တိုက်ရိုက်ထုတ်လွှင့်မှု, တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတဲ့ သတင်းအပါအဝင် ဇူလိုင် ၂၈ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာတယ်လို့ ACLED ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တပ်ချုပ်သစ်လက်ထက် ပစ်မှတ်တစ်ခုကို ဂျက် ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်လာ - ACLED

    ဇူလိုင် ၇ ရက်နေ့ မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, HKL Mindat

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၇ ရက်နေ့ မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း (ပုံဟောင်း)

    နေပြည်တော်မှာ တပ်ချုပ်သစ်ပြောင်းပြီးနောက် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တစ်ခုတည်းကို ဂျက်ဖိုက်တာ ၂ စင်းကနေ ၅ စင်းအထိ စုပြုံတိုက်ခိုက်တဲ့ ပုံစံ ပြောင်းလာတယ်လို့ အမေရိကန်အခြေစိုက်၊ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) က ထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၇ ရက်က ထုတ်ပြန်တဲ့ ACLED ရဲ့ အချက်အလက်တွေအရ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူပြီး တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဆက်ခံပြီးတဲ့နောက်မှာ ဒီလိုတိုက်ခိုက်မှုပုံစံကိုပြောင်းလာတာလို့ဆိုပါတယ်။

    စစ်တပ်က ဒေသအချို့ကိုပြန်ထိန်းချုပ်လာတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေလျော့ကျသွားတယ်လို့ ဆိုပေမဲ့ စုစည်းစောင့်ကြည့်ထားတဲ့အချက်အလက်တွေအရ ပစ်မှတ်တစ်ခု အပေါ် ဆက်တိုက်တိုက်ခိုက်နေတာတွေ့ရတယ်လို့ ACLED က ဖော်ပြပါတယ်။

    စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေကတော့ ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်း၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေ ဖြစ်တယ်လို့ ACLED က ပြောပါတယ်။

    ဇူလိုင် ၁၁ ရက်ကဆိုရင် တစ်ရက်တည်းမှာပဲ ချင်းပြည်နယ်၊ ကန်ပက်လက်အရှေ့ခြမ်းကနေရာတွေနဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောထားပါတယ်။

    စစ်တပ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်နေပြီး ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဇူလိုင် ဒုတိယအပတ်မှာ ထုတ်ပြန်ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ အာဏာတည်မြဲဖို့ ကြိုးစားလာနေပြီး အရပ်သားတွေအတွက်လည်း သက်သာခွင့်မရမယ့်သဘောဖြစ်တယ်လို့ ACLED က သူ့ရဲ့အစီရင်ခံမှာ ထောက်ပြထားပါတယ်။

    အရပ်သားတွေဟာ လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအန္တရာယ်တွေကို ကြီးကြီးမားမားကြုံနေရတယ်လို့ ဆိုပါတယ်။

    မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ACLED က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ဝက်ပိုင်းအထိ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အရပ်သားဦးရေ ၄၅၀ အထိ သေဆုံးခဲ့တယ်လို့ လည်းဆိုပါတယ်။

    အမေရိကန် အခြေစိုက် ACLED ဟာ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

  2. မင်္ဂလာပါ။ ဇူလိုင် ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။