ကမ္ဘာ့ဖလားမှာ စပိန်က အာဂျင်တီးနားကိုနိုင်တာ ဘောလုံးလောက အောင်ပွဲလား

2026 ကမ္ဘာ့ဖလားဆုယူပြီးနောက် အောင်ပွဲခံနေတဲ စပိန်အသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, အမ်မာ စမစ်
    • ရာထူးတာဝန်, ဘီဘီစီ အားကစား သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အနိုင်ရမှုကို "ဘောလုံးလောကအတွက် အောင်ပွဲ" တစ်ခုလို့ ခေါ်တာက ရိုးနေတဲ့စကားလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ စပိန်အနိုင်ရတာကို အဲဒီလို ဖော်ပြတာကို သဘောမတူတဲ့ပရိသတ်တွေကတော့ သိပ်များမယ် မထင်ပါဘူး။

ဖာရန် တောရက်စ်က အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပြီးနောက် အသင်းခေါင်းဆောင် ရိုဒရီဟာ နယူးဂျာစီမြို့မှာ ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အာဂျင်တီးနားအသင်းအတွက် စိတ်မကောင်းဖြစ်နေတဲ့ ကြားနေပရိသတ်တွေ သိပ်ရှိမယ်လို့တော့ မထင်ရပါဘူး။

ကစားသမားတွေရော၊ ပရိသတ်တွေအတွက်ပါ ခက်ခဲပင်ပန်းတဲ့ ဒီပွဲစဉ်မှာ စပိန်အသင်းက အာဂျင်တီးနားအသင်းကို အနိုင်ယူပြီး ဖီဖာ အမျိုးသားကမ္ဘာ့ဖလားဆုကို ဒုတိယအကြိမ် ရရှိသွားခဲ့တာပါ။

ဘောလုံးစွမ်းဆောင်ရည်အပြင် ကိုယ်ကျင့်တရားပိုင်းအရပါ ထပ်ပြောကြမယ်ဆိုရင်လည်း ဒီရလဒ်ဟာ အမှန်တကယ် ထိုက်တန်တဲ့ရလဒ်လို့ ပြောကြသူတွေလည်းရှိပါတယ်။

"အနိုင်ရသင့်တဲ့အသင်း နိုင်သွားတာဆိုတာ သံသယ မရှိပါဘူး။ ပွဲအစကနေ အဆုံးအထိ စပိန်က ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားနိုင်ခဲ့တယ်။ သူတို့က ဘောလုံးကို ကစားဖို့၊ အခွင့်အရေးတွေ ဖန်တီးဖို့၊ ခံစစ်နောက်ကျောထဲ ထိုးဖောက်ဖို့ အမြဲကြိုးစားနေတဲ့အသင်းဖြစ်ခဲ့တယ်" လို့ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း အလန် ရှီးယားက ဘီဘီစီ ဝမ်း အစီအစဉ်ကို ပြောပါတယ်။

"သူတို့ ဘောလုံးကစားတဲ့ပုံစံကြောင့် ဒီရလဒ်ဟာ ဘောလုံးလောကအတွက် အောင်ပွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ စပိန်က ဒီချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးဝင်နိုင်တဲ့အခွင့်အရေး - Expected Goals (xG) က ၁.၉၄ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ မှာ ၁၁ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဂိုးသမား အူနိုင်းဆိုင်မွန်က ၈ ပွဲမှာ ၇ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံး ဂိုးသမားဆု(Golden Glove)ဆုကို ရရှိခဲ့ပါတယ်။

စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားတစ်လျှောက် ပေး ဂိုး တစ်ဂိုးတည်းသာ ပေးခဲ့ရပြီး ဒါဟာ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းတွေထဲမှာ ဂိုးအနည်းဆုံး ပေးခဲ့ရတဲ့စံချိန်လည်း ဖြစ်ပါတယ်။

ဘယ်အညွန်းနဲ့တိုင်းတိုင်း အာဂျင်တီးနားထက် စပိန်သာ

၂၀၂၆ ကမ္ဘာ့ဖလား အောင်ပွဲရ စပိန်အသင်းသားတွေ ကမ္ဘာ့ဖလား ဆုတံဆိပ်ကို ကိုင်မြှောက်ပြီး အောင်ပွဲခံနေကြတဲ့မြင်ကွင်း၊ ဓာတ်ပုံ ညာဘက်အစွန်မှာ ဆုပေးတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို အနောက်တိုင်းဝတ်စုံ အနက်ရောင်နဲ့မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ကမ္ဘာ့ဖလား အောင်ပွဲရ စပိန်အသင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စပိန်အသင်းဟာ တိုင်းတာပြဖို့ခက်တဲ့နိုင်ငံတကာဘောလုံးလောကမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းဖြစ်တယ်ဆိုတာတော့ သံသယရှိစရာမရှိပါဘူး။

စပိန်အသင်းဟာ ကမ္ဘာ့ချန်ပီယံ၊ အိုလံပစ်ချန်ပီယံနဲ့ ဥရောပချန်ပီယံဖြစ်ထားတဲ့အပြင် စပိန်အမျိုးသမီးအသင်းကလည်း ကမ္ဘာ့ချန်ပီယံပါ။ အမျိုးသားအသင်းဆိုရင် အခုပြိုင်ပွဲစုံ ၃၈ ပွဲဆက် မရှုံးသေးပဲ ဒါဟာ ဥရောပအသင်းတွေထဲမှာ အရှည်ဆုံး ရှုံးပွဲမရှိတဲ့စံချိန်လည်း ဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ စပိန်ဟာ ပထမပွဲမှာ ကိတ်ဗာဒီအသင်းနဲ့ ဂိုးမရှိ သရေကျအောင် ကစားခဲ့ပြီးတဲ့နောက် ပြိုင်ပွဲလမ်းမပေါ် လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်ဟာ ကမ္ဘာ့ဖလားရခဲ့တဲ့နှစ်ကြိမ်စလုံးမှာ အဖွင့်ပွဲတွေကို ဂိုးပြတ်နဲ့အနိုင် မရတဲ့အသင်းဖြစ်လာပါတယ်။ ၂၀၁၀ ခုနှစ် တောင်အာဖရိကကမ္ဘာ့ဖလားတုန်းကလည်း ဆွစ်ဇာလန်ကို ၁-၀ နဲ့ ရှုံးခဲ့ပေမဲ့ နောက်ဆုံးမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းမှာ ကစားသမားတစ်ယောက်က ပွဲတစ်ပွဲအတွင်း ပေးဘော ၁၀၀ ကျော် အောင်မြင်ခဲ့တဲ့ဖြစ်ရပ်က မှတ်တမ်းအရ သုံးကြိမ်ပဲ ရှိပါတယ်။ အဲဒီသုံးကြိမ်ထဲက နှစ်ကြိမ်ကို ဒီတစ်ခါ စပိန်ကစားသမားတွေက လုပ်ပြနိုင်ခဲ့တာပါ။ ရိုဒရီက ၁၀၁ ကြိမ်၊ ပေါ ကူဘာစီက ၁၂၁ ကြိမ် အောင်အောင်မြင်မြင် ပေးခဲ့ပါတယ်။

ပြီးတော့ စပိန်အသင်းသားတွေအတွက် ဒါက အစပျိုးပဲ ဖြစ်နိုင်ပါသေးတယ်။

အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ပေါကူဘာစီဟာ ပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ဘာစီလိုနာအသင်းဖော် လာမင်းယာမားကလည်း အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့နှစ်တွေ စောင့်ကြိုနေသေးတယ်လို့ အများက ယုံကြည်နေကြပါတယ်။

လာမင်း ယာမားဟာ အသက် ၁၉ နှစ်နဲ့ ၆ ရက်အရွယ်မှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့တဲ့ တတိယမြောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ အရှေ့မှာတော့ ၁၉၅၈ ခုနှစ်က ပီလီ နဲ့ ၁၉၈၂ ခုနှစ်က ဂျူဆက်ပေ ဘီယက်ဂိုမီ တို့ပဲ ရှိပါတယ်။

အခုဆိုရင် ယာမားဟာ ကမ္ဘာ့ဖလားချန်ပီယံဆုရဖူးတဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ် တစ်ယောက် ပွဲပြီးခါနီးမှာ မိနစ် ၉၀ မှာ ကွင်းထဲကနေ ထွက်သွားရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အန်ဇို ဖာနန်ဒက်ဇ် တစ်ယောက် ပွဲပြီးခါနီးမှာ မိနစ် ၉၀ မှာ ကွင်းထဲကနေ ထွက်သွားရပါတယ်

စပိန်ရဲ့အောင်ပွဲကို အာဂျင်တီးနား ကဖျက်ယဖျက် မလုပ်နိုင်

အာဂျင်တီးနားအသင်းကို နိုင်ငံတကာဘောလုံးလောကမှာ "ဇာတ်လမ်းထဲက လူဆိုးဇာတ်ကောင်" ပုံစံနဲ့ မကြာခဏဆိုသလို မြင်ကြလေ့ရှိပါတယ်။ အထူးသဖြင့် အင်္ဂလန်ပရိသတ်တွေဘက်က ဆိုရင် အဲဒီလို ပိုသဘောထားလေ့ရှိပါတယ်။

အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းကလိုပဲ ဒီဗိုလ်လုပွဲရဲ့ပထမပိုင်းမှာလည်း အာဂျင်တီးနားက ကိုယ်တိုင်ဘောလုံးကစားဖို့ထက် ပွဲရဲ့စီးဆင်းမှုနဲ့ ကစားပုံ မပေါ်လာအောင် တားဆီးဖို့ကို ပိုစိတ်ဝင်စားနေတဲ့ပုံ ပေါ်နေခဲ့ပါတယ်။

ပွဲမှာ လီအန်ဒရို ပရဲဒက်စ်က အဲဒီလိုလုပ်တဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်ကလည်း သူ့နောက် ဒုတိယလိုက်သလိုဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားကစားသမား လေးယောက် အဝါကတ်ပြခံခဲ့ရပေမဲ့ ပြိုင်ပွဲတစ်လျှောက် ဒိုင်လူကြီးတွေဆီက အတော်လေး ညှာတာ ခံနေရတယ်ဆိုတဲ့သဘောထားကို ဒီဖြစ်ရပ်က ပိုပြီး အားဖြည့်ပေးတယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အောင်မြင်တဲ့ဘောလုံးပေးပို့မှု စုစုပေါင်းက ၄၆၄ ကြိမ်သာ ရှိခဲ့ပြီး စပိန်အသင်းကတော့ ၈၅၂ ကြိမ်အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလန်လို မဟုတ်ဘဲ စပိန်က ဒုတိယပိုင်းမှာ ခြေစွမ်း မကျသွားခဲ့ပါဘူး။ တောရက်စ်က ၁၀၆ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာ မတိုင်ခင်ကတည်းက စပိန်က ပွဲကို အပြီးသတ်နိုင်ခဲ့ရင်တောင် ဘယ်သူမှ မကျေမနပ် ဖြစ်စရာ မရှိလောက်ပါဘူး။

အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကတော့ ၁၁ ကြိမ်အထိ ကာကွယ်ခဲ့ရပြီး ဒါဟာကမ္ဘာ့ဖလားဗိုလ်လုပွဲ သမိုင်းတစ်လျှောက် ဂိုးသမားတစ်ဦးရဲ့အများဆုံး ကာကွယ်မှုမှတ်တမ်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးပမ်းတဲ့အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ သမိုင်းမှာ ပွဲချိန် မိနစ် ၉၀ အတွင်း ဂိုးပေါက်ကို တစ်ကြိမ်တောင် မကန်နိုင်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုက လီယွန်နယ် မက်ဆီရဲ့ ၁၁၇ မိနစ် ကန်ချက်မှသာ ထွက်ပေါ်လာခဲ့ပါတယ်။

အဆုံးမှာတော့ အာဂျင်တီးနားဟာ ချန်ပီယံဘွဲ့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ပွဲပြီး ခရာမှုတ်ပြီးနောက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးသွားခဲ့တယ်လို့ လူအများက ယူဆခဲ့ကြပါတယ်။

'ပွဲပြီး အပြုအမူတွေက လုံးဝမသင့်တော်ဘူး'

အာဂျင်တီးနားကစားသမား လီအန်ဒရို ပါရေးဒက်စ် နဲ့ စပိန်ကစားသမား ဂါဗီ တို့ လက်ထောက်နီးပြ ဝေါလ်တာ ဆာမွဲလ် အနီး တွန်းထိုးမှုဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဖာနန်ဒက်ဇ်ဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်လို့ ပထမအကြိမ် အဝါကတ်ပြခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ပေါ ကူဘာစီကို လေထဲမှာ လှိမ့်ကျသွားလောက်အောင် အချိန်နောက်ကျပြီး ပြင်းထန်တဲ့ဖျက်ထုတ်မှုကြောင့် ဒုတိယအဝါကတ် ထပ်ရကာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲပြီး ခရာမှုတ်ပြီးနောက်မှာလည်း ပါရေဒက်စ်က ရိုဒရီ၊ ဂါဗီ၊ ဘော်ဟာ အီဂလီစီယက်စ်တို့နဲ့ အချင်းများတာတွေဖြစ်ခဲ့ပြီး သူ့အသင်းဖော် နာဟူအယ် မိုလီနာကလည်း ဖြတ်သွားတဲ့ စပိန်ကစားသမားတစ်ဦးကို လက်သီးနဲ့ ထိုးဖို့ ကြိုးစားခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

ဘီဘီစီ ဘောလုံးအကဲခတ် အင်္ဂလန်ကစားသမားဟောင်း ဝိန်း ရူနီကတော့ "ပွဲပြီးအပြီးမှာ အဲဒီလိုအပြုအမူတွေ မြင်ရတာ တကယ် ရှက်စရာကောင်းပါတယ်။ တစ်ဖက်မှာ ကမ္ဘာ့ဖလားချန်ပီယံအသစ် ပေါ်ထွက်လာတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေက လက်မခံနိုင်စရာပါပဲ" လို့ ပြောပါတယ်။

"ပါရေဒက်စ်က ဒီထက် ပိုကောင်းတဲ့ ကစားသမားပါ။ ဒါပေမဲ့ သူက အဲဒီမှာ မရပ်ဘူး။ ဆက်ပြီး ပြဿနာ ရှာနေခဲ့တယ်" လို့လည်း ဆိုပါတယ်။

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီကတော့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျလျက် သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို ကာကွယ်ပြောဆိုဖို့ ကြိုးစားခဲ့ပေမဲ့ အကောင်းဆုံးအသင်းက အနိုင်ရသွားတာကိုတော့ ဝန်ခံခဲ့ရပါတယ်။

"၈၅ မိနစ်အထိ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားနေခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကစားသမား ၁၁ ယောက် အပြည့်ရှိနေသေးရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ သိချင်မိပါတယ်" လို့ ဖာနန်ဒက်ဇ် ထုတ်ပယ်ခံရမှုကို သူက ရည်ညွှန်းပြီး ပြောပါတယ်။

"ပွဲက အရမ်းဖွင့်ကစားတဲ့အနေအထားဖြစ်နေပေမဲ့ ကျွန်တော်တို့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ အနိုင်နဲ့ထိုက်တန်ပါတယ်။ ဒါဟာ အမှန်တရားပါပဲ" လို့ စကာလိုနီက ဆိုပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားဟာ အချိန်ပိုအထိ ဆက်ကန်နိုင်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံးခြောက်ကြိမ်ထဲက ငါးကြိမ်မြောက် အချိန်ပိုရောက်တဲ့ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်က သူတို့ရဲ့အားနည်းမှုနဲ့ စပိန်ကို မယှဉ်နိုင်ခဲ့တဲ့ အခြေအနေကို ဖုံးကွယ်မပေးနိုင်ခဲ့ပါဘူး။

"ဒီရလဒ်နဲ့ပတ်သက်ပြီး အာဂျင်တီးနားဘက်က ဘာမှ စောဒကတက်စရာ မလိုဘူးထင်တယ်။ ပွဲပြီးချိန် အပြုအမူတွေက လုံးဝ မသင့်တော်ဘူး" လို့ အင်္ဂလန်ဂိုးသမားဟောင်း ဂျိုး ဟတ်ကတော့ ဘီဘီစီ ဝမ်းကို ပြောပါတယ်။

"ရိုဒရီက သူတို့နဲ့ မျက်နှာချင်းဆိုင် သွားပြီး ထိပ်တိုက်ရင်ဆိုင်တာ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ မိနစ် ၁၂၀ လုံးလုံး ရန်စမှုတွေ ခံလာရတယ်၊ ကိုယ့်ဘက် မမျှတခဲ့ဘူးလို့ ခံစားရတယ်၊ ဒိုင်လူကြီးရဲ့ ဖိအားတွေလည်း ရှိခဲ့တယ်ဆိုတော့ သူ့အခြေအနေကိုတော့ နားလည်နိုင်ပါတယ်" လို့လည်း ဆိုခဲ့ပါတယ်။