ဧပြီ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှု ရက်ပေါင်း ၁,၉၀၀ ရှိလာ၊ မြန်မာနှစ်သစ်ကူးမှာ နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြ
မြန်မာနှစ်သစ်ကူးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့သတင်းအပါအဝင် ဧပြီ ၁၅ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းကထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ဖားကန့်မြို့နယ်၊ မရှီကထောင်ကျေးရွာ ဆုတောင်းကုန်းစခန်းကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပြန်ပြီးစိုးမိုးထားပြီလို့ဆို
- ရွှေကျင်မြို့နယ်ထဲက လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း)ကိုသိမ်းခဲ့တယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဌာန ထုတ်ပြန်
- ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခံရပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ TNLA က သင်္ကြန်အကြတ်နေ့မှာ ထုတ်ပြန်ပါတယ်
- ပတ္တရားမြို့ ခိုလမ်းကျွန်းပေါ်က တောင်အောက်မှာ သေဆုံးနေတဲ့ မြန်မာတစ်ဦးအလောင်းတွေ့
- မြဝတီမြို့တောင်ပိုင်း မင်းလက်ပံကျေးရွာမှာမြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲ လို့ နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီး
- ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာနဲ့ တပ်စခန်းတချို့ကို စစ်တပ်က ပြန်ပြီးထိုးစစ်ဆင်လို့ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ကြား တိုက်ပွဲတွေပြင်းထန်နေ
- ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှု ရက်ပေါင်း ၁,၉၀၀ ရှိလာ၊
- မြန်မာနှစ်သစ်ကူးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေပြုလုပ်နေကြ
တိုက်ရိုက် ထုတ်လွှင့်ချက်
နှစ် ၂၀၀ ကျော်ကြာဆိုတဲ့ ရန်ငြိုးကိုခဝါချခဲ့ကြတဲ့ ကယန်းဆွေမျိုးစုနှစ်စု

ဓာတ်ပုံ ရင်းမြစ်, Nyein Mg / KarenniPeople'sVoice
ဓာတ်ပုံ ပုံစာ, လိုဘာခိုကျေးရွာနဲ့ ယပ်ခူကျေးရွာ ဆွေမျိုးစုတွေလက်ဆွဲနှုတ်ဆက်ခဲ့ကြ ကရင်နီ(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်းက လိုဘာခို ဆွေမျိုးစုနဲ့ ယပ်ခူဆွေမျိုးစုတွေကြားက နှစ်ပေါင်းများစွာကြာ မပြေလည်မှုတွေကို ပြန်လည်သင့်မြတ်ခြင်းသဘောတူညီမှု စာချုပ်ချုပ်ဆိုပြီး အဆုံးသတ်ခဲ့ကြပါပြီ။
ဒီကနေ့ခေတ်ကာလထိတိုင် နှစ်ဖက်ဆွေမျိုးစုဟာ လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်လို့မရသလို၊ ထိမ်းမြားခြင်းပြုလုပ်ပါကလည်း စောစီးစွာ သေဆုံခြင်းတွေကို ဖြစ်စေတယ်လို့ ယုံကြည်ယူဆခဲ့ကြပါတယ်။
ဒီဆွေမျိုးနှစ်စုအကြား လက်ထပ်ထိမ်းမြားလို့မရဘူးဆိုပြီး ဆင့်ကဲသယ်ဆောင်လာတဲ့ ဓလေ့ထုံးတမ်းလို ယုံကြည်မှုဆိုင်ရာ အယူအဆတချို့နဲ့အတူ အချင်းများမပြေလည်မှုတွေကို နောက်မျိုးဆက်တွေအထိ လက်ဆင့်မကမ်းလိုကြပါဘူး။
ဒါကြောင့်ကျေးရွာအုပ်ချုပ်မှူးတွေ ဦးဆောင်မှုနဲ့ ကျေးရွာမျိုးနွယ်စု ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းဖြေရှင်းကြပြီးနောက် ပြေလည်မှုလမ်းကြောင်းကို ဖောက်ခဲ့ကြပါတယ်။
ဆောင်းပါးအပြည့်အစုံကိုဒီလင််ခ့ကို နှိပ်ပြီးဖတ်ရှုနိုင်ပါပြီ။
ချင်းပြည်ကောင်စီ ကဆေးတက္ကသိုလ်ဖွင့်လှစ်

ဓာတ်ပုံ ရင်းမြစ်, ချင်းပြည်(Chinland) ကောင်စီ
ဓာတ်ပုံ ပုံစာ, Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်ပွဲ ချင်းပြည်(Chinland) ကောင်စီ၊ ချင်းပြည်(Chinland) အစိုးရအဖွဲ့ရဲ့ လက်အောက် ချင်းပြည်ကျန်းမာရေးဝန်ကြီးဌာနရဲ့ Chinland Jordan School of Medicine ဆေးတက္ကသိုလ်ကို ချင်းပြည်နယ်၊ ချင်းလုံမြို့မှာ ဧပြီ ၁၄ ရက်က ဖွင့်လှစ်ခဲ့တယ်လို့ ချင်းကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
ဒါအပြင် ချင်းလုံမြို့ မှာ ချင်းပြည်(Chinland) ကောင်စီ၊ ချင်းပြည်(Chinland) အစိုးရအဖွဲ့၊ ချင်းပြည်(Chinland)လွှတ်တော်က တာဝန်ရှိသူတွေနဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံပြီး ချင်းပြည်(Chinland)ကောင်စီနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအကြား လုပ်ငန်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဆေးတက္ကသိုလ်ဖွင့်လှစ်ရေးအတွက် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တို့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဆေးတက္ကသိုလ်ဟာ ချင်းပြည်နယ်ရဲ့ ပညာရေးမဏ္ဍိုင်၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နဲ့ တော်လှန်ရေး မဏ္ဍိုင်သုံးရပ် အားကောင်းလာရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလို့ဆိုပါတယ်။
လက်ရှိမှာတော့ ဆေးတက္ကသိုလ်လည်ပတ်မယ့်ပုံစံနဲ့ သင်ကြာရေးလုပ်မယ့်သင်ရိုးညွှန်းတမ်းအစီအစဥ်တွေနဲ့ ပတ်သက်ပြီး တိတိကျကျသိရတာမရှိသေးပါဘူး။
ကပ္ပလီပင်လယ်ပြင်ထဲ ရိုဟင်ဂျာဒုက္ခသည် လှေနစ်မြုပ်မှုကြောင့်လူရာနဲ့ချီ ပျောက်ဆုံး- ကုလသမဂ္ဂ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ပင်လယ်ပြင်ဖြတ် ရွှေ့ပြောင်းဖို့ကြိုးစားတဲ့ ရိုဟင်ဂျာဒုက္ခသည်များ(ပုံဟောင်း) ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအပါအဝင် စုစုပေါင်း လူ ၂၅၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ လှေတစ်စီးဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားပြီး လူတွေ ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) တို့က ဧပြီလ ၁၄ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ တင်ဆောင်ထားတဲ့ ဒီလှေဟာ လေပြင်း၊ လှိုင်းကြမ်းနဲ့ လူတွေပြွတ်သိပ်လိုက်ပါခဲ့တာတွေကြောင့် နစ်မြုပ်သွားတာလို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းအချက်အလက်တွေအရ လှေဟာ ဘင်္ဂလားဒေ့ရှ် တက္ကနာဖ်ဒေသကနေ ထွက်ခွာခဲ့ပြီး မလေးရှားကို ဦးတည်သွားရောက်တာလို့ဆိုပါတယ်။
“ဒီလိုဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေရဲ့ ရေရှည် ဒုက္ခပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားရေး အကျိုးဆက်တွေကို ပြသနေပါတယ်” လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ကာလရှည်ဖိနှိပ်ခံထားရတဲ့ ရိုဟင်ဂျာတွေထဲက လူပေါင်း ၇ သိန်းကျော်ဟာ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုကြောင့် နေရပ်ကနေ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
နှစ်စဉ် ရိုဟင်ဂျာလူထောင်ချီဟာ ဖိနှိပ်မှုတွေနဲ့ ပြည်တွင်းစစ်အခြေအနေတွေကြောင့် အပါအဝင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက လူထူထပ်မှုနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေကြောင့် အသက်အန္တရာယ်ရင်းပြီး ပင်လယ်ပြင်ကတဆင့် ဒေသတွင်းနိုင်ငံတွေကို ရွှေ့ပြောင်းနေကြတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကတော့ ဧပြီ ၉ ရက်မှာ နစ်မြုပ်သွားတဲ့ လှေကနေ လူ ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပင်လယ်ထဲမှာ သစ်သားတုံးတွေကို ဖမ်းကိုင်ပြီး မျောနေသူတွေကို တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
တူရကီ သတင်းအေဂျင်စီတစ်ခုရဲ့ အဆိုအရ ကယ်တင်နိုင်ခဲ့တဲ့ ၉ ဦးထဲက ၆ ဦးဟာ လူကုန်ကူးမှုနဲ့ ဆက်စပ်နေသူတွေ ဖြစ်နိုင်တယ်လို့ သံသယရှိပြီး လက်ရှိမှာ ဖမ်းဆီးထားပါတယ်။
အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တဲ့ ရာဖီကူလ် အစ္စလမ်ကတော့ သူ့ကို မလေးရှားမှာ အလုပ်ရမယ်လို့ ပြောပြီး လူကုန်ကူးသူတွေက လှေထဲတက်ခိုင်းခဲ့တာလို့ ပြောပါတယ်။
“ကျွန်တော်တို့ထဲက အချို့ကို လှေထဲမှာ ပိတ်လှောင်ထားပါတယ်။ တချို့က အဲ့ဒီထဲမှာ သေဆုံးသွားပါတယ်။ လှေထဲက ဆီယိုပြီး မီးလောင်လို့ ကျွန်တော် မီးလောင်ဒဏ်လည်း ခံရပါတယ်” လို့လည်း သူက ထပ်ပြောပါတယ်။
လှေဟာ ၅ ရက်ခန့် ခရီးသွားလာပြီးနောက် နစ်မြုပ်သွားတာလို့ သူက ဆိုပါတယ်။ “ကျွန်တော်တို့ ပင်လယ်ထဲမှာ ၃၆ နာရီလောက် မျောနေခဲ့ပြီးမှ ကယ်ဆယ်ရေးနဲ့တွေ့ ရခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပင်လယ်ခရီးအတွင်းမှာ လေဝင်လေထွက်မရှိတာနဲ့ လူထူထပ်မှုကြောင့် လူ ၂၅ ကနေ ၃၀ လောက် သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူရဲ့ အပြောကိုကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတချို့မှာတော့ လှေပေါ် ပါဝင်သူများထဲက ၆၀ ရာခိုင်နှုန်းခန့်က အမျိုးသားများဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးတွေလို့ ဖော်ပြထားပါတယ်။
အက်ဒမန်ပင်လယ်ဟာ မြန်မာ၊ ထိုင်းနဲ့ မလေးရှားကမ်းရိုးတန်းတွေတစ်လျှောက် တည်ရှိပါတယ်။ မလေးရှားနိုင်ငံဟာ မွတ်စလင်အများစု နေထိုင်တဲ့နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းလည်း ရှိနေတဲ့အတွက် သွားရောက်ချင်ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
မနှစ်ကလည်း မြန်မာကမ်းရိုးတန်းအနီးမှာ လှေနစ်မှု ၂ ကြိမ်ဖြစ်ပြီး ရိုဟင်ဂျာ ၄၂၇ ဦး ပင်လယ်ထဲမှာ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂဘက်က ပြောခဲ့ပါတယ်။
မန္တလေး-ရှမ်းမြောက်ဆက်သွယ်ထားတဲ့ သီပေါတံတား ယာယီပြန်ဖွင့်ထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay
ဓာတ်ပုံ ပုံစာ, သီပေါတံတား (ပုံဟောင်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် သီပေါမြို့အဝင်မှာရှိတဲ့ သီပေါသံတံတားကြီးကို မနေ့ သင်္ကြန်အကျနေ့ကစပြီး သွားလာဖြတ်သန်းခွင့်ပေးထားတယ်လို့ မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။
“ကားအသေးတွေနဲ့ ဆိုင်ကယ်တွေ သင်္ကြန်ကာလမှာ ဖြတ်ခွင့်ပေးထားတာ၊ သင်္ကြန်ပြီးရင် ပြန်ပိတ်လောက်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်တပ်နဲ့ ရှမ်းမြောက်က ကိုးကန့်တပ်(MNDAA) တို့ကြား တင်းမာမှုတွေဖြစ်တဲ့အချိန် ၂၀၂၅ နိုဝင်ဘာကတည်းက အဲဒီတံတားကို နှစ်ဖက်တပ်တွေက အပြန််အလှန် ပိတ်ထားခဲ့တာဖြစ်ပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ တော်လှန်ရေးတပ်တွေဟာ အဲဒီတံတားနဲ့ အနီးနားနေရာတွေကနေ ပြန်ဆုတ်ခွာသွားခဲ့ပေမယ့် မြန်မာစစ်တပ်ကအဲဒီ တံတားကို ဆက်ပိတ်ထားခဲ့တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
အဲဒီတံတားမှာ “ခြေလျင်ဖြတ်လို့ပဲရတာ ကားတွေဆိုင်ကယ်တွေဖြတ်ခွင့်ပိတ်ထားတာ လချီနေပြီ။ တခြားရွာတွေကနေ ပတ်ပြီးသွားရတယ်၊ ဆေးရုံ၊ ဆေးခန်းပြဖို့တောင် အဆင်မပြေဘူး” လို့ သူက ရှင်းပြပါတယ်။
သီပေါတံတားဟာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း)ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိပါတယ်။ လက်ရှိ သင်္ကြန်ကာလတွင်းမှာတော့ သီပေါတံတားကို နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကားအသေးတွေနဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပေးထားတယ်လို့ သိရပါတယ်။
အဲဗားဂရန်း တရုတ်ကုမ္ပဏီ တည်ထောင်သူ လိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံလျှောက်ထား

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
ဓာတ်ပုံ ပုံစာ, ဟွေ ကာယန်၊ တရုတ် အဲဗားဂရန်းအုပ်စု ကုမ္ပဏီဥက္ကဋ္ဌ ပြဿနာတက်နေတဲ့ တရုတ် အိုးအိမ်ခြံမြေ ကုမ္ပဏီ အဲဗားဂရန်းကို တည်ထောင်သူ ဟွေ ကာယန် ဟာ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်မှု၊ စီးပွားရေးလုပ်ငန်း အသာရအောင် လာဘ်ပေးမှု အပါအဝင် စွဲချက်အတော်များများအတွက် အပြစ်ရှိကြောင်း ဝန်ခံလျှောက်လဲ ခဲ့တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှန်ဂျန်းမြို့မှာ ဧပြီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ လုပ်တဲ့ တရားရုံး ကြားနာစစ်ဆေးမှုအတွင်း ဟွေက နောင်တရကြောင်း ထုတ်ဖော် ပြခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ဆိုပါတယ်။
နောက်ပိုင်း ရက်တစ်ရက်မှာ ဒီအမှုတွဲအတွက် စီရင်ချက် ကြေညာမယ်လို့ တရားရုံးက ပြောပါတယ်။
အပြစ်ရှိကြောင်း သူ့ရဲ့ ခံ၀န်လျှောက်လဲမှုဟာ အဲဗားဂရန်း ကုမ္ပဏီ ပြိုကျမှုရဲ့ အကျိုးဆက်အတွင်း အရေးပါတဲ့ အခိုက်အတံ့အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဗားဂရန်း ကုမ္ပဏီပြိုကျမှုကြောင့် တရုတ်နိုင်ငံရဲ့ အိုးအိမ်ခြံမြေ ပိုင်ဆိုင်မှု ကဏ္ဍကို လှုပ်ခတ်သွားစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းတွေ မတည်မငြိမ် ဖြစ်သွားခဲ့ရပါတယ်။
အဲဗားဂရန်း ကုမ္ပဏီဟာ တချိန်က တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အိုးအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကြီး ဖြစ်ခဲ့ပြီး စတော့ခ်ရှယ်ယာစျေးကွက်မှာ ဒေါ်လာ ဘီလျံ ၅၀ ကျော်တန်ဖိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ကြွေးမြီအကြပ်အတည်းနဲ့ ကြုံခဲ့ရပြီး စီးပွားရေးလုပ်ငန်း ပြိုကွဲခဲ့ရပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဖားကန့်၊ မရှီကထောင်က ဆုတောင်းကုန်းတိုက်ပွဲအခြေအနေဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Lung Jung La N
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၃ ရက်နေ့ မရှီကထောင်တိုက်ပွဲမြင်ကွင်း ကချင်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ကျေးရွာ ဆုတောင်းကုန်းစခန်းကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပြန်ပြီးစိုးမိုးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ “ကျွန်တော်တို့ကို တရားဝင်ပြောတာတော့မရှိဘူး။
လိုင်းပေါ်မှာတော့ သူတို့ဘက်ကက သိမ်းနိုင်ပြီးဆိုပြီး အောင်ပွဲခံတဲ့ ပုံတွေဘာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အကြောင်းကြားတာ၊ တင်ပြတာတော့မရှိသေးဘူး။ မနေ့ နဲ့ ဒီနေ့မှာတော့ တိုက်ပွဲတွေမပြင်းထန်တော့ဘူး” လို့ ပြောပါတယ်။
ဧပြီ ၁၁ ရက်ကစလို့ စစ်တပ် က မရှီကထောင်ကျေးရွာ ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ပြီး စစ်တပ် နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကြောင်းက ဆုတောင်းကုန်းစခန်းကို စစ်ကြောင်းထိုးလာခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။ ဧပြီ ၁၄ ရက် နဲ့ ၁၅ ရက်မှာတော့ တိုက်ပွဲတွေပြန်ငြိမ်သွားပြီလို့ လည်း သူကပြောပါတယ်။ အဲဒီဆုတောင်းတောင်အနီးတဝိုက်ဟာ လက်ရှိ KIA နဲ့ စစ်တပ် အနိုင်အရှုံး ပြတ်ပြတ်သာသား ရလဒ်မထွက်တဲ့နေရာဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“အဲဒီ ဆုတောင်းကုန်းတကြောကတော့ သူရလိုက်၊ ကိုယ်ရလိုက်ပါပဲ။ သူက တိုက်သွားလိုက်၊ ကိုယ်က ရလာလိုက်၊ သူတပြန်၊ ကိုယ်တပြန်ချနေကြတာ။ မနေ့က အခြေအနေမှာတော့ သူတို့ဘက်က နည်းနည်း အသာစီးရတဲ့သဘောပေါ့။ တချို့နေ့တွေမှာ တော်လှန်ရေးဘက်က အသာစီးရတာရှိတယ်။ စစ်တပ်ဘက်က အကျအဆုံးများတယ်။ တော်လှန်ရေးဘက်က တစ်ယောက်ကျတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ ဧပြီ ၁၄ ရက်က မရှီကထောင်ရပ်ကွက် ရွှေမြန်မာစက်သုံးဆီဆိုင်အနီးမှာ ပစ်သတ်ခံထားရတဲ့ လူငယ်လေးဦးကို စစ်တပ်က ကားနဲ့ လာချသွားတယ်လို့ ဒေသတွင်းသတင်းတချို့ကရေးပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဘက်က သေဆုံးခဲ့တဲ့ ရဲဘော်တစ်ဦးဟာ ဧပြီ ၁၄ ရက်၊ ဖားကန့်မြို့ မှာ တွေ့ရတဲ့ ရုပ်အလောင်း ၄ လောင်းထဲက တစ်လောင်းအပါအဝင်ဖြစ်တယ်လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။
ကျန်တဲ့ အရပ်သား ၃ ဦးကတော့ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့ပေါ်မှာ တွေ့ရတဲ့ ရုပ်အလောင်းတွေထဲက တစ်လောင်းဟာ KIA/KIO ဝန်ထမ်းတွေမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“သူတို့ပြောတာတော့ ပြည်သူလူထုလို့ ပြောတာ။ သူတို့က လမ်းပေါ်မှာပဲ ပစ်ထားခဲ့တာ။ KIA / KIO ဝန်ထမ်းတွေတော့ မဟုတ်ဘူးလို့ ပြောတယ်” လို့သူကပြောပါတယ်။
ပဲခူး၊ ရွှေကျင်က လက်ယက်စခန်းကုန်းကို KNU/NUG ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်တိုင်းစစ်ဌာန
ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် လက်ယက်စခန်းကုန်း သိမ်းပိုက်ခဲ့တဲ့ မြင်ကွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း)ကို အပြီး သတ် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၊ ရန်ကုန်တိုင်းစစ်ဌာနက ကြေညာပါတယ်။
ဧပြီလ ၇ ရက်နေ့မှာ စခန်းသိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က တပ်ကူဖို့ ရောက်လာတဲ့ စစ်ကြောင်း နဲ့ စခန်းစွန့်ခွာပြေးသွားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် ၁၄ ဦး နဲ့ ဒဏ်ရာရရှိခဲ့သူ ၁၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ NUG လက်အောက်ခံ တပ်တွေ၊ ဒရုန်းတပ်ဖွဲ့တွေ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပြီး ဧပြီ ၄ ရက် မှာ စတင်တိုက်ခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ သိမ်းပိုက်ခဲ့တာပါ။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ အယောက် ၃၀ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေးဘက်က အခြေအနေကိုတော့ ထုတ်ပြန်ချက်ထဲမတွေ့ရပါဘူး။
စစ်တပ်ထုတ် လက်နက်မျိုးစုံနဲ့ ကျည်၊ ဗုံး၊ မိုင်းများ အပါအဝင် စစ်ဆင်ရေးသုံး စစ်လက်နက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အတွက် တော့ ဒီစခန်းဟာ ဧပြီလထဲမှာ သိမ်းပိုက်ခဲ့တဲ့ တတိယမြောက်စခန်းလည်းဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက လေးကေစခန်း နဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မြောက်ဘက်က ကြယ်ပြောင်စခန်းတွေကို KNU က ဧပြီလတည်းမှာပဲ သိမ်းပိုက်ထားပါတယ်။
KNU ရဲ့ တပ်မဟာ ၆ နယ်မြေ၊ အရှေ့ဒေါနတကြောမှာ နောက်ဆုံး ကျန်ရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်ဖြစ်တဲ့ ဝေါလေဗျူဟာကိုလည်း KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်ကိုကြိုဆိုတယ်ဆိုပြီး TNLA ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, PSLF/ TNLA
ဓာတ်ပုံ ပုံစာ, TNLA ထုတ်ပြန်ချက် ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခံရပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်တာကို ကြိုဆိုတယ်ဆိုပြီး တအာင်းတပ်(TNLA) က ဒီကနေ့ ဧပြီ ၁၅ ရက်၊သင်္ကြန်အကြတ်နေ့မှာထုတ်ပြန်လာပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၂ ပိုင်းလုံးမှာ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ထဲက တအာင်းတပ်(TNLA)က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတရာထူးရယူပြီး အရပ်ဘက်အသွင်းပြောင်းအုပ်ချုပ်ရေးအပေါ် ကြိုဆိုကြောင်း ထုတ်ပြောလာတာဖြစ်ပါတယ်။
TNLA နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ သင်္ကြန်မတိုင်ခင်ရက်ပိုင်းက တရုတ်နဲ့ TNLA ထိပ်ပိုင်းခေါင်းဆောင်တချို့ တွေ့ဆုံခဲ့ကြပြီး အဲဒီတွေ့ဆုံမှုမှာ နေပြည်တော်အစိုးရသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာပေးဖို့ ဆွေးနွေးတာမျိုးရှိတယ်လို့ ပြောပါတယ်။
တရုတ်ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ မြန်မာစစ်တပ်နဲ့ TNLA ကြားက အပြန်အလှန်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ရဲ့ ကတိကဝတ်တွေကိုလည်း ဆက်လက်ထိန်းသိမ်းထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်ရေး အထူးမျှော်လင့်တယ်လို့ TNLA က ပြောထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
TNLA နဲ့ မြန်မာစစ်တပ်တို့ဟာ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ခတ်သဘောတူညီမှုရယူခဲ့ပြီး TNLA က သူထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ ၂ မြို့ကိုပါ စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။ အပစ်ရပ်သဘောတူညီမှုမှာ စစ်တပ်အနေနဲ့ TNLA ထိန်းချုပ်တဲ့နေရာတွေကို ဗုံးမကြဲဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ကိုးကန့်တပ်နဲ့ အာရက္ခတပ်တော်တို့ကတော့ ဦးမင်းအောင်လှိုင်သမ္မတဖြစ်လာတာနဲ့ သူ့ရဲ့ အရပ်သားအစိုးရသစ်နဲ့ ပတ်သက်လို့ ဒီကနေ့ ဧပြီ ၁၅ ရက်နေ့လယ်ပိုင်းအထိ ထုတ်ပြန်ပြောဆိုတာမတွေ့ရသေးပါဘူး။
"စစ်ပြန်မဖြစ်ဖို့ မျှော်လင့်ပေမယ့် ဖြစ်လာမယ်လို့ ထင်တယ်"-အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန်မှာလုပ်ခဲ့တဲ့ အမေရိကန်- အီရန်ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် နှစ်ဖက်အပစ်ရပ်ထားရာကနေ တင်းမာမှုတွေပြန်တိုးလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။ အီရန်ရဲ့ ဆိပ်ကမ်းတွေကနေ ထွက်လာတဲ့ သင်္ဘောတွေကို ပိတ်ဆို့တာတွေ စလုပ်တော့မယ်လို့ အမေရိကန်ပြောပြီးနောက်မှာပဲ တီဟီရန်ကလည်း သူတို့ရဲ့ အိမ်နီးချင်းပင်လယ်ကွေ့ဆိပ်ကမ်းတွေကို လက်တုံ့ပြန်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုထားပါတယ်။
"စစ်ပွဲက မနက်ဖြန်လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် နောက်တပတ်ပေါ့ သိပ်တော့မကြာလောက်တော့ဘူးထင်တယ်"လို့ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကပြောပါတယ်။
အီရန်နိုင်ငံသားတွေဟာ အမေရိကန်နဲ့ အီရန်တို့ရဲ့ အခြေအနေတွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပြီး ရန်လိုမှုတွေတိုးလာမယ့်အရေး စိုးရိမ်စိတ်တွေဖြစ်နေကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထိုင်း၊ ပတ္တရားမှာ ၇၂ နာရီကြာသေဆုံးပြီးဖြစ်တဲ့ မြန်မာရုပ်အလောင်းတွေ့

ဓာတ်ပုံ ရင်းမြစ်, Pattaya City Police
ဓာတ်ပုံ ပုံစာ, ပတ္တရားမြို့က ရဲတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ ခိုလမ်းကျွန်းပေါ်က တောင်အောက်မှာ သေဆုံးနေတဲ့ အသက် ၂၈ အရွယ် မြန်မာအမျိုးသားတစ်ဦး ရဲ့ ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီနေရာဟာ တောင်ပေါ်ကနေ ပါရာဂလိုက်တာ စီးကြတဲ့နေရာဖြစ်ပါတယ်။ ပါရာဂလိုက် တာစီးတဲ့သူတွေက အပုပ်နံ့ရလာလို့ အာဏာပိုင်တွေကို သတင်းပို့ရာက ရဲတပ်ဖွဲ့က ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေ နဲ့ ထိုင်းရဲတပ်ဖွဲ့အရာရှိတွေက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀ မှာရှိတဲ့ အဲဒီတောင်ပေါ်ကိုတက်ပြီးရှာဖွေခဲ့ရာ မြန်မာအမျိုးသားရဲ့ ရုပ်အလောင်းကို တောင်အောက် မီတာ ၂၀ အကွာလောက်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သူဟာ အမဲရောင် တီရှပ်အင်္ကျီ၊ အမဲရောင်ဂျင်းဘောင်းဘီ နဲ့ အဖြူရောင်ကွင်းထိုး ဖိနပ်စီးထားပြီး မြေပြင်ပေါ် မှောက်လျက်သားတွေ့ရတယ်လို့ အာဏာပိုင်တွေက တွေ့ခဲ့ရတာပါ။ သူနဲ့အတူ ပါလာတဲ့ အမဲရောင်အိတ်ထဲမှာတော့ အပူချိန်ထိန်းညှိပေးတဲ့ ခဲပတ်စောင် (Thermal Blanket)၊ မိုဘိုင်းဖုန်း၊ စမတ်နာရီ၊ အိပ်ဆေးနှစ်ဘူး နဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုတွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ ကနဦး စစ်ဆေးချက်တွေအရ မြန်မာအမျိုးသားရဲ့ ရုပ်အလောင်းဟာသေဆုံးပြီးတာ ၇၂ နာရီဝန်းကျင်လောက် ကြာမြင့်နေပြီလို့ ဆိုပါတယ်။ ရုပ်အလောင်းဟာ အချိန်ကြာမြင့်နေပြီဖြစ်လို့ ဘာ့ကြောင့်သေဆုံးခဲ့သလဲ ဆိုတဲ့ အဖြေရှာဖို့ ခဲယဉ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့ရဲ့ မှုခင်းဆေးပညာဌာနကို ပို့ဆောင်ပြီး စစ်ဆေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကို သိရတဲ့အခါ ထုတ်ပြန်ပေးသွားမယ်လို့ ရဲတပ်ဖွဲ့ကကြေညာထားပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မြန်မာက စား/ကုန်တွေ ၁၉ ရာခိုင်နှုန်း ဈေးထပ်တက် - WFP

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး WFP က ထောက်ပံ့တဲ့ ဆန်အိတ်ကို ခေါင်းပေါ်မှာ တင်ပြီး သယ်ဆောင်လာတဲ့ မြင်ကွင်း(ပုံဟောင်း) အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ ပိုဆိုးလာတာကြောင့် လောင်စာဆီဈေးနှုန်းတွေနဲ့အတူ မြန်မာက စားသောက်ကုန်ဈေးနှုန်းတွေ ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းက ဆန်၊ စားအုန်းဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာတာလို့ WFP က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(FAO) ကလည်း ဟော်မုဇ်ရေလက်ကြား အကျပ်အတည်း ကြာရှည်လာတာက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကပ်ဘေးကြီးဖြစ်အောင် တွန်းပို့ပေးနေသလိုဖြစ်နေတယ်လို့ ဧပြီ ဒုတိယအပတ်ထဲမှာ သတိပေးထားပါတယ်။
ရန်ကုန်မြို့ခံတချို့ကတော့ အခြေခံစားသောက်ကုန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျပ် ၂၀၀ ကနေ ၃၀၀ ဝန်းကျင်အထိ ဈေးထပ်တက်လာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
“ကန်စွန်းရွက်က တစ်စည်းကို ၁,၅၀၀ လောက်ဖြစ်လာတယ်။ စားအုန်းဆီတစ်ပိဿာကို ၂၀,၀၀၀ ဝန်းကျင်၊ ပဲဆီကတော့ ၂၅,၀၀၀ လောက်ရှိတယ်” လို့ဆိုပါတယ်။
မန္တလေးမြို့ခံတစ်ဦးကလည်း ဆန်ကြမ်းတစ်ပြည်ဈေး ကျပ် ၄,၅၀၀ ဝန်းကျင်အထိဖြစ်နေပြီး ၂၄ ပြည်တစ်အိတ်ကို ကျပ် ၉၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ “ဆန်ချော (ပေါ်ဆန်းမွှေး)ကတော့ တစ်အိတ်ကို ကျပ် ၂ သိန်းဝန်းကျင်လောက်ရှိတယ်။ အစားစားပေါ့” လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာလည်း စားသောက်ကုန်သယ်ယူရတဲ့ ဈေးနှုန်းတွေတက်လာလို့ ကုန်ဈေးနှုန်းတွေလည်းတက်လာတယ်လို့ မြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ “အာလူးတစ်ပိဿာကို ၆ ထောင်ဝန်းကျင်အထိရှိနေပြီ။ လေးထောင်ဈေးကနေ ၂ ထောင် တက်လာတာ” လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် မတ်လတုန်းကတော့ WFP က ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းကို စားနပ်ရိက္ခာအကူအညီတွေ ဆက်မထောက်မံ့နိုင်တော့ဘူးလို့ အသိပေးခဲ့ပါတယ်။
လက်ရှိမှာတော့ WFP အနေနဲ့ မြန်မာက ဝမ်းရေးအခက်အခဲဖြစ်နေတဲ့ မိသားစုတွေအရေးကို စောင့်ကြည့်နေပြီး စားနပ်ရိက္ခာလုံလုံလောက်လောက်ရနိုင်ဖို့ အကူအညီတွေကို အခြေအနေအလိုက် ပုံစံပြောင်းလဲပြီး ဆက်ကူညီသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောထားပါတယ်။
မြဝတီတောင်ပိုင်း မင်းလက်ပံမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်ရဲ့ ဒရုန်းဗုံးကျလို့ နေအိမ်တွေမီးလောင်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မင်းလက်ပံ၊ အုန်းတောရွာကိုကျတဲ့ မီးလောင်ဗုံးကြောင့် နေအိမ်တွေမီးလောင်ခဲ့ ကရင်၊ မြဝတီမြို့တောင်ပိုင်း မင်းလက်ပံကျေးရွာမှာ မြန်မာစစ်တပ် နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြားမှာ ဒီကနေ့ မတ် ၁၅ ရက် သင်္ကြန်အကြတ်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဒရုန်းနဲ့ကြဲချတဲ့ မီးလောင်ဗုံးတွေကျလို့ မင်းလက်ပံရွာထဲက နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်နဲ့ ဒေသခံတချို့ ဆီကသိရှိရပါတယ်။
'' စစ်တပ်က မီးလောင်ဗုံးနဲ့ ပစ်တယ်။ ဒရုန်းဗုံးသီး မီးလောင်ဗုံးသီးနဲ့ ဒရုန်းချတာပါ။ မင်းလက်ပံမှာ ရွာထဲနဲ့ အုန်းတောနှစ်ပိုင်းရှိတယ်။ မီးလောင်ဗုံးတွေကျတာ အုန်းတောပိုင်းကိုကျတာ။လောလောဆယ်အထိတော့ ၁၄ လုံး ပျက်စီးသွားတယ်" လို့ မင်းလက်ပံ ဒေသခံတစ်ဦး ကပြောပါတယ်။
“နေ့စဉ်နဲ့အမျှပြင်းပြင်းထန်ထန်ကို တိုက်နေတယ်။ မင်းလက်ပံမှာ အဲဒီလိုဖြစ်နေတာပါ။ အားလုံးက ရုပ်ပျက်ဆင်းပျက်ကို ဖြစ်တာ” လို့ နောက်ထပ် မင်းလက်ပံဒေသခံတစ်ဦးကပြောပါတယ်။
မတ်လကုန်ပိုင်းကစလို့ KNU (ကရင်အမျိုးသားအစည်းအရုံး) လက်အောက်က KNLA တပ်နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်က ဝေါလေဗျူဟာကို တပ်အင်အားပို့ဖို့ မင်းလက်ပံကို အခုလို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်
“ ဖလူးစခန်းကို ပြန်သိမ်းပိုက်ချင်လို့ဖြစ်မယ်။ ဝေါလေမှာ တပ်အင်အားကို ပြန်ဖြည့်တာ၊ စစ်ကူသွားဖို့ ရည်ရွယ်တယ်လို့ ယူဆတယ်။ အခုထိတော့ ရွာထဲထိကိုမရောက်သေးဘူး။ ရွာအပြင်မှာပဲရှိသေးတယ်” လို့ သူက ပြောပါတယ်။
စစ်တပ်က ဝေါလေဗျူဟာ ကို တပ်အင်အားမပို့နိုင်အောင် KNLA က မင်းလက်ပံကျေးရွာကနေ ခုခံနေတာဖြစ်ပါတယ်။စစ်တပ်က ဝေါလေဗျူဟာ မကျရေး လေကြောင်းတိုက်ခိုက်မှုတွေ၊ အသေခံဒရုန်းတွေ သုံးနေတယ်လို့ဆိုပါတယ်။ KNLA ဟာ ဝေါလေဗျူဟာကို သိမ်းပိုက်နိုင်ခဲ့ရင် မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ဖလူးကျေးရွာကနေ ဝေါလေမြိုင်အထိ ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။
သုံးစွဲမှုလျော့ကျတယ်ဆိုတဲ့ စက်သုံးဆီချွေတာရေးစနစ်ကို ဆန်းစစ်ခြင်း

ဓာတ်ပုံ ပုံစာ, သီလဝါဆိပ်ကမ်းက စက်သုံးဆီသယ်ယာဥ်တွေ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးပြောတဲ့မိန့်ခွန်းမှာ လောင်စာဆီအတွက် နှစ်စဥ် အမေရိကန်ဒေါ်လာ ငါးဘီလျံဖိုး ဝယ်ယူသုံးစွဲနေရလို့ စက်သုံးဆီချွေတာရေးကို မဖြစ်မနေလုပ်မယ်လို့ ထည့်ပြောသွားပါတယ်။
သူသမ္မတ တာဝန်မယူခင်ရက်ပိုင်းကလည်း သူ့ရဲ့အရင်အုပ်ချုပ်ရေးအဖွဲ့ စစ်ကော်မရှင်ကနေ ဆီတင်သွင်း၊ ရောင်းချတာကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထိန်းကျောင်းလိုက်လို့ "ဓာတ်ဆီ၊ ဒီဇယ် နေ့စဥ်သုံးစွဲမှု ဂါလံ ၁ သန်း ကျဆင်းကာ အမေရိကန် ဒေါ်လာ ၆ သန်း သက်သာသွားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်ရိုက်လာချိန်မှာ မြန်မာမှာ ဒစ်ဂျစ်တယ်စနစ်သုံးပြီး ဓာတ်ဆီ၊ ဒီဇယ်ကို အကန့်အသတ်နဲ့ ရောင်းနေပါတယ်။ ဒီလို ပြောဆိုချက်တွေကြောင့် အရှေ့အလယ်ပိုင်းပြဿနာပြေလည်ပြီး ရေနံစျေးကွက်ပုံမှန်ပြန်ဖြစ်ရင်တောင် မြန်မာမှာ လောင်စာဆီကို အကန့်အသတ်နဲ့ ဆက်ပြီး ရောင်းချမှာကို စိုးရိမ်နေကြပါတယ်။
ဒီတော့ အရင်စစ်ကော်မရှင်၊ လက်ရှိအရပ်ဘက်အသွင်ပြောင်းထားတဲ့ နေပြည်တော်အစိုးရရဲ့ လောင်စာဆီချွေတာရေးစနစ်တွေနဲ့ပြောဆိုချက်တွေက လူထုတွေရဲ့စက်သုံးဆီသုံးစွဲရမှုကိုဘယ်လိုထိခိုက်သက်ရောက်နေလဲ ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
သကြင်္န်အကြတ်နေ့၊ ဧရာဝတီ - လေးမျက်နှာမြို့နယ်မှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, ရခိုင်-ဧရာဝတီအစပ်မှာတွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ) နဲ့ ပူးပေါင်းတပ်တွေကြား ဒီနေ့ သင်္ကြန်အကြတ်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာနဲ့ တပ်စခန်းတချို့ကို အေအေနဲ့ ပူးပေါင်းတပ်တွေက သိမ်းထားတာဖြစ်ပြီး အဲဒီနေရာတွေကို စစ်တပ်က ပြန်ပြီး ထိုးစစ်ပြန်ဆင်လာလို့ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဘက်က သူတို့ လက်လွှတ်လိုက်ရတဲ့ လေးမျက်နှာမြို့နယ်ထဲက တပ်စခန်းတချို့ကို ဧပြီ ဒုတိယအပတ်လောက်ကတည်းက ပြန်ပြီးထိုးစစ်ဆင်တိုက်နေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းပစ်ခတ်မှုတွေလုပ်နေပြီး လေးမျက်နှာမြို့နယ်ထဲက တပ်တွေကို မြေပြင်ကနေလည်း စစ်ကူအင်အားတွေဖြည့်တင်းပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က “တကက-၅ (အမှတ် ၅ တန်းမြင့်လေ့ကျင့်ရေးကျောင်း) ကို စစ်အင်အားတွေဖြည့်နေတာ” လို့ သူက ဆက်ပြောပါတယ်။
တကက ၅ ဟာ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့အနီးမှာရှိပြီး စစ်မှုထမ်းတပ်သားသစ်တွေကို စစ်သင်တန်းပေးနေတဲ့ကျောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်ကတည်းက လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စုထဲကို အေအေနဲ့ ပူးပေါင်းတပ်တွေ ရောက်ရှိနေတာဖြစ်ပြီး ရွာ ၅ ရွာထက်မနည်းမှာ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
လေးမျက်နှာမြို့နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်၊ ဟင်္သာတ နဲ့ အင်္ဂပူ စတဲ့ မြို့နယ်တွေမှာလည်း စစ်တပ်ဘက်က စစ်ဆိုင်ဖို့အတွက် ကတုတ်ကျင်းတွေကို သဲအိတ်တွေနဲ့ အခိုင်အမာတည်ဆောက်ထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဟင်္သာတနဲ့ ရေကြည်ဒေသခံ ၂ ဦးက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ လေးမျက်နှာမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ဧပြီ ၁၅ ရက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှု ရက်ပေါင်း ၁,၉၀၀ ရှိလာ, မြန်မာနှစ်သစ်ကူးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေပြုလုပ်နေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေးတောင်းဆိုနေကြ မြန်မာစစ်တပ်က တကျော့ပြန်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၂၀၂၆ ဧပြီ ၁၅ ရက်အထိ ဆိုရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁,၉၀၀ ရှိလာပြီဖြစ်ပါတယ်။
တချိန်တည်းမှာပဲ လာမယ့် မြန်မာနှစ်သစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဥ်းအားလုံးလွတ်မြောက်ရေးပြန်လည်လွတ်မြောက်လာရေးအတွက် လှုပ်ရှားတောင်းဆိုမှုတွေရှိနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ကတော့ သူ့ရဲ့ ကျမ်းကျိန်တဲ့နေ့က မိန့်ခွန်းမှာ ထိုက်သင့်တဲ့လွတ်ငြိမ်းစဥ်းစားမယ်လို့ ပြောခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပါအဝင် NLDထိပ်ပိုင်းတချို့ လွတ်မြောက်လာမလားဆိုတဲ့ သုံးသပ်ချက်တွေထွက်လာပါတယ်။
နိုင်ငံရေးအကဲခတ်တချို့ကတော့ စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေးတာမျိုးထက် လက်ရှိ ထိန်းသိမ်းထားတဲ့နေရာကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြန်ပို့တာမျိုးလောက်ပဲ လုပ်နိုင်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် စစ်တပ်က သူ့အပေါ် စွပ်စွဲခဲ့တဲ့ပုဒ်မဆယ်ချီနဲ့ တရားရင်ဆိုင်ခဲ့ရမှု ပြီးစီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရှေ့နေတွေလည်း လုံးဝတွေ့ခွင့်မရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ် ကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတွေကို သတင်းအမှောင်ချခံထားရတာကြောင့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို အထူးစိုးရိမ်ကြောင်း တောက်လျှောက်ပြောနေပြီး ပြန်လည်လွတ်မြောက်ရေး ဆက်တိုက်တောင်းဆိုနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ရဲ့ ဧပြီ ၉ ရက်ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့ပေးဖို့ တိုက်တွန်းကြောင်း တောင်းဆိုထားပါတယ်။
တဖက်မှာလည်း နိုင်ငံရေးအကျဥ်းသားများအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေ၊ သပိတ်အင်အားစုတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေ ပူးပေါင်းပြီး ဧပြီ ၁၀ ရက်စလို့ ၂၁ ရက်အထိ အပြာရောင်အဝတ်အစား - Blue Shirt Campaign ၁၂ ရက်တာ လှုပ်ရှားမှုလုပ်နေကြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ် ပြည့်နဲ့ ချိတ်ဆက်ပြီးလုပ်တဲ့ အဲဒီ ကမ်ပိန်းက အပြာရောင်အဝတ်အစား ဝတ်ဆင်ပြီး နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေးလှုပ်ရှားမှုကို လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ မျှဝေကြဖို့ ဆော်သြထားတာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုက သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကျဉ်းထောင်များအတွင်း မတရားထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်တယ်လို့ ကြေညာထားပါတယ်။
NLD ပါတီ ဗဟိုအလုပ်ကော်မတီကတော့ ပြီးခဲ့တဲ့ မတ် ၁၆ ရက်က စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတာဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုတွေမပါဝင်ဘဲနဲ့ ပြေလည်ရေးလမ်းစမရနိုင်ဆိုပြီး ထပ်မံထုတ်ပြန်ထားပါတယ်။
မင်္ဂလာပါ။ ဧပြီ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့ ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
