တိုက်ရိုက်ထုတ်လွှင့်မှု, နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဦးမင်းအောင်လှိုင်ပြော

နယ်စပ်ကုန်သွယ်ရေးမှာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • လားရှိုးမြို့ပေါ်ကို ဇူလိုင် ၉ ရက် ညနေပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး ရပ်ကွက် ၁၀ က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး သေဆုံး
  • ရခိုင်ပြည်နယ် မြို့နယ် ၈ ခု ထဲက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူတစ်သိန်းဝန်းကျင် ရေဘေးကြုံတွေ့နေပြီး တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့မိုးဇလသတိပေး
  • နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေးမှာ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် သေဆုံးတဲ့အမျိုးသမီး ဒီနေ့သင်္ဂြိုဟ်မယ်

    ဇူလိုင် ၉ ရက်က ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတဲ့ လားရှိုးမြို့ကနေအိမ်

    ဓာတ်ပုံ ရင်းမြစ်, SSPP Info

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၉ ရက်က ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတဲ့ လားရှိုးမြို့ကမြင်ကွင်း

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၉ ရက်ညနေပိုင်းက ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လားရှိုးမြို့ပေါ်က ရပ်ကွက် ၆၊ ရပ်ကွက် ၁၀ ၊ ရပ်ကွက် ၇၊ ရပ်ကွက် ၉ စတဲ့ နေရာတွေကို ဇူလိုင် ၉ ရက် ညနေပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး ရပ်ကွက် ၁၀ က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး သေဆုံးပြီး ရပ်ကွက် ၆ က အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

    “အဲဒီအမျိုးသမီးက တနေကုန် ဘုရားကျောင်းမှာ လုပ်ကိုင်ပေးပြီး ပင်ပန်းလာလို့ အိမ်မှာပြန်အိပ်တဲ့အချိန်အိမ်ပေါ် ဒုံးကျတော့ ပြေးချိန်မရလိုက်ဘူး။ ဆေးရုံပို့တဲ့လမ်းမှာပဲ ဆုံးတာ။ သူ့မှာ ကိုယ်ဝန်ရှိနေတာတော့သိတယ်၊ ဘယ်နှလလည်းတော့ မသိဘူး”လို့ သေဆုံးသူ အမျိုးသမီး မိသားစုဝင်နဲ့ နီးစပ်သူ လားရှိုးမြို့ခံက ပြောပါတယ်။

    ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတဲ့ နေရာတွေကို စစ်တပ်က မနေ့ညနေပိုင်းက လိုက်စစ်ဆေးတာတွေ ရှိပေမဲ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းအထိတော့ ပြည်သူတွေ ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။

    တချို့ မိဘတွေကတော့ ကလေးတွေကို ကျောင်းမပို့ဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပါတယ်။

    ရှော့တိုက်ဒုံး ပစ်တဲ့နေရာဟာ မြို့ရှောင်လမ်းရှိတဲ့ ဆင်တောင်ဘက်က ဖြစ်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

    လားရှိုးမြို့ထဲက ရပ်ကွက် ၁၂ ခုထဲမှာသာ စစ်တပ်က စိုးမိုးနိုင်ပြီး လားရှိုးမြို့ပြင်ဘက်တွေကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    လားရှိုး- သီပေါ- မိုင်းရယ်လမ်းကိုလည်း ပြန်စိုးမိုးခွင့်ရဖို့ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏ ညှိနှိုင်းတာတွေ ရှိနေတယ်လို့လည်း ရှမ်းမြောက်အရေး ကျွမ်းကျင်တဲ့ လားရှိုးမြို့ခံက ပြောပါတယ်။

    ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ ဖြတ်သန်းလာတဲ့ တရုတ်ပစ္စည်းသယ်ကုန်ကားတွေကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး ရက် ၁၀၀ စီမံချက်ဆိုပြီး စစ်တပ်က လားရှိုးမြို့ထဲကို ဝင်ခွင့်မပြုတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လားရှိုးမြို့ဟာ ကိုးကန့်တပ်-MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် မှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ညှိနှိုင်းမှုကြောင့် ၂၀၂၅ ခုနှစ်မှာ ဧပြီမှာ စစ်တပ်က ပြန်ထိန်းချုပ်တာဖြစ်ပါတယ်။

    နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘဲအိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ မြန်မြန်အကောင်အထည်ဖော်နိုင်အောင် လုံခြုံရေးနဲ့ ထိန်းချုပ်ရေးပိုင်းတွေကို ဆောင်ရွက်ဖို့ကိုလည်း အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၉ ရက်မှာ ပြောထားပါတယ်။

  2. ရခိုင်မှာ ကျေးရွာ ၁၀၀ လောက်က ပြည်သူ တစ်သိန်းဝန်းကျင် ရေဘေးသင့်, တစ်ပတ်ကျော်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမိုးကြီးနိုင်တယ်လို့ မိုးဇလသတိပေး

    ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးအဖွဲ့ဝင်တွေက ရေဘေးသင့်သူတွေကို ကူညီပေး

    ဓာတ်ပုံ ရင်းမြစ်, ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး

    ဓာတ်ပုံ ပုံစာ, ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးအဖွဲ့ဝင်တွေက ရေဘေးသင့်သူတွေကို ကူညီပေး

    အာရက္ခတပ်တော်-အေအေ ထိန်းချုပ်တဲ့ မြို့နယ် ၈ ခု ထဲက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူတစ်သိန်းဝန်းကျင် ရေဘေးကြုံတွေ့နေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ စာ‌ရေးဆရာ ဝေဟင်အောင်က ဘီဘီစီကို ပြောပါတယ်။

    ဇူလိုင် ၇ ရက်ကစပြီး ဇူလိုင် ၁၀ ရက်အထိ မိုးဆက်တိုက် ရွာနေတာကြောင့် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်ဘေးက မြို့နယ်တွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်မှာ ရေဘေးသင့်သူ အများစုဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေထဲပါ ရေဝင်နေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေမှာလည်း မြေနိမ့်ပိုင်းက ပြည်သူတွေ ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

    “မိုးက ဆက်တိုက်ရွာနေတာ၊ ဒီနေ့မနက်အထိ တောက်လျှောက်ပဲ မပြတ်သေးဘူး။ ရေကလည်း မနေ့ကထက် ပိုတက်လာတယ်၊ ရေကြီးနေလို့ တမြို့နယ်နဲ့တမြို့နယ် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားပြီ”လို့ စာ‌ရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

    ရေကြီးတာတွေကြောင့် လူ ၃ ယောက်သေဆုံးပြီး လမ်း/တံတားတချို့ ထိခိုက်ပျက်စီးတာ၊ မြေပြို၊ ကမ်းပြိုတာတွေ ရှိနေသလို ရေကြီးတာတွေကလည်း ပိုဆိုးလာနိုင်တယ်လို့ အာရက္ခတပ်တော်-အေအေ ရဲ့ လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

    သေဆုံးသူတွေဟာ ကျောက်တော်မြို့နယ်ကဖြစ်ပြီး ရေကြီးချိန်မှာ စက်လှေမှောက်တာကနေ သေဆုံးတာဖြစ်တယ်လို့ ရေဘေးသင့်ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

    မြန်မာနိုင်ငံကို မုန်တိုင်းနဲ့ မိုးသက်ရောက်မှု ရှိစေတဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းတာတွေကြောင့် ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

    ရခိုင်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း(မြောက်၊အရှေ့) တွေမှာ နေရာကွက်မိုးကြီးနိုင်တာကြောင့် ရေကြီးတာ၊ မြေပြိုတာတွေကို သတိထားဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။

    ရခိုင်ပြည်နယ်မှာ ရေကြီးမှုဟာ အလွန်ပြင်းထန်တဲ့ ခရမ်းရောင်အဆင့်ရှိပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ဖြစ်လာနိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးရေလျှံမှု သတိပေးစောင့်ကြည့်ရေးစနစ် (Global Flood Awareness System - GloFAS)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မိုးလေဝသ စောင့်ကြည့်သူ ဦးဝင်းနိုင်က ရေးသားထားပါတယ်။

  3. ဒေါက်တာဖေဉာဏ် - ဗိုလ်ချုပ်ကြီးတွေရဲ့အခါတော်ပေး အသတ်ခံရခြင်း

    ဒေါက်တာဖေဉာဏ် တဖြစ်လဲ အရှင်ပညာဝံသ အသတ်ခံရတာက အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ အသိုင်းအဝိုင်းမှာတော့ အတော်လေးလှုပ်ခတ်တဲ့သတင်း ဖြစ်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images၊ BBC၊ မြန်မာသံတော်ဆင့်

    ဓာတ်ပုံ ပုံစာ, ဒေါက်တာဖေဉာဏ် တဖြစ်လဲ အရှင်ပညာဝံသ အသတ်ခံရတာက အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ အသိုင်းအဝိုင်းမှာတော့ အတော်လေးလှုပ်ခတ်တဲ့သတင်း ဖြစ်ခဲ့ပါတယ်။

    ဒေါက်တာဖေဉာဏ်က ဗိုလ်ချုပ်ကြီးနေဝင်းနဲ့သိကျွမ်းသူ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူ၊ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးလုပ်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ အဆက်အသွယ်ရှိခဲ့လို့ ထိပ်တန်းစစ်ခေါင်းဆောင်အဆက်ဆက်နဲ့ ပတ်သက်ခဲ့သူဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်တွေကို အခါတော်ပေးခဲ့ရုံသာမကဘဲ မြန်မာလူထုရဲ့ ထုံးတမ်းစဥ်လာနဲ့ နေ့စဥ်ဘဝတွေကို ပုံဖော်နေတဲ့ မြန်မာပြက္ခဒိန်တွေရဲ့နောက်ကွယ်မှာ သြဇာကြီးမားသူအဖြစ် ဒေါက်တာဖေဉာဏ်က ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပါတယ်။

    သူ့ဘ၀ တလျှောက် ရဟန္တာတွေကိုလိုက်ရှာခဲ့သူဖြစ်ပြီး သံသရာဘေးကိုကြောက်လို့ ရဟန်းဝတ်တယ်လို့ ဆိုခဲ့ပါတယ်။ရဟန်းဘ၀မှာ သူ့ကိုသူ "အရိယာ" လို့ ထုတ်ပြောလို့ မေးခွန်းထုတ်ခံရ၊ ဝေဖန်ခံရသူဖြစ်ပါတယ်။အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဦးမင်းအောင်လှိုင်ပြော

    ဇူလိုင် ၉ ရက်မှာ ကျင်းပတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၉ ရက်မှာ ကျင်းပတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေး

    နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီး နယ်စပ်ဆိုင်ရာစီမံခန့်ခွဲရေးဟာ သက်ဆိုင်ရာနှစ်နိုင်ငံ အစိုးရတွေကသာ အဓိကတာဝန်ယူစီမံ ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်လို့မရကြောင်း သူက ထပ်လောင်းပြောပါတယ်။

    ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေးမှာ ပြောခဲ့တာပါ။

    အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းတွေအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေကို အစိုးရအဖြစ် တာဝန်ယူထားတဲ့ ငါးနှစ်အတွင်းမှာ ပြီးစီးအောင် အကောင်အထည်ဖော်ဖို့ကိုလည်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ဒီလိုအကောင်အထည်ဖော်ဖို့အတွက်ကိုလည်း လုံခြုံရေး၊ ဥပဒေစိုးမိုးရေးတွေကို လုပ်ဆောင်နိုင်ဖို့ကိုလည်း ထည့်သွင်းပြောပါတယ်။

    ဒါ့အပြင် ဦးမင်းအောင်လှိုင် အလေးပေး ပြောထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းရဲ့ အဓိကလမ်းကြောင်းမှာ ပါဝင်နေတဲ့ မုံရွာ-ယာကြီး-ကလေး-တမူး လမ်းကြောင်းကို သွားလာခွင့်ရမယ်ဆိုရင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးပိုများလာမယ်လို့ ပြောထားပါတယ်။

    မုံရွာ-ယာကြီး-ကလေး-တမူးလမ်းကို ပြီးခဲ့တဲ့ ဇွန် မှာစစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး ပြန်ထိန်းချုပ်ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဇူလိုင် ၈ ရက်အထိ အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ တမူးမြို့နယ် ကနန်ကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

    အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဟာ အရှည်ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) ရှည်လျားသော လမ်းမကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ မြန်မာနိုင်ငံကိုဖြတ်သန်းပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

    အိန္ဒိယ-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့လမ်းဟာ မြန်မာနိုင်ငံ တမူး၊ ခမ်းပတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ပဲခူး၊ မြဝတီမြို့တို့ကို ဖြတ်သန်းသွားမှာဖြစ်ပြီး လမ်းပိုင်းအများစုမှာ လုပ်ငန်းများပြီးစီးနေပေမဲ့ လုံခြုံရေးအခြေအနေများကြောင့် လမ်းပိုင်းအချို့ ဆက်လက်ဆောင်ရွက်ရန်ကျန်နေသေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    မြန်မာနိုင်ငံဟာ အိန္ဒိယ တရုတ် ၊ ထိုင်း နယ်စပ်မြို့နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်းရှိပြီး တချို့အဖွဲ့အစည်းတွေနဲ့တော့ နယ်စပ်ဂိတ်တွေဖွင့်ဖို့ ဆွေးနွေးနေတာလည်း ရှိပါတယ်။

  5. မင်္ဂလာပါ။ ဇူလိုင် ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။