တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာ‌နေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာ‌နေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ၊ ငဝန်မြစ်ရေကာတာကျိုးတဲ့ လေးမျက်နှာမှာ ရေထပ်တက်လာ လို့ အကူအညီတွေလိုအပ်နေ တဲ့ သတင်းအပါအဝင် ဩဂုတ် ၃ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာ‌နေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော် က ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်
  • ငဝန်မြစ်ရေကာတာကျိုးတဲ့ လေးမျက်နှာမှာ ရေထပ်တက်လာ လို့ အကူအညီတွေလိုအပ်နေ
  • ရေဘေးသင့်နေတဲ့ လေးမျက်နှာမြို့ မှာ တရုတ်နည်းပညာ ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြုနေတယ်လို့ ထုတ်ပြန်
  • မြန်မာစစ်တပ်(လေတပ်)ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ဩဂုတ် ၂ ရက်က လေ့ကျင့်ပျံသန်းရေး လုပ်နေချိန်မှာ ငှက်တစ်ကောင်နဲ့ တိုက်မိပြီး ပျက်
  • ရေဘေးသင့် 'လေးမျက်နှာမြို့'မှာ စက်သုံးဆီပြတ်လပ်နေလို့ ကယ်ဆယ်ရေးတွေအခက်ကြုံ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စပိန်ရွှေ့ပြောင်းအကျပ်အတည်းနဲ့ နိုင်ငံရေးမုန်တိုင်းထန်စေခဲ့တာဘာကြောင့်လဲ

    စပိန်ဟာ ရွှေ့ပြောင်းအရေးမှာ မလျော့မတင်း စောင်းကြိုးညင်းနေလား

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စပိန်ဟာ ရွှေ့ပြောင်းအရေးမှာ မလျော့မတင်း စောင်းကြိုးညင်းနေလား

    မော်ရိုကိုနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ စပိန်ပိုင် စီယူတာနယ်ထဲကို ကြာသပတေးနေ့က ရေကူးဝင်ရောက်လာခဲ့ကြတဲ့ရွှေ့ပြောင်းထောင်သောင်းချီထဲက အများစုဟာ အခုတော့ မော်ရိုကိုနိုင်ငံဘက်ခြမ်းဆီကို ပြန်သွားကြရပြီဖြစ်ပါတယ်။

    သူတို့ကို စပိန်စစ်တပ်နဲ့ ရဲတွေ ခြံရံပြီး နယ်စပ်အထိ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

    ဒီဖြစ်ရပ်ဟာ ဥရောပ နိုင်ငံတွေကြားမှာလည်း နိုင်ငံရေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။​ ထိရှလွယ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေအရေး ခေါင်းစဥ်အောက်မှာ ဥရောပရဲ့မတူကွဲပြားတဲ့ချဥ်းကပ်မှုကို လှစ်ဟပြလိုက်တာကြောင့်လည်းဖြစ်ပါတယ်။​

    ဒီအကြောင်း ‌ဆောင်းပါးလင်ခ့် မှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။

  2. ရေဘေးသင့် 'လေးမျက်နှာမြို့'မှာ စက်သုံးဆီပြတ်လပ်နေလို့ ကယ်ဆယ်ရေးတွေအခက်ကြုံ

    လူ ၈,၃၀၀ ကျော် ရေဘေးသင့်နေတဲ့ လေးမျက်နှာမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, မဏိစလလူမှုကူညီရေးအသင်း

    ဓာတ်ပုံ ပုံစာ, လူ ၈,၃၀၀ ကျော် ရေဘေးသင့်နေတဲ့ လေးမျက်နှာမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    တာကျိုးပေါက်လို့ ရေကြီးနေတဲ့ လေးမျက်နှာမြို့နယ်မှာ စက်သုံးဆီရှားပါးပြတ်လပ်မှုတွေဖြစ်လို့ ကူညီကယ်ဆယ်ရေး စက်လှေတွေနဲ့ ကယ်ဆယ်ယာဥ်တွေအတွက် အခက်ကြုံနေရတယ်လို့ ပရဟိတအသင်းတွေက ဘီဘီစီကို ပြောပါတယ်။

    ပရဟိတအသင်းတွေအနေနဲ့ စက်သုံးဆီလိုသလောက်ဝယ်ယူလို့ မရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နိုင်ရေး ‌စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    နေပြည်တော်နဲ့ တိုင်းအစိုးရဘက်ကလည်း ပရဟိအသင်းတွေအတွက် စက်သုံးဆီခွဲတမ်းချပေးတာတွေတော့ ဒီနေ့အထိ မရှိသေးဘူးလို့ ပရဟိတအဖွဲ့တချို့ကပြောပါတယ်။

    “အဓိကက Speed Boat တွေမောင်းနေရတာဆိုတော့ ဆီဝယ်ရတာ အခက်အခဲရှိတယ်။ အခုက QR နဲ့ ရောင်းနေတာဆိုတော့လေ။ ဒေသခံတွေက သူတို့ရဲ့ QR ကုဒ်တွေ ပေးပြီး ဝယ်နေရတာ။ အဆင်ပြေသလိုဝယ်နေကြတာ” လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူကပြောပါတယ်။

    အခုဆို လေးမျက်နှာမြို့မှာ ရေဘေးကြုံနေရတာ ၄ ရက်မြောက်နေ့ ရှိလာသလို ပရဟိတအသင်းတွေ အတွက် စက်သုံးဆီ လိုအပ်မှုကလည်း ပိုပြီးမြင့်မားလာနေတယ်လို့ ဆိုပါတယ်။

    “တစ်နေ့လုံး သွားနေရတာဆိုတော့ စက်သုံးဆီပြတ်လပ်တာတွေရှိတယ်။ အသင်းတွေအချင်းချင်း ချိတ်ဆက်ပြီး မျှပြီး သုံးနေရတာ” လို့ လေးမျက်နှာမြို့မှာကယ်ဆယ်ရေးလုပ်နေတဲ့ မန္တလေးမြို့အခြေစိုက်၊မဏိစလလူမှုကူညီရေးအသင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိ လေးမျက်နှာရေးဘေးမှာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီ အပါအဝင် ကရင်ပြည်နယ်တို့က လူမှုကူညီကယ်ဆယ်ရေး ကယ်ဆယ်ရေးအဖွဲ့ ၃၀ ဝန်းကျင်လောက် ဝိုင်ဝန်း ကူညီ‌ပေးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ထုတ်ပြောပါတယ်။

    ဩဂုတ် ၁ ရက်အထိ စာရင်းတွေအရ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်လို့ လူ ၈,၃၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဧရာဝတီအတိုင်းအစိုးရအဖွဲ့က ဩဂုတ် ၂ ရက်မှာ ကြေညာထားပါတယ်။

    ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ လေးမျက်နှာမြို့နယ်မှာ ဒီနေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

  3. မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျ

    Russian MIG-29 fighter jets (မြန်မာစစ်တပ်ရဲ့ စစ်ရေးပြပွဲနေ့ ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, Russian MIG-29 fighter jets (မြန်မာစစ်တပ်ရဲ့ စစ်ရေးပြပွဲနေ့ ပုံဟောင်း)

    မြန်မာစစ်တပ်(လေတပ်)ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ဩဂုတ် ၂ ရက်က လေ့ကျင့်ပျံသန်းရေး လုပ်နေချိန်မှာ ငှက်တစ်ကောင်နဲ့ တိုက်မှု ( bird strike )ကြောင့် ပျက်ကျမှုဖြစ်ခဲ့တယ်လို့ ဒီက‌နေ့ သတင်းထုတ်ပြန်ပါတယ်။

    လေယာဥ်အမျိုးအစားကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

    လေယာဉ်မောင်းကတော့ လုံခြုံရေးအရ လေယာဉ်ကနေ Eject (လေယာဉ်ထဲကနေ အရေးပေါ်ထွက်ခွာ) ပြုလုပ်ခဲ့လို့ အသက်အန္တရာယ်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။

    ရန်ကုန်၊ မှော်ဘီမြို့ရဲ့ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး မှာဖြစ်ခဲ့တာလို့ဆိုပြီး လေယာဉ်မောင်းကို သက်ဆိုင်ရာ နေရာတစ်ဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

    ထုတ်ပြန်ချက်အရ လေယာဉ်ဟာ ပုံမှန်လေ့ကျင့်ပျံသန်းရေးတာဝန်လုပ်နေချိန် အင်ဂျင်ခန်းထဲကို ငှက်ဝင်တိုက်မှုကြောင့် အင်ဂျင်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တာလို့ပြောပါတယ်။

  4. ‌နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား

    SCEF အဖွဲ့ဝင်များဆွေးနွေးပွဲ

    ဓာတ်ပုံ ရင်းမြစ်, SCEF

    ဇူလိုင် ၃၁ ရက်က ရက် ၁၀၀ ပြည့်ဖြစ်လို့ ဇူလိုင်လထဲ နေပြည်တော်မှာ တအာင်းတပ် - TLAN အပါအဝင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အဝင်အထွက်ကို ခပ်စိပ်စိပ် တွေ့ခဲ့ရပါတယ်။

    'ဝ' နဲ့ ကိုးကန့် အဖွဲ့တွေလည်း နေပြည်တော်သွားဖို့ ရှိနေပါတယ်။​တစ်ချိန်တည်းမှာပဲ NUG အစိုးရနဲ့ K3C ပါဝင်တဲ့ SCEF ကလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်တာတွေကို ဆွေးနွေးတယ်ဆိုပြီး နိုင်ငံရေးအဖွဲ့တွေ သာမက EROs တွေနဲ့ပါ ဆက်တိုက် တွေ့နေပါတယ်။

    SCEF နဲ့ တွေ့ခဲ့တဲ့ EROs အစုအဖွဲ့မှာဆိုရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) လည်းပါခဲ့ပြီး AA ဟာ SCEF အဖွဲ့ဝင် အဖြစ်ထက် ပူးပေါင်းလုပ်ဆောင်မယ့်သဘော ပိုတွေ့ရတယ်လို့ ဘီဘီစီမေးမြန်းခဲ့တဲ့ နိုင်ငံရေးစောင့်ကြည့်သူ ၃ ဦးက သုံးသပ်ပါတယ်။

    ဘာကြောင့်လဲ... ဒီ ဆောင်းပါးလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  5. ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာ‌နေကိုယ်စားလှယ်နဲ့ ပေးတွေ့တယ်လို့ နေပြည်တော်ထုတ်ပြ

    ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque က သွားရောက်တွေ့ဆုံခဲ့

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque က သွားရောက်တွေ့ဆုံခဲ့

    ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque က သွားရောက်တွေ့ဆုံခဲ့တယ်ဆိုပြီး နေပြည်တော်က ဒီကနေ့ သြဂုတ် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    '' ဒီနေ့မနက်တွေ့တာဖြစ်ပါတယ်''လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦး‌က ပြောပါတယ်။

    အဲဒီတွေ့ဆုံမှုသတင်းဓာတ်ပုံနဲ့ အတူ ဇွန် ၁၉ ရက် မွေးနေ့က အမှတ်တရ ဓာတ်ပုံနှစ်ပုံပါ ပူးတွဲပြီး ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရသေးပေမဲ့ ဘီဘီစီကိုအတည်ပြုပြောပါတယ်။

    ဇွန် ၁၉ ရက်က မွေးနေ့ ဓာတ်ပုံနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    တဖက်မှာလည်း အာဆီယံနဲ့ မြန်မာ့အရေးအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခွင့်တောင်းထားသလို နေပြည်တော်ရဲ့ အာဆီယံအစည်းအဝေးတွေပြန်တက်နိုင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သက်ဆိုင်တယ်လို့ပြောနေကြတာဖြစ်ပါတယ်။

    အခုဓာတ်ပုံဟာ စစ်အာဏာသိမ်း ၆ နှစ်နီးပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ နေပြည်တော်က တတိယအကြိမ်မြောက် ထုတ်ပြတဲ့ ဓာတ်ပုံလည်းဖြစ်ပါတယ်။

    ဘီဘီစီက ဒီကနေ့ နေပြည်တော်ရဲ့ ထုတ်ပြပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကင်မ်အဲရစ်ရဲ့သဘောထားနဲ့ မှတ်ချက်ကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။

  6. ရေမကြီးခင်နဲ့ ‌ရေကျချိန်လုပ်ရမယ့်အချက်တွေ

    မိုးပိုကြီးလာပြီး ရေဘေးကြုံရနိုင်တဲ့ အန္တရာယ်က ပိုများလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မိုးပိုကြီးလာပြီး ရေဘေးကြုံရနိုင်တဲ့ အန္တရာယ်က ပိုများလာ

    မြန်မာမှာ နှစ်စဥ်နှစ်တိုင်း ရေကြီးတာမျိုးက ကြုံရတတ်ကြပေမဲ့ ရာသီဥတုပြောင်းလဲမှုက မိုးတွေ ပိုကြီးလာစေပြီး ရေဘေးကြုံရနိုင်တဲ့ အန္တရာယ်က ပိုများလာပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းကာလတွေမှာ ရေကြီးမှုတွေကို တစ်နှစ်တည်းမှာပဲ အကြိမ်ကြိမ်ကြုံတွေ့ရတာမျိုးတွေ ရှိလာပါတယ်။

    ရေမတက်ခင်နဲ့ရေတက်ပြီး အချိန်တွေက အရေးကြီးသလို ရေကျသွားချိန်မှာ ဆောင်ရန် ရှောင်ရန်တွေကလည်းအထူးသတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။

    ရေမကြီးခင်နဲ့ ‌ရေကျချိန်လုပ်ရမယ့်အချက်တွေကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

  7. ရုတ်တရက် ရေကြီးမှုတွေဘာ့ကြောင့် ဖြစ်တာလဲ

    ရေကြီးမှု အမျိုးအစားတွေ အများအပြားရှိပေမဲ့ အန္တရာယ်ရှိတဲ့ ရေကြီးမှုမျိုးကတော့ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အလျင်အမြန် ရေမြင့်တက်လာတတ်တဲ့ "ရုတ်တရက် ရေကြီးမှုမျိုး" ဖြစ်ပါတယ်။

    ဒီရေကြီးမှုမျိုးက မိုးသည်းထန်စွာ ရွာသွန်းရာကနေ ဖြစ်တတ်လေ့ရှိပြီး အဆောက်အအုံတွေ ထိခိုက်ပြိုပျက်နိုင်လောက်အောင် အားပြင်းနိုင်ပါတယ်။

    မိုးခေါင်နေရာကနေ အကြီးအကျယ် မိုးသည်းထန်လာတာမျိုးလို ရာသီဥတု ထူးကဲမှုတွေကြောင့် ရာသီဥတု ပြောင်းလဲလာမှုကို ပိုဆိုးဝါးလာစေပြီး ရုတ်တရက် ရေကြီးမှုမျိုးတွေ မကြာခဏ ဖြစ်လာစေပါတယ်။

    ဒီတော့ ရုတ်တရက် ရေကြီးလာခဲ့ရင် ဘယ်လို လွတ်မြောက်အောင် လုပ်နိုင်မှာလဲဆိုတာ ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

  8. ငဝန်မြစ် ရေကာတာကျိုးတဲ့ 'လေးမျက်နှာ'မှာ ရေထပ်တက်လို့ အရေးပေါ် အကူအညီလိုအပ်နေ, ရေဘေးသင့်သူတွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရွှေ့ပြောင်းပေးရေးတွေဆက်လုပ်

    ငဝန်မြစ်ရေကာတာ ကျိုးပေါက်လို့ ရေဘေးသင့်နေတဲ့ လေးမျက်နှာမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, H Rescue

    ဓာတ်ပုံ ပုံစာ, ငဝန်မြစ်ရေကာတာ ကျိုးပေါက်လို့ ရေဘေးသင့်နေတဲ့ လေးမျက်နှာမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    ငဝန်မြစ်ရေကာတာပေါက်လို့ လူထောင်ချီ ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမှာ မြစ်ရေ တဖြည်းဖြည်းထပ်တက်လာနေလို့ အရေးပေါ် အကူအညီတွေ ဆက်လိုအပ်နေတယ်လို့ မြေပြင်မှာ အကူအညီပေးရေးလုပ်နေသူတချို့ကပြောပါတယ်။

    “ရေတွေက တဖြည်းဖြည်း ထပ်တက်လာတယ်။ လက်ရှိ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်” လို့ အကူအညီပေးရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။

    ဧရာဝတီတိုင်း အစိုးရအဖွဲ့ကတော့ ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ဩဂုတ်လ ၁ ရက် အထိအချက်အလက်တွေအရ ရပ်ကွက်/ကျေးရွာအုပ်စု ၁၀ ခုက အိမ်ခြေ ၁,၇၀၀ ကျော် ရေနစ်မြုပ်ပြီး လူပေါင်း ၈,၃၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဩဂုတ် ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်လို့ မြို့ပေါ် ရပ်ကွက် ၄၅ ခု၊ အနီးအနားက ရွာ ၄၅ ရွာကို ရေဝင်ရောက်မှုတွေ ရှိနေလို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ နေပြည်တော်ကထုတ်ပြန်ပါတယ်။

    ငဝန်မြစ်ကို မေးတင်ထားတဲ့ ရေကြည်မြို့နယ်က ရွာတွေမှာလည်း မိုးများနေတာကြောင့် ဒီနေ့မနက်ကစလို့ မြစ်ရေတဖြည်းဖြည်းတက်လာလို့ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ငပိဆိပ်ရွာက ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “မနေ့က မြစ်ရေ နဲ့ ကုန်းမြေနဲ့ က တပြေးတည်းဖြစ်လာတာ။ အခု တဖြည်းဖြည်းတက်လာတယ်။ ဟိုးအရင်တုန်းကလည်း ဒီလိုဖြစ်ဖူးတယ်။ တစ်ပတ်လောက်ဆိုရင် ရွာတွေအကုန်လုံးရေတွေဝင်ကုန်တော့မှာ။ အခု ပစ္စည်းတွေထည့်ပြီး တစ်နေရာရာပြောင်းမလို့ ပြင်နေတယ်” လို့ သူကပြောပါတယ်။

    ငဝန်မြစ်ဟာ လေးမျက်နှာမြို့နယ်၊ ဟင်္သာတ၊ ရေကြည် နဲ့ ကျုံပျော်မြို့နယ်တွေကို ဖြတ်သန်းစီးဆင်းတာပါ။

    လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေ ကာထားတဲ့တာဟာ အလျား ၅၀ ပေခန့် ကျိုးပေါက်သွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ဇူလိုင် ၃၀ ရက်ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

    မိုးဇလကတော့ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ ဒီနေ့ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးရွာသွန်းမှုဆက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

  9. မင်္ဂလာပါ။ ဩဂုတ် ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။