယ်၊ ကျွန်တော့်လက်ထက်မှာ ကမ္ဘာ့ဖလားကို ကျင်းပတော့မယ်'' လို့တောင် ထည့်ပြောပြီး ဖီဖာဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ကြောင်း သူ ပြောခဲ့ဖူးပါတယ်။
ပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဝါရှင်တန် ဒီစီမှာ ကမ္ဘာ့ဖလားပွဲစဉ်တွေ မဲနှိုက်တော့လည်း သူ့က ပွဲရဲ့အရေးပါတဲ့နေရာမှာရှိနေခဲ့ပါတယ်။ အဲဒီပွဲမှာပဲ သူ့ကို ဖီဖာဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနိုက ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။
တကယ်တော့ ထရမ့်နဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်ဆံရေး နီးကပ်ခဲ့ကြသူတွေဖြစ်ပါယတ်။ အင်ဖန်တီနိုကို ထရမ့်က အိမ်ဖြူတော်အပြင် ဖလော်ရီဒါက သူ့ စံအိမ် မာရာလာဂိုကိုလည်း အဝင်အထွက်ရှိသူပါ။
ပြီးတော့ ထရမ့်ဟာ အခုတစ်ခေါက် သူ့ သမ္မတသက်တမ်း ဒုတိယမြောက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အားကစားပွဲ ကြီးကြီးမားမားတွေကို ပုံမှန်တက်ရောက်လေ့ရှိသူလည်းဖြစ်ပါတယ်။ Super Bowl က စလို့ ပြီးခဲ့တဲ့နွေ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအလယ်၊ ရိုက်ဒါ ကပ် ဂေါက်ရိုက်ပြိုင်ပွဲအဖွင့်ပွဲအဆုံး သူ တက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် ပူးတွဲအိမ်ရှင်အဖြစ် လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလား ဇွန်လ ၁၂ ရက် ပါရာဂွေးအသင်းနဲ့ ပွဲမှာ သမ္မတ ထရမ့်ကို ထူးထူးခြားခြားမတွေ့ရဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုပဲ ဝါရှင်တန်ကနေ လာပြီး ပွဲတက်ခဲ့ပါတယ်။
ဒါကိုကြည့်ရင် ထရမ့်ဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲအပြီး ၂ ရက်အကြာ အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ နဲ့ သူ့ အသက် ၈၀ ပြည့်မွေးနေ့ပွဲအတွက် ကျင်းပတဲ့ UFC လက်ဝှေ့ပွဲကို ဦးစားပေးခဲ့ပုံရပါတယ်။
ဆိုတော့ ဒါဟာ အံ့အားသင့်စရာပါလား။ ပုံမှန်ဆို ကမ္ဘာ့ဖလားကျင်းပတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အဖွင့်ပွဲစဉ်ကို တက်ရောက်အားပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ကာတာမှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပွဲမှာဆိုရင် ကာတာနိုင်ငံ့ဦးသျှောင် Sheikh Tamim bin Hamad Al Thani တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တုန်းက မော်စကိုမြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကို ဗလာဒီမီယာ ပူတင်ကိုယ်တိုင် တက်ရောက်ပါတယ်။
''ဒါ သိပ်ပြီး ထူးဆန်းလှတာတော့ မဟုတ်ပါဘူး'' လို့ သမ္မတ ဘားရတ် အိုဘားမားလက်ထက်မှာ နိုင်ငံရေးဗျူဟာနဲ့ ဆက်ဆံရေးဆိုင်ရာပညာရှင်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖက်ဒရီစီယို ဒီ ဂျေးဇုက ပြောပါတယ်။
"UFC က ထရမ့် ပျိုးထောင်ခဲ့တဲ့အားကစားမျိုးပေါ့။ အဲဒီအပိုင်းမှာ သူ့ဆက်ဆံရေးက ပိုထူးခြားတယ်'' လို့ သူက ဘီဘီစီ အားကစားကို ပြောပါတယ်။
"ပြီးတော့ တခြား အားကစားပွဲတွေကို သူ တက်ရောက်ခဲ့ပုံကို ကြည့်ပါဦး။ ပြီးခဲ့တဲ့နှစ် နယူး အော်လန်က Super Bowl ပွဲကို သူတက်ခဲ့တယ်။ ရာသီအတွင်းမှာ ကစားခဲ့တဲ့ပွဲတွေကိုတော့ သူ မတက်ခဲ့ဘူးလေ။ ဆိုတော့ ကမ္ဘာ့ဖလားကလည်း တကယ့် ပွဲကြီးဆိုတော့ ဒီအတိုင်းပဲ မျှော်လင့်ရတာပေါ့''
တကယ်တော့ ထရမ့်ဟာ ဆီယက်တယ်ပြည်နယ်မှာ အမေရိကန်နဲ့ သြစတြေးလျတို့ ကန်တဲ့ပွဲ၊ အယ်လ်အေမှာ ကစားတဲ့ တူရကီနဲ့ပွဲတို့ကို မတက်ရောက်ခဲ့ပါဘူး။
ဒီ ဂျေးဇုကတော့ သမ္မတ အိုဘားမားဆိုရင်တော့ ''ဒီနေရာမှာ တနည်းတဖုံနဲ့ ချဉ်းကပ်မယ်ထင်တယ်'' လို့ သူက ပြောပြီး အိုဘားမားသာဆိုရင် ဖွင့်ပွဲကို တက်မယ်၊ ''ပြီးတော့ သံခင်းတမန်ခင်းအရ ချီးမြှောက်မှုဖြစ်အောင် ပွဲတက်မှာ'' လို့လည်း သုံးသပ်ပါတယ်။
ဒါပေမဲ့ ထရမ့်ဟာ သူ မတူတဲ့စရိုက်ရှိတယ်ဆိုတာကိုတော့ သူက မှတ်ချက်ပေးပါတယ်။ ဘာလို့လဲဆိုရင် ထရမ့်ဟာ ''အစိုးရ လုပ်ငန်းဆောင်တာတွေကြောင့်'' လို့ဆိုပြီး ပြီးခဲ့တဲ့လတုန်းက သူ့ သားကြီးရဲ့မင်္ဂလာပွဲကို မတက်ရောက်ခဲ့ဘူးဆိုတာကို သူက ထောက်ပြ ပြောဆိုတာပါ။
ဇွန်လ အစောပိုင်းတုန်းက နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ NBA ဗိုလ်လုပွဲကို အမေရိကန်ရဲ့ပထမဆုံးသမ္မတ တစ်ဦးအဖြစ် ထရမ့် တက်ရောက်ချိန် သရော်အော်ဟစ်ခံရမှု ကြုံခဲ့ရတာအပေါ် စဉ်းစားချက်လည်း ထရမ့်ဘက်မှာ ရှိနေနိုင်တယ်လို့ သူ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ပရိသတ်တွေ ပိုမြင်ရတဲ့ကမ္ဘာ့ဖလားပွဲတွေမှာ ဒီလိုကြုံရနိုင်ခြေကို ထည့်တွေး နိုင်တယ်ဆိုတာမျိုးကိုလည်း သူက ပြောပါတယ်။
သမ္မတထရမ့် အစိုးရက ဖော်ဆောင်နေတဲ့ နိုင်ငံခြားရေးနဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒအချို့ကြောင့်ဖြစ်တဲ့အငြင်းပွားစရာအခြေအနေလည်း ရှိနေချိန်မှာ ဒီမိုကရက်ပါတီ အားကောင်းတဲ့ အယ်လ်အေနဲ့ ဆီယက်တယ်မြို့တွေမှာ ကျင်းပတဲ့ပွဲတွေကို သမ္မတ ထရမ့်ကို တက်ခိုင်းဖို့ သမ္မတရုံး ဝန်ထမ်းတွေဘက်က စဉ်းစားချက်ရှိနေနိုင်ပါတယ်။
ဗိုလ်လုပွဲမတိုင်ခင် ကမ္ဘာ့ဖလားပွဲကို ထရမ့် တက်နိုင်ခြေရှိလား
အင်ဖန်တီတိုကတော့ ထရမ့်ဟာ ဇူလိုင်လ ၁၉ ရက်မှာ နယူး ဂျာစီမှာပြုလုပ်မယ့်ဗိုလ်လုပွဲကို တက်ရောက်ပြီး ဆုတံဆိပ်ကို ချီးမြှင့်မယ်လို့ အတည်ပြုပြီး သမ္မတကလည်း ဒီလိုတက်ရောက်ဖို့ သူတို့ ပြောထားပြီးဖြစ်တယ်လို့ အတည်ပြုပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားဆိုင်ရာ အိမ်ဖြူတော် လုပ်ငန်းအဖွဲ့ အကြီးအကဲ အန်ဒရူး ဂူလီယာနီကတော့ ထရမ့်ဟာ နောက်ဆုံးဗိုလ်လုပွဲ မတိုင်ခင်မှာ ပွဲတက်နိုင်ခြေရှိတယ်လို့ပြောပါတယ်။
''၄၇ ဆက်မြောက် ကျွန်တော့်သမ္မတ အကြောင်းပြောရရင်တော့ ကျွန်တော် သူ့ကို သိလာတာ နှစ် ၃၀ ပြည့်တော့မယ်။ သူက တမူထူးတဲ့လူမျိုး'' လို့ ဂူလီယံနီက တယ်လီဂရပ်ဖ် သတင်းစာကို ပြောပါတယ်။
"သူက လူတွေ စိတ်ဝင်စားအောင်လုပ်တတ်တယ်။ ဒီတော့ ကျွန်တော်ပြောချင်တာက စောင့်ကြည့်ပါ။ အားလုံး အံ့သြသွားရဖို့ ရှိပါတယ်''
ထရမ့်ဘက်ကိို ထည့်ထွက်ပြီးပြောရမယ်ဆိုရင်တော့ သူက အချိန်ပြည့် အလုပ်များနေတဲ့သူဖြစ်ပါတယ်။ အမေရိကန်အသင်း အုပ်စုအဖွင့်ပွဲကစားဖို့ လုပ်နေတဲ့အချိန်မှာ သူဟာ စက်မှု ထိပ်သီး G7 အစည်းအဝေးပွဲတက်ဖို့ ပြင်သစ်ကို သွားဖို့ ပြင်ဆင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ပြီးတော့ ဇွန်လ ၁၈ ရက်မှာ သတင်းထုတ်တဲ့ အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ညှိနှိုင်းမှုတွေ လုပ်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ ကနေဒါ ဝန်ကြီးချုပ် မာ့ ကာနေးဟာ ဗန်ကူးပါးမြို့မှာ ကျင်းပတဲ့ ကနေဒါနဲ့ ကာတာအသင်းတို့ ကန်ကြပွဲကို တက်ရောက်ပါတယ်။ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှန်းဘန်းကတော့ ပွဲတွေ အားလုံးကို တက်မှာမဟုတ်ဘူးလို့ ပြောတာကြောင့် ကမ္ဘာ့ဖလား လက်မှတ်စျေးတွေ ကြီးတဲ့အပေါ် အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။
ထရမ့်နဲ့နီးစပ်သူတွေကတော့ သမ္မတ ထရမ့်တစ်ယောက် ကမ္ဘာ့ဖလားပွဲကို ကိုယ်တိုင်တက်ကြည့်တာမျိုး မရှိသေးပေမဲ့ ပွဲတွေနဲ့ အဆက်ဖြတ်ထားတာမျိုးတော့ မဟုတ်ဘူးလို့ပြောပါတယ်။ ထရမ့်က အုပ်စု ဖွင့်ပွဲကန်မယ့် အမေရိကန်အသင်းကို ပွဲမတိုင်ခင် တစ်ရက်မှာ ဖုန်းခေါ် စကားပြောခဲ့တာရှိကို ထောက်ပြကြတာပါ။
ဖီဖာကတော့ ကမ္ဘာ့ဖလား တစ်လျှောက်လုံးမှာ အမေရိကန် အစိုးရက ပေးတဲ့ အားပေးထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ရတဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တက်ရောက်အားပေးနေကြပါတယ်။
အမေရိကန် ဒုတိယသမ္မတ ကတော် အူရှာ ဗန့်စ်ကလည်း ကြာသပေးနေ့ညတုန်းက အမေရိကန်အသင်းနဲ့ တူရကီတို့ ကန်ကြတဲ့ပွဲမှာ အိမ်ဖြူတော်ကို ကိုယ်စားပြုပြီးတက်ရောက် အားပေးခဲ့ပါတယ်။
တဖက်မှာလည်း ဘောလုံးထက် သမ္မတ ထရမ့်ကို လူတွေ အာရုံစိုက်မှာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဘက်က မဖြစ်စေချင်ဘူးဆိုရင်တော့ ထရမ့် တစ်ယောက် နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်တာတင် အဖွဲ့ချုပ်အတွက် ကျေနပ်စရာဖြစ်နေပါတယ်။
ဒါပေမဲ့လည်း အများအာရုံစိုက်ခံရတာမျိုး၊ အမြင်ခံရတာမျိုးကို သဘောကျတတ်လေ့ရှိတဲ့ သမ္မတ ထရမ့်တစ်ယောက် အခုလို ကမ္ဘာ့ဖလားပွဲကြီးကို ဗိုလ်လုပွဲမတိုင်ခင် စောပြီး တက်ရောက်အားပေးမယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပြန်ပါဘူး။











