တိုက်ရိုက်ထုတ်လွှင့်မှု, မကွေးတိုင်းက ပခုက္ကူနဲ့ ညောင်ဦးတို့မှာ ဧရာဝတီမြစ်ရေတိုးနေတယ်လို့ မိုးဇလပြော

ပခုက္ကူခရိုင်၊ မြစ်ခြေက စစ်ရှောင်ရွာတွေမှာ ရေတက်လာလို့ ရေဘေးထပ်ရှောင်နေရတဲ့သတင်းအပါအဝင် ဩဂုတ် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီနေ့ကစလို့ လာမယ့် ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မိုင်းလားနဲ့နေပြည်တော်ဆွေးနွေး

    မိုင်းလားခေါင်းဆောင် ဦးထိန်လင်းနဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, မိုင်းလားခေါင်းဆောင် ဦးထိန်လင်းနဲ့ ဦးမင်းအောင်လှိုင်

    တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။

    နေပြည်တော်ရောက်နေတဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ မိုင်းလားအဖွဲ့က အသွင်ပြောင်းအစိုးရသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးတာလို့ဆိုပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အုပ်စိုးသူအပြောင်းအလဲဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးရပ်နေချိန်မှာ မိုင်းလားကနေ တရုတ်ကိုကုန်သွယ်ဖို့ နေပြည်တော်က လမ်းကြောင်းပြောင်းခဲ့တာဖြစ်ပါတယ်။

    လက်တွေ့မှာတော့ မိုင်းလားလမ်း ကနေ တရုတ်ဘက်ကို ကုန်သွယ်ရတာဟာ ခရီးလမ်းကြောင်း ဝေးတာကြောင့် ကုန်ကျစရိတ်ပိုများသလို ပို့ကုန်အရည်အသွေးအပေါ် သက်ရောက်မှုရှိစေတယ်လို့ သစ်သီးဝလံကုန်သည်တွေဆီက သိရပါတယ်။

    မိုင်းလားလမ်းကြောင်းကနေ ဖရဲသီးနဲ့ သခွားသီးကို အဓိကတင်ပို့နေပေမဲ့ အခုနှစ်ရာသီမှာတော့ လမ်းကြောင်းအခက်အခဲကြောင့် တင်ပို့သူနည်းတဲ့အခြေအနေလို့ ပြောကြပါတယ်။

    “မိုင်းလားလမ်းကဝေးတော့ သစ်သီးတွေလတ်ဆတ်မှုအားနည်းသွားတာပေါ့။ မူဆယ်လမ်းပြန်ဖွင့်ရင် တောင်သူရောကုန်သည်အတွက်ပါကောင်းတယ်” လို့ တရုတ်ကို ကုန်သွယ်တဲ့ သစ်သီးဝလံကုန်သည်တစ်ဦးက ပြောပါတယ်။

    ဒါဟာ နေပြည်တော်ရဲ့ ပို့ကုန်၊ သွင်းကုန်တင်းကျပ်တဲ့မူဝါဒနဲ့လည်းဆက်စပ်နေတယ်လို့ ကုန်သည်တွေက ထောက်ပြပါတယ်။ လမ်းကြောင်း ဝေးတာကြောင့် ကုန်ကျစရိတ်များနေချိန်မှာ ပို့ကုန်တစ်မျိုးတည်းကိုသာ နယ်စပ်ကတဆင့်ပို့ရတာကြောင့် အသွားအပြန်လမ်းစရိတ်ခတွေ ဆတိုးများနေတာလို့ ပြောကြပါတယ်။

    “အခုကမိုင်းလားလမ်းကြောင်းပဲအားကိုးနေရတာလေ။ အဲဒီလမ်းကြောင်းမှာ ကုန်ကျစရိတ်တွေ နည်းသွားဖို့ ဖြေလျော့မှုလိုတာပေါ့နော်” လို့ မြန်မာနိုင်ငံသစ်သီးဝလံအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောပါတယ်။

    မူဆယ် ၁၀၅ မိုင်လမ်းကြောင်းကနေတော့ ရှမ်းမြောက်ကထွက်တဲ့ကုန်စည်အများစုကိုသာ တရုတ်ဘက် တင်ပို့ပေးနေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာက မိုင်းလားဒေသကို NDAA က စိုးမိုးထားပြီး အာဏာသိမ်းပြီးနောက်ပိုင်းလည်း နေပြည်တော်နဲ့ဆက်ဆံရေးဆက်ရှိနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

    မိုင်းလားအဖွဲ့ရဲ့ နေပြည်တော်ခရီးစဉ်မှာတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) နဲ့တွေ့ဆုံသလို ဦးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့ကာ ဒေသတည်ငြိမ်ရေးဆွေးနွေးကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ UWSA “ဝ”တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ- FPNCC ထဲက ၇ ဖွဲ့ထဲက ၄ ဖွဲ့ (ဝအဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ NDAA၊ SSPP၊ TNLA)တို့ဟာ နေပြည်တော်နဲ့ တွေ့ဆုံထားကြပြီဖြစ်ပါတယ်။

    ကိုးကန့်တပ် - MNDAA လည်း သြဂုတ် ဒုတိယပတ်ထဲနေပြည်တော်ကိုသွားဖို့ရှိတယ်လို့ အစောပိုင်းထဲကသတင်း‌တွေ ထွက်ပေါ်‌ခဲ့ပြီးဖြစ်ပါတယ်။

    FPNCC ထဲကကျန်တဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA နဲ့ အာရက္ခတပ်တော် - AA တို့က‌တော့ ‌‌နေပြည်‌တော်နဲ့ ဆွေး‌နွေးမှုမရှိဘူးလို့ သိရပါတယ်။

  2. ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ သူ့ချစ်သူ လက်ထပ်လိုက်ပြီ

    ၂၀၁၉ ခုနှစ်က ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာကို အတူတွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာကို အတူတွေ့ရစဉ်

    ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုက ကာလရှည်လက်တွဲလာတဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂစ်နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ်အကောင့်ကတဆင့် အသိပေးလာပါတယ်။

    မြန်မာစံတော်ချိန် ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ အင်စတာဂရမ်ကတဆင့်ဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာဇနီးဖြစ်သူရဲ့လက်ဖဝါးပေါ် ရော်နယ်ဒိုရဲ့လက်ကိုတင်ထားပြီး နှစ်ဦးစလုံးမှာ လက်ထပ်လက်စွပ် ဝင်ဆင်ထားတာကို တွေ့မြင်ရပါတယ်။

    “တစ်နှစ်တာအကောင်းဆုံးမင်္ဂလာပွဲ” လို့ ပေါ်တူဂီမီဒီယာတွေကဖော်ပြကြပြီး မြို့တော် လစ်စဘွန်း (Lisbon) အနီးက ပင်လယ်ကမ်းခြေမြို့ကက်စ်ကာအစ်ရှ် (Cascais) အနီးမှာ မနေ့က မင်္ဂလာပွဲ ပြုလုပ်ခဲ့ပါတယ်။

    လက်ထပ်လိုက်ပြီဖြစ်ကြောင်း ရော်နယ်ဒိုက အင်စတာဂရမ်မှာပိုစ့်တင်အပြီး မိနစ် ၃၀ အတွင်း အကောင့် ၃ သန်းကျော်က Like ပေးခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်းမှာ သတင်းရေးသားတဲ့ အချိန်မှာတော့ ၉ နာရီအတွင်း Like ပေးသူ ၁၈ သန်းရှိပြီး သူ့ရဲ့ပိုစ့်ကိုပြန်မျှဝေသူ ၂.၄ သန်းရှိပါတယ်။

    ရော်နယ်ဒိုဟာ မက်ဒရစ်မြို့က Gucci အရောင်းဆိုင်မှာ ဂျော်ဂျီနာနဲ့တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ပြီးနောက် ၁၀ နှစ်ကြာလက်တွဲခဲ့ကြပြီး သားသမီး ၅ ဦးရှိပါတယ်။ အဲဒီအချိန်တုန်းက ရော်နယ်ဒိုက စပိန်ဘောလုံးကလပ် ရီးရဲမက်ဒရစ်မှာကစားနေချိန်ပါ။

    သူတို့နှစ်ဦးဟာ မနှစ် သြဂုတ် ၁၁ ရက်မှာ စေ့စပ်ကြောင်းကြေညာခဲ့ပြီး တစ်နှစ်တိတိပြည့်ချိန်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

  3. ဆီးရီးယားသမ္မတဟောင်း အာဆတ် မျက်ကွယ်သေဒဏ်ချမှတ်ခံရ

    သမ္မတ ဘရှား အယ်လ်အာဆတ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတ ဘရှား အယ်လ်အာဆတ် (ပုံဟောင်း)

    ဆီးရီးယားတရားရုံးတစ်ခုက သမ္မတဟောင်း ဘရှား အယ်လ်အာဆတ်ကို ဆီးရီးယားပြည်တွင်းစစ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သေဒဏ်ချမှတ်လိုက်ပါတယ်။ အာဆတ်က လက်ရှိ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် တရားရုံးက သူ့ကို မျက်ကွယ်နဲ့ စီရင်ခဲ့တာပါ။

    ၂၀၂၄ ခုနှစ်မှာ အာဆတ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအရ အနိုင်ရပြီးနောက် အာဆတ်ဟာ မိသားစုနဲ့အတူ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။

    တရားရုံးအမိန့်မှာ အာဆတ်ဟာ လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဆီးရီးယားမှာ လူထုအုံကြွမှု စတင်ခဲ့တဲ့ ဒါရာပြည်နယ်မှာ အဲဒီအချိန်က အာဏာပိုင်တစ်ဦးဖြစ်ခဲ့တဲ့ အာဆတ်ရဲ့ ညီကိုဝမ်းကွဲ အာတစ်ဖ် နာဂျစ်ဘ်ကိုလည်း အရပ်သားတွေ၊ ကလေးတွေအပါအဝင် လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာနဲ့ သေစေလောက်အောင် ညှင်းပန်းနှိပ်စက်ခဲ့တာတွေအတွက် သေဒဏ်ချမှတ်ထားပါတယ်။

    နာဂျစ်ဘ်ကိုတော့ ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

    လက်ရှိ ဆီးရီးယားအသွင်ပြောင်းအစိုးရကတော့ အာဆတ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ရင် ဖမ်းဆီးပြီး၊ နိုင်ငံခြားမှာ ရှိနေသူတွေကိုတော့ မျက်ကွယ်နဲ့ တရားစီရင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

  4. စစ်ကိုင်းမှာ ဧရာဝတီမြစ်ရေကျပြီး မကွေးမှာ ရေတိုးလာနေတယ်လို့ မိုးဇလသတိပေး, မ‌‌ကွေး၊ ပခုက္ကူခရိုင်ထဲ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လာလို့ စစ်ရှောင်တွေ‌ ရေဘေးထပ်ကြုံ

    မကွေးတိုင်း၊ မြစ်ခြေမှာ ရေတက်လာတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ မြစ်ခြေမှာ ရေတက်လာတဲ့မြင်ကွင်း

    မ‌‌ကွေး၊ ပခုက္ကူခရိုင်ထဲ ဧရာဝတီမြစ်ရေတိုးလာပြီး စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာလို့ မြစ်နားနီး ဒေသခံတွေရော စစ်ရှောင်ရွာ‌တွေပါ ရေ‌ဘေးကြုံနေရတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

    မြစ်ခြေမှာဆိုရင် မြစ်အနီးမှာရှိတဲ့ ကျေးရွာတွေဘက် ရုတ်တရက်ရေတိုးလာလို့ ဒေသခံတွေလည်း ရေဘေးရှောင်နေကြရပြီလို့ ဆိုပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတေ့ာ ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာစိုးရိမ်ရေမှတ်အောက်ကျလာနိုင်ပြီး မကွေးတိုင်းက ပခုက္ကူနဲ့ ညောင်ဦးမှာ မြစ်ရေတိုးလာနိုင်တယ်လို့ ဒီနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

    “ဆွဲကြီး၊ ဘိုကုန်း၊ ကြောင်ပန်းခုံနဲ့ ရွာသာအေး။ မြစ်ခြေကျွန်းဘက် ၄ ရွာလုံးပဲ။ ရွာတွေမီးရှို့ခံရလို့ ကျွန်းပြင်အလယ်က ကျွန်းခုံဆိုတဲ့နေရာမှာ မီးဘေးသင့်စစ်ရှောင်တွေက ကိုယ့်စိုက်ခင်းမှာကိုယ် တဲထိုးနေကြတာလေ။ အခုမြစ်ရေကရုတ်တရက်ဆိုတော့ ပစ္စည်းတွေရော၊ တိရစ္ဆာန်တွေရော၊ စိုက်ခင်းတွေပါရေလွှမ်းကုန်တယ်” လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇွန်လက မြစ်ခြေတကြော မြန်မာစစ်တပ်က စစ်ကြောင်းထိုးခဲ့လို့ စစ်ဘေးရှောင်ခဲ့ရတဲ့နေရာတွေပါ။ ဇွန်လတုန်းက ၁၀ ရွာထက်မနည်း နေအိမ်တွေမီးရှိုခံခဲ့ရကြောင်း စစ်ရှောင် အရေးကူညီသူတွေရဲ့ စာရင်းအရ သိရပါတယ်။

    မိုးဇလရဲ့ထုတ်ပြန်ချက်အရတော့ ဒီနေ့မနက်ပိုင်းမှာ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၅၆ စင်တီမီတာကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့်မြင့်လာနိုင် ပါတယ်။

    ညောင်ဦးမြို့မှာတော့ မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၈၂ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့်မြင့်လာနိုင်ပါတယ်။

    ဒါအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာ၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုတွေဖြစ်နေပြီး မိုးတိမ်တောင်တွေအားကောင်းနေတယ်လို့ မိုးဇလက သတိပေးပါတယ်။

    ဒါကြောင့် ဒီနေ့ကစလို့ လာမယ့် ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ နေရာကွက်ပြီးလည်း မိုးကြီးနိုင်ကြောင်း သတိပေးထားပါတယ်။

  5. မင်္ဂလာပါ။ ဩဂုတ် ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။