တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး

မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး တဲ့ သတင်းအပါဝင် ဇွန်လ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်‌ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး
  • 'Walk for Peace' ဆရာတော်တွေဟာ ခွေးကလေး အာလောက နဲ့ အတူ ဇွန်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ကြွချီလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အသက် ၄၄ နှစ်မှာ ကွင်းထဲခြေပြန်ချမယ့်တင်းနစ်ဘုရင်မ

    ၂၀၂၆ မိုင်ယာမီ အိုးပန်းပြိုင်ပွဲမှာမြင်ရတဲ့ ဆီရီနာ ဝီလီယံစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ မိုင်ယာမီ အိုးပန်းပြိုင်ပွဲမှာမြင်ရတဲ့ ဆီရီနာ ဝီလီယံစ်

    ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေထဲ တစ်ယောက်ဖြစ်တဲ့ ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ် လောကထဲက ထွက်ခွာသွားတာ ၄ နှစ်လောက် ကြာခဲ့ပြီးမှ Queen's Club လို့ခေါ်တဲ့ လန်ဒန်က ပုဂ္ဂလိက ကလပ်အသင်းမှာ အမျိုးသမီး နှစ်ဦးချင်း ယှဥ်ပြိုင်ရတဲ့ ပွဲတွေ အခုလကုန်ပိုင်းမှာ ကစားဖို့ ရှိပါတယ်။

    ဇွန်လ ၈ ရက်နေ့မှာ စမယ့်ပြိုင်ပွဲအတွက် wildcard လို့ခေါ်တဲ့ ခွင့်ပြုကတ်ကို ရရှိထားပြီး သူနဲ့တွဲကစားမယ့်သူကို တရားဝင် အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ သူနဲ့အတူ ကစားမယ့်သူဟာ ကနေဒါ ဆယ်ကျော်သက် တင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကို ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

    အမေရိကန်သူ အသက် ၄၄ နှစ်အရွယ် ဆီရီနာ ဝီလီယံစ်ဟာ တင်းနစ်ကစားခဲ့တဲ့ ၂၇ နှစ်အတွင်း Grand Slam (ဂရန်းစလန်း) ဆုကို တစ်ဦးတည်း ချန်ပီယံ ၂၃ ကြိမ်အနိုင်ရပြီးနောက် ၂၀၂၂ မှာ တင်းနစ်လောကထဲက အနားယူသွားခဲ့တာပါ။

    တားမြစ်ဆေး သုံးစွဲမှု ရှိ မရှိ စစ်ဆေးဖို့ မှတ်ပုံတင်ထားတဲ့ကစားသမားတွေ စာရင်းမှာ သူ့နာမည် ပါခဲ့ပြီးနောက် သူတင်းနစ်လောကထဲ ပြန်လာမယ့်သတင်းတွေ မနှစ်ကစပြီး စထွက်ခဲ့တာ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. 'Walk for Peace' ဆရာတော်တွေ ထိုင်းနိုင်ငံရောက်ရှိနေ

    ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ Walk for Peace ဆရာတော် အရှင်ဘိက္ခု ပညာကာရ

    ဓာတ်ပုံ ရင်းမြစ်, Walk For Peace

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ Walk for Peace ဆရာတော် အရှင်ဘိက္ခု ပညာကာရ

    ‘အမေရိကန်က ‘Walk for Peace’ ဗုဒ္ဓဘာသာဆရာတော်တွေဟာ ခွေးကလေး အာလောက နဲ့ အတူ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

    ဆရာတော် အရှင်ဘိက္ခု ပညာကာရ ဦးဆောင်တဲ့ ‘Walk for Peace’ ဆရာတော်တွေရဲ့ ဘန်ကောက်ခရီးစဉ်ဟာ ဇွန်လ ၂ ရက်ကနေ ဇွန် ၈ ရက်နေ့အထိ ၇ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

    ဒီခရီးစဉ်အတွင်း Walk for Peace ဆရာတော်တွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က ထိုင်းဆရာတော်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ဇွန်လ ၃ ရက် ညနေ ၃ နာရီ မှာတော့ နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်မကြီး သီရိခေတ်အတွက် တော်ဝင်နန်းတော်မှာ သွားရောက်ဆုတောင်းပေးကြမှာဖြစ်ပါတယ်။

    ညနေ ၆ နာရီမှာတော့ ဘုရင်မင်းမြတ်ရဲ့ ကြင်ယာတော်မိဖုရားရဲ့ မွေးနေ့မင်္ဂလာအထိမ်းအမှတ် တရားတော်ချီးမြှင့်ပွဲကို လည်း တက်ရောက်သွားဖို့ရှိပါတယ်။နောက်ပြီး ကထိန်အလှူတော်မင်္ဂလာအတွက် လည်း တရားပွဲပြုလုပ်ဖို့ ရှိတယ်လို့ဆိုပြီး အတိအကျ ကိုတော့ ထပ်မံကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

    ဇွန်လ ၄ ရက်မှာတော့ ထိုင်းဗုဒ္ဓဂယာကျောင်းတိုက်မှာ သာသနာပြုနေတဲ့ အိန္ဒိယ နဲ့ နီပေါဆရာတော်တွေ နဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။

    ဆရာတော် အရှင်ဘိက္ခု ပညာကာရ အပါအဝင် ‘Walk for Peace’ က ထိုင်းဆရာတော် ၈ ပါးတို့ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ "Ashoka Pillar of Moral Leadership" ဆုကို ဇွန်လ ၅ ရက်နေ့၊ ရာဇမင်္ဂလာ University of Technology Thanyaburi တက္ကသိုလ်မှာ လက်ခံယူသွားဖို့လည်းရှိနေပါတယ်။ ဒီဆုဟာ ဗုဒ္ဓရဲ့ တရားတော်တွေ ၊ ချစ်ခြင်း၊ မေတ္တာတွေ အတွက် ကိုယ့်ကျိုးစွန့်ကျိုးစားသူတွေကို ထိုင်းနိုင်ငံက ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။

  3. ၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း သိထားသင့်တဲ့အချက်တွေ

    သမိုင်းတလျှောက် အကြာဆုံး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, သမိုင်းတလျှောက် အကြာဆုံး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။

    ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတွေက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမှာပါ။

    ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ် နိုင်ငံ သုံးနိုင်ငံပေါင်းပြီး ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၁ ရက်နေ့၊ မက္ကဆီကို မြို့ မှာ ကျင်းပမှာ ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ကျင်းပမှာပါ။

    ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရက်ပေါင်း ၃၉ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

    ၁၉၉၄ ခုနှစ် ၊ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ထက် နှစ်ဆ တိတိ အသင်းတွေ ပိုများလာတာပါ။

    ၂၀၂၆ ကမ္ဘာဖလားနဲ့ ပတ်သက်လို့ ထူးခြားချက်တွေအကြောင်း ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  4. 'ဘုရားက ကျွန်မတို့ မြားနတ်မောင်' - သီလရှင်ကျောင်းမှာဆုံပြီး လက်ဆက်ကြသူတွေ

    ဖရန်စီလာ ကိုစတာ (ဘယ်) နဲ့ လွီဇာ ဆေဗာရီယို (ညာ)

    ဓာတ်ပုံ ရင်းမြစ်, Courtesy of Francília Costa and Luiza Silvério

    ဓာတ်ပုံ ပုံစာ, ဖရန်စီလာ ကိုစတာ (ဘယ်) နဲ့ လွီဇာ ဆေဗာရီယို (ညာ)

    "တော်တော်ကဲတဲ့ သီလရှင်လေးပဲ'''

    စမြင်မြင်ချင်းတုန်းကတော့ မေတ္တာသက်ဝင်ဖို့ ခက်ခဲခဲ့ပါတယ်။ လွီဇာ ဆေဗာရီယို တစ်ယောက် သူ့ရဲ့ကြင်ဖက်ဖြစ်လာမယ့်သူကို စတွေ့တုန်းက သူတို့ အသက် ၁၉ နှစ်အရွယ် သီလရှင်ငယ်လေးတွေပါ။ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်မရခဲ့ပါဘူး။

    အခုတော့ သူတို့နှစ်ဦး ပျော်ရွှင်စွာ လက်ထပ်ပြီးပြီဖို့ ဇနီးဖြစ်တဲ့ ဖရန်စီလာ ကိုစတာက ဘီဘီစီ သတင်း ဘရာဇီးဌာနကို သူတို့အကြောင်း ပြောပြလာတာပါ။

    ''ကျွန်မ ခေါင်းထဲ သူ အကြောင်းတွေးမိတော့ ဘယ်လိုကောင်လေးက ဒီလိုကောင်မလေးကို မျက်စိကျပါ့မလဲပေါ့''

    ဒါပေမဲ့ သူတို့နှစ်ဦးကြား သူငယ်ချင်းလို ဆက်ဆံရေးခိုင်မာလာတာ တင်မကပါဘူး။ သီလရှင်ကျောင်းအတွက် သူတို့ သန္နိဋ္ဌာန်ဟာလည်း ယိမ်းယိုင်လာပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  5. တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

    ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေလ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေလ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း

    ရှမ်း(မြောက်)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

    မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတချို့ကတော့ ပေါက်ကွဲမှုက ယမ်းချက်စက်ရုံနဲ့ဆက်နွယ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ "ယမ်းချက်တာ၊ ယမ်းစပ်တာတွေ လုပ်တယ်။ သိုလှောင်ထားတဲ့ယမ်းတွေလည်းရှိတယ်" လို့ စက်ရုံမှာလုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတချို့နဲ့ နီးစပ်သူ ၁ ဦး အပါအဝင် ရွာခံ ၂ ဦးက အတည်ပြုပြောပါတယ်။

    ကောင်းတပ်ရွာ ပေါက်ကွဲမှုဟာ ဘယ်လိုဖြစ်ပွားခဲ့သလဲ၊ TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာ ယမ်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ဘီဘီစီက မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံ ၅ ဦးထက်မနည်းကို မေးမြန်းထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  6. မြန်မာဘက်က ဒရုန်း ထိုင်းဘက်ကျလို့ မြန်မာလုပ်သားမိသားစု ၃ ဦးသေဆုံး

    ဇွန်လ ၂ ရက်က မြန်မာဘက်က ကျလာတဲ့ ဒရုန်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Supplied

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၂ ရက်က မြန်မာဘက်က ကျလာတဲ့ ဒရုန်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဘက်ခြမ်း မြဝတီခရိုင်ထဲက ဝေါလေဒေသထဲက မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

    တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်းကို မနေ့ ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီလောက်က ဒရုန်းကျရောက်ပေါက်ကွဲခဲ့လို့ တာ့ခ်ခရိုင် ၊ ဖုတ်ဖရာမြို့နယ်၊ မော့ကဲထိုင်း ကျေးရွာအနီးက ငရုတ်စိုက်ခင်းထဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ပါတယ်။

    ထိုင်းသတင်းတွေမှာ‌ဖော်ပြချက်အရ ကာမီကာဇေဒရုန်းတစ်စင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ချိန်မှာ အဲဒီအလုပ်သမား မိသားစုက သွားရောက်ကြည့်ရှုခဲ့တာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ဆိုသလို နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

    သေဆုံးသူတွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မခိုင်၊ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဦးသူရ နဲ့ အသက် ၁၁ နှစ်အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့တာပါ။

    ဒီကနေ့မနက်မှာတော့ ထိုင်းစစ်တပ်နဲ့ လက်နက်ကျွမ်းကျင်မိုင်းအဖွဲ့ တွေ က အဲဒီနေရာကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ထိုင်းဘက်ခြမ်းကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    ထိုင်းနိုင်ငံ၊ ဖုတ်ဖရာမြို့နယ်ထဲက ဘန်ဝါလေရွာနဲ့ တဖက်ခြမ်း မြန်မာဘက်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်စခန်း ကို KNU လက်အောက်ခံ KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ မြေပြင်ရင်းမြစ်ဆီက သိရှိရပါတယ်။

    အဲဒီဝေါလေဘက်က တိုက်ပွဲကို စစ်ကူပေးဖို့အတွက် မြန်မာစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ ဖလူးဒေသထဲကနေ ဝင်ရောက်ဖို့ ကြိုးစားနေလို့ အဲဒီဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်တပ်က ကာမီကာဇေဒရုန်းတွေကို အမြောက်အများအသုံးပြုခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။

    “ အခုက မဲဆောက်ဘက်နားကိုရောက်လာပြီး လူသေတာဆိုတာတော့ လူပြောများတဲ့ ကိစ္စဖြစ်နေတယ်” လို့ နယ်စပ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

    “အခုနောက်ပိုင်း ထူးခြားတာက ကာမီကာဇေတွေ အရမ်းသုံးတယ်။ တပ်မမှူး၊ တိုင်းမှူးက သူတို့ကို ဆူထားတယ်။ လေယာဉ် သုံးပြီး ဘာမှ မဖြစ်လာတော့ လေယာဉ်ကို လျှော့သုံးတယ်။ ပိုက်ဆံဖြုန်းတယ်ဆိုပြီး ဖြစ်တော့ အဲဒီဘက်က ကာမီကာဇေက ဒီဘက်ကိုကျလာတာ။ ၂၇၅ က ထုတ်တဲ့ ဒရုန်းတွေလေ” လို့ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    မြန်မာဘက်ခြမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃,၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ခဲ့ပြီး၊ ဒေသခံ ၂၀၀ ဝန်းကျင်လောက်ဟာ တာ့ခ်ခရိုင်ထဲကို တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။

  7. မင်္ဂလာပါ။ ဇွန်လ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။