Gen Z တွေ အရက်အစား သောကဖြေဆေးတွေ မှီ၀ဲလာနေပြီလား

ဘယ်ဘက်မှာ ဆေးဗူးနဲ့ ညာဘက်မှာ ဘီယာခွက်တို့ကို တစ်ခြမ်းစီပြထားတဲ့ ပေါင်းစပ်ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

GenZ တွေ သောကဖြေဖို့ အရက်အစား စပ်ဆေးတွေကို ရွေးလာကြပြီလား
    • ရေးသားသူ, ဂျက်ကီ ၀ိတ်ဖီးနဲ့ အစ္စဘယ် ရှော
    • ရာထူးတာဝန်, ကမ္ဘာ့ကျန်းမာရေးယူနစ်၊ ဘီဘီစီကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

သူငယ်ချင်းတွေနဲ့ ညဘက်ထွက်လည်ဖို့ သွားမယ်ဆိုတိုင်း အသက် ၂၀ အရွယ် မိုင်ဟာ လည်ချောင်းထဲမှာ တစ်ခုခုဆို့နေသလို ခံစားရပြီး လက်တွေက ချွေးထွက်လာတတ်ပါတယ်။ သူ စကားမှား ပြောမိမှာကို အရမ်းကို စိုးထိတ်စိတ်ကြီးနေခဲ့တာပါ။

မိုင်ဟာ အသက် ၂၀ အရွယ် တရုတ်တက္ကသိုလ်ကျောင်းသူပါ။

နောက်တော့ သူဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်တဲ့ ဆေးဝါးတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။

နောက်တော့ သူ ပရီဂါဘာလင်(Pregabalin)ဆေးကို စသောက်ပါတယ်။ ဒီဆေးက အာရုံကြော၊ စိတ်ပူပန်မှုနဲ့ အတက်ရောဂါ ကုသရာမှာ သုံးပါတယ်။ စိုးရိမ်စိတ်ကြောင့် ဖြစ်တဲ့ ရင်တုန်တာ၊ လက်တုန်တွေကို သက်သာစေနိုင်တဲ့ ဘီတာ ဘလော်ကာ ဆေးကိုလည်း သူ ပရီဂါဘာလင်နဲ့အတူ သောက်ပါတယ်။ အဲဒီဆေးနှစ်မျိုးလုံးကို အွန်လိုင်းရောင်းချသူတွေဆီကနေ သူ တရားမဝင် ဝယ်ယူခဲ့တာပါ။

"အဲဒီဆေးသောက်လိုက်ရင် စိတ်က အရမ်းတက်ကြွလာပြီး အခန်းထဲမှာ စကားပြောအကောင်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံးလူ ဖြစ်သွားနိုင်သလို ခံစားရတယ်" လို့ မိုင်က ပြောပါတယ်။ "အရက် ၁၀ ခွက်လောက် သောက်ထားသလိုပဲ၊ ဒါပေမဲ့ မူးပြီး နေလို့ မကောင်းတာမျိုး မဖြစ်ဘူး" လို့ ဆိုပါတယ်။

ဒီဆေးတွေကို ပမာဏများများ သောက်တဲ့အခါ အရက်မူးသလို ခံစားချက်မျိုး ရစေနိုင်ပါတယ်။ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ဆရာဝန်ကြီးကြပ်မှုမရှိဘဲ ဒီဆေးတွေကို သောက်သုံးတာဟာ အန္တရာယ်များပြီး တချို့အခြေအနေတွေမှာ အသက်အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ သတိပေးပါတယ်။

ရေရှည်သုံးစွဲလာရင်လည်း ဆေးအာနိသင်အပေါ် အားကိုးလွန်တာမျိုး ဖြစ်လာနိုင်ပါတယ်။ သုံးသူတွေကတော့ လူမှုရေးပွဲ၊ တွေ့ဆုံပွဲတိုင်းမှာ ဆေးမပါရင် မနေနိုင်တော့ဘူးလို့ ပြောကြပါတယ်။ ဆေးဖြတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ စိတ်ပူပန်မှု ပိုဆိုးလာတာ၊ အိပ်မပျော်တာနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အတွေးတွေ ဝင်လာတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

မိုင် အတွက်တော့ အစပိုင်းမှာ ညဘက်အပြင်ထွက်တဲ့အခါတွေမှာပဲ သောက်ခဲ့ပေမဲ့ နောက်ပိုင်း လူမှုရေးအခမ်းအနားတိုင်းမှာ သောက်ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ နေ့စဉ် သောက်နေတဲ့အထိ ဖြစ်နေပါပြီ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဆေးမသောက်ဘဲ အိမ်ကတောင် မထွက်နိုင်တော့ဘူး" လို့ သူက ပြောပါတယ်။

မိုင် တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းက လူငယ်တချို့ဟာ အရက်အစားထိုးပစ္စည်းအဖြစ် ဒီလိုဆေးဝါးတွေနဲ့ စမ်းသပ်ဆဲဓာတ်ပစ္စည်းတွေကို အသုံးပြုလာနေကြပါတယ်။

ဂျန်ဇီ(Gen Z)လို့ ခေါ်တဲ့ ၁၉၉၇ ကနေ ၂၀၁၂ ကြား မွေးဖွားသူတွေမှာ စိတ်ပူပန်မှုနှုန်းဟာ ရှေ့ မျိုးဆက်တွေထက် ပိုများလာနေပါတယ်။ သုတေသနတစ်ခုအရ ၁၉၉၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အသက် ၁၀ နှစ်ကနေ ၂၄ နှစ်ကြား စိတ်ပူပန်မှုရောဂါ ခံစားနေရသူအရေအတွက်ဟာ ကမ္ဘာတဝန်း ၁၀ သန်းကနေ ၁၆ သန်းအထိ မြင့်တက်ခဲ့ပါတယ်။

လေ့လာမှု ၆၁ ခုကို ပြန်လည်သုံးသပ်ထားတဲ့သုတေသနတစ်ခုမှာလည်း ကိုဗစ် ကပ်ရောဂါ မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင် လူငယ်တွေကြား စိတ်ပူပန်မှု ပိုများလာတာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း "ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့" အရက်အစားထိုး နည်းလမ်းတွေကို ရှာဖွေလိုတဲ့ စိတ်ကြောင့် အရက်သောက်ပြီး နောက်တစ်နေ့ အရက်နာကျတာမျိုးမဖြစ်ဘဲ လူမှုရေးအရ ပိုအဆင်ပြေစေတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာနေတဲ့ဆေးဝါးနဲ့ ဓာတ်ပစ္စည်းတွေအတွက် ဈေးကွက်အသစ်တစ်ခု ပေါ်လာစေခဲ့ပါတယ်။

တက်ဆိုက်တက္ကသိုလ်က မူးယစ်ဆေးနဲ့ အရက် စွဲလမ်းမှုကိုလေ့လာတဲ့သုတေသီ လီယန် နိုးလက်စ်က "လူငယ်တွေက ဒီဆေးတွေကို ပိုသန့်ရှင်းပြီး ပိုလုံခြုံတဲ့အစားထိုး ရွေးချယ်မှုလို့ မြင်ကြတယ်" လို့ ပြောပါတယ်။

"ဒါပေမဲ့ အဲဒါက လုံခြုံတယ်လို့ ထင်မြင်မိတဲ့ခံစားချက်မှား တစ်ခုသာ ဖြစ်ပါတယ်" လို့ သူက သတိပေးပါတယ်။

လက်ရှိမှာ လူငယ်ဘယ်လောက်များများ ဒီဆေးတွေကို လူမှုရေးဆက်ဆံရာမှာ အသုံးပြုနေကြသလဲဆိုတာကို တိတိကျကျ သိဖို့ မဖြစ်နိုင်သေးပါဘူး။ အကြောင်းကတော့ သုံးစွဲသူအများစုဟာ ဒီဆေးတွေကို တရားမဝင်လမ်းကြောင်းတွေနဲ့ ရယူနေကြလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ရရှိထားတဲ့အချက်အလက်တွေအရတော့ သုံးစွဲမှု တိုးလာနေတယ်ဆိုတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

Nature Communications ဂျာနယ်မှာ ဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရဆိုရင် အပေါ်မှာ ပြောထားတဲ့ ပရီဂါဘာလင်(Pregabalin) ဆေးကို ကမ္ဘာတဝန်းသုံးစွဲမှုဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ၄ ဆ တိုးလာခဲ့ပါတယ်။

အဲဒီအပြင် ပရီဂါလာလင်ကို အလွဲသုံးလုပ်တဲ့ဖြစ်ရပ်တွေနဲ့ ဆေးသုံးလို့ သေဆုံးတဲ့ဖြစ်ရပ်တွေ လည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဖျော်ဖြေပွဲတစ်ခုမှာ မြင်တွေ့ရတဲ့ လူငယ်အချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျန်ဇီတွေဟာ အရက်ကို မျက်နှာလွှဲတာ မြင့်တက်

တရုတ်နိုင်ငံမှာ ပရီဂါဘာလင်ကို အလွဲသုံးသုံးမှုဖြစ်စဉ်တွေကို ၂၀၂၄ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ဒီနှစ်မှာတော့ အစိုးရက အဲဒီဆေးကို ထိန်းချုပ်မှုတွေ ပိုတင်းကျပ်မယ့်အစီအမံတွေကို ကြေညာခဲ့ပါတယ်။

ဒီဆေးကို သုံးစွဲမှု ကန့်သတ်တဲ့စည်းကမ်းတွေကို အိန္ဒိယနိုင်ငံကလည်း ဒီနှစ် မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆေးကို အလွဲသုံးစွဲမှုတိုးလာနေတယ်လို့ ဂျော်ဒန်နဲ့ ယူကရိန်းနိုင်ငံက သုတေသီတွေကလည်း သတိထားမိလာကြပါတယ်။

ဒီဆေးတွေနဲ့ ပတ်သက်တဲ့ hashtag တွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရှာကြည့်လိုက်ရင် ဗီဒီယိုပေါင်း ထောင်ချီ ထွက်လာပါတယ်။ အဲဒီဗီဒီယိုတွေမှာ သုံးစွဲသူတွေကို ဆေးအမျိုးမျိုးကို ကိုယ်တိုင်ရောစပ်သုံးစွဲဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ အွန်လိုင်းမှာတော့ အဲဒီလို ဆေးရောသောက်တာကို "stacking" လို့ ခေါ်ကြပါတယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာက လူငယ်တချို့ကို ဒီဆေးတွေနဲ့ မိတ်ဆက်ပေးရုံတင် မဟုတ်ပါဘူး။ အဲဒီဆေးတွေကို ဝယ်ယူရရှိနိုင်အောင်လည်း ကူညီပေးနေတယ်လို့ တွေ့ရပါတယ်။

ဘီဘီစီကမ္ဘာတလွှားရဲ့စုံစမ်းမှုအရ လူမှုကွန်ရက်ပေါ်က နာမည်ကျော်တချို့ဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကနေ ဒီဆေးတွေကို တိုက်ရိုက်ရောင်းချနေကြတာကို တွေ့ရှိခဲ့ပါတယ်။

မိုင်ကတော့ ဒီဆေးတွေကို တရုတ်လူမှုကွန်ရက်ကနေ ဝယ်ခဲ့တယ်လို့ ပြောပါတယ်။

"ရောင်းနေတဲ့ ပို့စ်တွေ ထောင်နဲ့ချီပြီး ရှိပါတယ်" လို့ သူက ပြောပါတယ်။ "ရှာရတာလည်း လွယ်တယ်။ မှာရတာလည်း လွယ်တယ်" လို့ သူက ပြောပါတယ်။

ဒီပြဿနာက တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။

ယူကရိန်းနိုင်ငံက အသက် ၂၆ နှစ်အရွယ် ၀န်ဆောင်မှုလုပ်ငန်းလုပ်သူ ဝန်ထမ်း လိုရာကလည်း "ဒီဆေးတွေကို အွန်လိုင်းကနေဖြစ်ဖြစ် သူငယ်ချင်းတွေဆီကနေ ဖြစ်ဖြစ် ရဖို့ အရမ်းလွယ်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အရက်မမူးချင်တဲ့မျိုးဆက်

ဒီလိုပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့လူငယ်တွေ ပိုများလာတာဟာ အရက်မမူးချင်တဲ့ လက်ရှိလူငယ်မျိုးဆက်ရဲ့အပြောင်းအလဲနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီအတွက် Gen Z ကို အရက်မမူးချင်တဲ့မျိုးဆက်လို့တောင် ခေါ်ဆိုလာကြပါတယ်။

ဘလွန်းဘာ့ဂ်သတင်းဌာနရဲ့အပြောအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်း အရက်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၈၃၀ လျော့ကျခဲ့ပါတယ်။

သုတေသီတွေကတော့ ဒီအပြောင်းအလဲဟာ လူငယ်တွေကြား အရက်သောက်တဲ့ အလေ့အထ ပြောင်းလဲလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကအကြောင်းရင်းတွေကတော့ အရက်ဈေးနှုန်း မြင့်မားလာတာနဲ့ ကျန်းမာရေးအတွက်စိုးရိမ်လာတာကြောင့် ဖြစ်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။

ဘားတစ်ခုမှာ အရက်သောက်နေတဲ့လူတွေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀ ရာစုအတွင်း အရက်ဟာ လူငယ်မျိုးဆက်အတွက် ဆေးသဖွယ် ရွေးချယ်မှုဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အသက် ၂၀ ၀န်းကျင်ရှိပြီဖြစ်တဲ့ဒီလူတွေဟာ ဆေး၀ါးဘက်ကို ဦးလှည့်လာ

ဆေးနဲ့အရက်စွဲလမ်းမှုအပိုင်းကို သုတေသနလုပ်နေတဲ့ သုတေသီနိုးလက်စ်ကတော့ အပန်းဖြေရုံစိတ်သက်သက်နဲ့ ပရီဂါဘာလင် သုံးနေတဲ့လူငယ်အများစုဟာ သူတို့ရဲ့ကျန်းမာရေးကို အတော်လေး ဂရုစိုက်ကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

"လူတွေက ကယ်လိုရီများတာ၊ ကိုယ်အလေးချိန်တက်တာ ဒါမှမဟုတ် အသက်အရွယ် မြန်မြန်ရင့် သွားတာမျိုးကို မလိုချင်ကြဘူး" လို့ သူက ဆိုပါတယ်။

ဒီအမြင်ကို ဗြိတိန်က အသက် ၂၂ နှစ်အရွယ် မတ်ထ် ကလည်း သဘောတူပါတယ်။ သူက အားကစား ပုံမှန်လုပ်သူ တစ်ဦးဖြစ်ပြီး ဒီဆေးတွေက အရက်သောက်တာထက် သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ပိုနည်းတယ်လို့ ယုံကြည်ထားပါတယ်။ အထူးသဖြင့် အသည်းနဲ့ နှလုံးကို ထိခိုက်စေတာ ပိုနည်းတယ်လို့ သူက ထင်ပါတယ်။

"ဒီအသိုင်းအဝိုင်းထဲက လူတွေက ဒီဆေးတွေဟာ အရက်ထက် ကျန်းမာရေး ပိုညီညွတ်တယ်လို့ ယုံကြည်ကြတယ်" ဆိုပြီး မတ်စ်က ပြောပါတယ်။

အလဲအထပ် အလျော်အစားရှိတဲ့ဆေး

အရက်သောက်တာဟာ ကင်ဆာအမျိုးအစား အနည်းဆုံး ၇ မျိုးနဲ့ဆက်စပ်နေတယ်လို့ သိထားကြပါတယ်။ ဒါ့အပြင် အရက်ကို ဘယ်လောက်ပဲ သောက်သောက် ကျန်းမာရေးအန္တရာယ် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ၂၀၂၃ ခုနှစ်မှာ သတိပေးခဲ့ပါတယ်။

လန်ဒန် အင်ပီရီယယ်ကောလိပ်က ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးသက်ရောက်မှုတွေကို လေ့လာတဲ့ပါမောက္ခ ဒေးဗစ်နတ်ထ်ကတော့ မိုင်သောက်နေတဲ့ဆေးတွေဟာ သူတို့ကိုယ်တိုင် အန္တရာယ်အချို့ရှိပေမဲ့ အရက်အလွန်အကျွံ သောက်တာထက်တော့ ထိခိုက်မှု ပိုနည်းနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပရီဂါဘာလင်ကို ပမာဏ အများကြီး သုံးစွဲလာတဲ့အခါ အခြေအနေက ပြောင်းသွားတယ်လို့ သူက ဆိုပါတယ်။

"ဒီဆေးကို မူးယစ်ဖို့၊ အရက်မူးသလို ခံစားရဖို့ သုံးနေတယ်ဆိုရင်တော့ ဆေးစွဲနိုင်တဲ့အန္တရာယ် ရှိပါတယ်" လို့ သူက ပြောပါတယ်။

"အဲဒီသဘောနဲ့ပြောရရင် ဒီဆေးသုံးလို့ ဘာအန္တရာယ်မှ မရှိတာမျိုးတော့ မဟုတ်ဘူး။ အလျော်အစား ရှိတယ်'' လို့ သူက ပြောပါတယ်။

စားပွဲတစ်လုံးမှာ ထိုင်ပြီး မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ အမျိုးသမီးငယ် ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူငယ်တွေအနေနဲ့ ဆေးတွေ ကြော်ငြာတဲ့လူမှုကွန်ရက်အကောင့်တွေကို ထိတွေ့မှုများတဲ့အခြေအနေဖြစ်နေ

ပရီဂါဘာလင်ကို အပျော်သဘောနဲ့ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဆေးယဉ်ပါးမှု(tolerance) ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက အရင်ကလို စိတ်လျော့ပါးသက်သာတာ၊ စိတ်တက်ကြွပျော်ရွှင်တဲ့ခံစားချက်ကို ရဖို့ ဆေးပမာဏပိုများများ သောက်ဖို့ လိုလာတာဖြစ်ပါတယ်။

ပရီဂါဘာလင်ကို ပမာဏများများ သောက်မိရင် အသက်ရှူနှုန်း နှေးသွားစေနိုင်ပြီး တချို့အခြေအနေတွေမှာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

ဘီတာ ဘလော်ကာ ဆေးကိုလည်း ပမာဏမြင့်မြင့်သောက်မိရင် မူးဝေပြီး လဲကျသွားတာမျိုး ဖြစ်နိုင်သလို နှလုံးခုန်နှုန်း အလွန်နှေးကွေးသွားတဲ့အန္တရာယ်ရှိတဲ့အခြေအနေအထိ ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူတွေကတော့ ဒီဆေးတွေကို အရက်အစားထိုးအဖြစ် ဒါမှမဟုတ် လူမှုရေးအတွက် အပျော်သဘော သောက်သုံးတာဟာ "ပိုလုံခြုံတယ်" လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ ကျန်းမာရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေ ရှိနိုင်တယ်လို့ သတိပေးပါတယ်။

ဆေးကြောင့် လေး

လန်ဒန် ကင်းစ်ကောလိပ်က စိတ်ပညာပါမောက္ခ အမလီ ဂျုန်းစ်ကတော့ ဒီဆေးဝါးတွေနဲ့ အရက်ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို နှိုင်းယှဉ်ပြီး ပိုအရေးကြီးတဲ့မေးခွန်းတစ်ခုကို မျက်ကွယ်ပြုမိနိုင်တယ်လို့ ပြောပါတယ်။

အဲဒါကတော့ "လူတွေက လူမှုပေါင်းသင်းဆက်ဆံရေးအတွက် ဓာတုဆေးအကူအညီမပါဘဲ မရတော့ဘူးလို့ ယုံကြည်လာရင် ဘာဖြစ်မလဲ" ဆိုတဲ့မေးခွန်းပါ။

"အရက်ကို ပမာဏများများ သောက်တာအန္တရာယ်ရှိသလို ဆရာဝန်ကြီးကြပ်မှုမရှိဘဲ ဆေးဝါးတွေကို ပုံမှန်သုံးစွဲတာကလည်း အန္တရာယ်ရှိပါတယ်" လို့ သူက ပြောပါတယ်။

စိုးရိမ်ပူပန်တဲ့ခံစားချက်ကို မဖြစ်အောင် ဆေးဝါးကို အားကိုးလာတာက သာမန်လူမှုရေးအခြေအနေကို စိုးရိမ်စရာအခြေနေလို့ ထင်မြင်သွားမှာကို သူက စိုးရိမ်ပါတယ်။

"ညဘက် အပြင်မထွက်ခင် ဒီဆေးသောက်မှသာ လုံခြုံမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင် လေ့ကျင့်ထားမိရင် အဲဒီအတွေးက တခြားအခြေအနေတွေထိပါ တဖြည်းဖြည်း ပျံ့နှံ့သွားဖို့ အရမ်းလွယ်ပါတယ်" လို့ ဂျုန်းစ် က ပြောပါတယ်။

အချိန်ကြာလာတာနဲ့အမျှ လူတွေဟာ ဆေးမလိုဘဲ ကိုယ့်ဘာသာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းအပေါ် ယုံကြည်ချက် လျော့နည်းသွားနိုင်တယ်လို့ သူက ဆိုပါတယ်။

"အခက်အခဲတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ကိုယ့်ရဲ့ စွမ်းရည်အပေါ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ်" လို့ သူက ပြောပါတယ်။

ဒီလို ဆေးအပေါ်မီခိုလွန်းလို့ ''ဆေးကြောင့်လေး'' ခဲ့ရတဲ့အတွေ့အကြုံကို လိုရာလည်း ကြုံဖူးပါတယ်။

အစပိုင်းမှာတော့ ပါတီပွဲတွေ၊ လူမှုရေးအခမ်းအနားတွေ မတိုင်ခင် စိတ်ပူပန်မှုလျော့စေတဲ့ဆေးကို သောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အလုပ်ခွင်မှာပါ စတင်သုံးစွဲလာခဲ့ပါတယ်။

"ကျွန်မကို တကယ်အထောက်အကူဖြစ်ခဲ့တယ်" လို့ သူက ပြောပါတယ်။ "ကျွန်မအလုပ်က လူတွေနဲ့ ဆက်ဆံရတာ များတယ်။ ဒီဆေးက လူတွေနဲ့ပြောရ ဆိုရ ဆက်ဆံရတာကို ပိုလွယ်စေခဲ့တယ်'' လို့ ဆိုပါတယ်။

ဒါပေမဲ့ နှစ်ပတ်ကြာ ဆေးမရနိုင်ခဲ့တဲ့အချိန်မှာတော့ သူဟာ စိတ်ကျရောဂါလက္ခဏာတွေ ခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အတွေးတွေထိ ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောပါတယ်။

"ကျွန်မ ဘာဖြစ်သွားတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး" လို့ လိုရာက ပြောပါတယ်။

"စိတ်က အရမ်းပူပန်နေတယ်၊ အစားတောင် မစားနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ချင်တော့ဘူး" လို့ သူက ဆိုပါတယ်။

မှောင်ခိုစျေးကွက်ကနေလာတဲ့ဆေး

နိုင်ငံအတော်များများက ဒီဆေးတွေကို ပိုပြီးတင်းကျပ် ထိန်းချုပ်ဖို့ လုပ်လာနေချိန်မှာ ဆေးရရှိမှုကို ပိုကန့်သတ်လိုက်တာက နောက်ထပ်အန္တရာယ်အသစ်တွေဖြစ်လာစေနိုင်တယ်လို့ သတိပေးထောက်ပြနေတာတွေလည်း ရှိနေပါတယ်။

ယူကရိန်းအခြေစိုက် ထိခိုက်မှုအန္တရာယ်လျှော့ချရေးအဖွဲ့ Mind Games ဦးဆောင်သူလည်းဖြစ် ကူးစက်ရောဂါဗေဒပညာရှင်လည်းဖြစ်တဲ့ မိုင်ကိုင်ယာ လာပင်ကတော့ ဆေးဝါးတစ်မျိုးကို ပိတ်ပင်လိုက်ရုံနဲ့ လူတွေ သုံးစွဲတာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ဓာတုဆေးပစ္စည်းတချို့ကို ပိတ်ပင်လိုက်တာဟာ လူတွေကို မှောင်ခိုဈေးကွက်ဆီ တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။ အရည်အသွေး အာမခံချက်မရှိတဲ့ဆေးဝါးတွေကို ဝယ်သုံးတာမျိုး တွန်းပို့စေပါတယ်" လို့ သူက ဆိုပါတယ်။

အဲဒီအရည်အသွေးမသေချာတဲ့ ဆေးတွေ သုံးစွဲရာကနေ ဆေးလွန်တာမျိုးလို အန္တရာယ်တွေလည်း ပိုများလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ဆေးနဲ့အရက်စွဲမှုကိုလေ့လာတဲ့ သုတေသီ လီယန် နိုးလက်စ်ကလည်း တရားမဝင်လမ်းကြောင်းက ဝယ်ယူတဲ့ ပရီဂါဘာလင်မှာ နောက်ထပ်အန္တရာယ်တစ်ခု ရှိတယ်လို့ ပြောပါတယ်။ အဲဒါကတော့ သုံးစွဲသူတွေဟာ ကိုယ့်သောက်နေတဲ့ဆေးထဲမှာ ဘာတွေ ပါဝင်နေသလဲဆိုတာ အတိအကျ မသိနိုင်တဲ့ကိစ္စလို့ဆိုပါတယ်။

"ဥပမာ ဗြိတိန်မှာ ဆိုင်က ဝယ်တဲ့အရက်ပုလင်းတစ်လုံးဆိုရင် အရက်ပါဝင်နှုန်း ဘယ်လောက်ရှိတယ်၊ Alcohol Unit ဘယ်လောက် ပါတယ်ဆိုတာ အညွှန်းမှာ ရေးထားတယ်" လို့ သူက ပြောပါတယ်။

ဒါပေမယ့် အွန်လိုင်းက ဝယ်တဲ့ ပရီဂါဘာလင်မှာတော့ အဲဒီလို ယုံကြည်စိတ်ချရတဲ့ အချက်အလက်မျိုး အမြဲမရှိနိုင်ဘူးလို့ ဆိုပါတယ်။

"ဒါက အရက်ပုလင်းတစ်လုံးနဲ့ မတူတဲ့ ထပ်ဆောင်းအန္တရာယ်တစ်ခု ဖြစ်ပါတယ်" လို့ နိုးလက်စ်က ပြောပါတယ်။

မိုင် ကတော့ ဒီဆေးတွေကို အပျော်သဘောသုံးစွဲနေသူတွေလို့ပဲ သူလည်း တစ်နေ့မှာ လုံးဝဖြတ်နိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ် ရှိနေပါတယ်။

"ကြောက်စရာကောင်းတယ်။ ဒီဆေးမရှိဘဲ ဘယ်လို ဆက်ရင်ဆိုင်နိုင်မလဲဆိုတာ ကျွန်မ မသိဘူး" လို့ သူက ပြောပါတယ်။

အခုဆောင်းပါးမှာ ဖော်ပြထားတဲ့ စိတ်ကျန်းမာရေး၊ ဆေးဝါးအပေါ် မှီခိုမှု ဒါမှမဟုတ် သတ်သေလိုစိတ်လို ပြဿနာတွေကြောင့် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်သိသူတစ်ဦးဦး ထိခိုက်ခံစားနေရတယ်ဆိုရင် နီးစပ်ရာဆရာ၀န် တစ်ဦးဦးက ဆက်သွယ်ဆွေးနွေး အကြံဉာဏ်ပေးနိုင်သလို သူကနေတဆင့် သင့်တော်တဲ့ကူညီပေးရေးအဖွဲ့အစည်း တစ်ရပ်ရပ်ကို လမ်းညွှန်ပေးနိုင်တာမျိုးလည်း ရနိုင်ပါတယ်။