
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၆ သြဂုတ် ၁၇ ရက်၊ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာကလေးငယ်တွေရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာလူဦးရေနဲ့ ပတ်သက်လို့ နေပြည်တော်ရဲ့ အချက်အလက်က မှားယွင်းနေပြီး ကုလသမဂ္ဂမှာ မှတ်တမ်းတင်ထားတာကသာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။
ပြီးခဲ့တဲ့ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် တိုဖစ်-အူရ်-ရာဟ်မန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးကိုခေါ် ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ချက်တွေကို ပြောကြားခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာပါ။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာထုတ်ပြန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဘက်က ဦးကျော်စိုးမိုးကို ခေါ်ယူတုံ့ပြန်ခဲ့တာလို့ဆိုပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ရိုဟင်ဂျာတွေရဲ့ အထောက်အထား စိစစ်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။ စာရင်းကောက်ယူထားတာမှာလည်း ၂၀၁၇ နောက်ပိုင်းမှာ ရခိုင်ကနေ နေရပ်စွန့်ခွာလာတဲ့ဦးရေ၊ ဒုက္ခသည်စခန်းမှာမွေးဖွားတဲ့ကလေးသူငယ် ဦးရေကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုကြောင်းပါ ထည့်ပြောပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ ခေါ်ဆိုထားတာကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ပြီး ရိုဟင်ဂျာတွေဟာ ကိုယ်ပိုင်လူမျိုးရေးအမှတ်သညာရှိသူတွေဖြစ်ပြီး မြန်မာအာဏာပိုင်တွေကလည်း မကြာသေးခင်အချိန်အထိ အဲဒီအချက်ကို လက်ခံထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပြဿနာရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဟာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို လုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေး ဖြစ်တယ်လို့ ထပ်မံပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသံအမတ် ဦးကျော်စိုးမိုးကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားတဲ့ အချက်တွေကို မြန်မာအစိုးရ ဘက်ကို ပြန်လည်တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ထဲထည့်ပြောထားပါတယ်။
ဒါပေမဲ့ မြန်မာဘက်ကတော့့ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်တာမတွေ့ရသေးပါဘူး။
နေပြည်တော်ကလည်း မြန်မာဘက်က စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူတွေကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်ပါတယ်။