ရန်ကုန်က ပြင်းအား ၅.၂ မဂ္ဂနီကျူ ငလျင် ဘန်ကောက်ကိုလည်း အဖျားခတ်

ရန်ကုန်မှာ ပြင်းအား ၅.၂ မဂ္ဂနီကျူငလျင်လှုပ်လို့ မြို့ခံတွေ အထိတ်တလန့်ဖြစ်တဲ့သတင်းအပါအဝင် မေလ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန်ကို တင်သွင်းလာတဲ့ ဇိမ်ခံရွက်လှေသင်္ဘောတွေမှာ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ကျွန်းတွေအသုံးပြုခဲ့တယ်လို့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ခံ - အမေရိကန်တရားရေး
  • ရန်ကုန်မြို့မှာ ဒီနေ့မနက် လှုပ်ခတ်သွားတဲ့ ၅.၂ ငလျင်ကြောင့် မြို့ခံတွေ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ဒီငလျင်အဖျားအနားကို အိမ်နီးချင်းထိုင်းထိုင်ငံ၊ ဘန်ကောက်မြို့အထိ ခံစားခဲ့ရ
  • မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ချင်းမိုင်မြို့၊ လန်ဖန်းမြို့တွေမှာ နေထိုင်သူတွေသိသိသာသာ ခံစားခဲ့ရ
  • မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်ရှိနေတဲ့အချိန်တွေကို အတူကုန်ဆုံးခွင့်ရချင်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်တောင်းဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရေမှုတ်ကင်ဆာကုနည်း - ဆေးဝါးပြတ်လပ်မှုကြောင့် ပျောက်စေဆရာတွေ အာဖဂန်မှာတန်ခိုးထွား

    အမျိုးသားတစ်ဦး သူ့ပါးစပ်ကနေ ရေတွေကို မှုတ်ထုတ်နေတဲ့ပုံနဲ့ ဆေးဘူးတွေကြား အမျိုးသမီးတစ်ဦး စောင်ခြုံ ဘေးတစ်စောင်းလှဲနေတဲ့ပေါင်းစပ် ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, BBC via Getty Images

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပြောအရ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်စဉ် ကင်ဆာလူနာ ၂၄,၀၀၀ ကျော်ရှိပြီး ကင်ဆာကြောင့် နှစ်စဉ် သေဆုံးသူ ၁၇,၀၀၀ လောက် ရှိပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်၊ သူနာပြုတွေ ရှားပါးတာကြောင့် လူနာတော်တော်များများဟာ တရားဝင်ရောဂါရှာဖွေတာမျိုး မလုပ်နိုင်သလို တကယ့် လက်တွေ့မှာ ရောဂါဖြစ်နေသူ ကိန်းဂဏန်းအရေအတွက်က ဒီထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

    အာဖဂန်နစ္စတန်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ဌာနတွေ မရှိတာနဲ့ ရှားပါးတဲ့ ဆေးကုသရေးစင်တာတစ်ခုကို သုံးစွဲရတဲ့ ကုန်ကျစရိတ် (ဥပမာ တာလီဘန်အစိုးရက ကဘူးလ်မြို့မှာ မကြာသေးမီက ဆောက်လုပ်ခဲ့တဲ့ အထူးပြုကင်ဆာဆေးရုံ)ကြောင့် လူတွေဟာ ပျောက်စေဆရာတွေဆီ ပိုမိုအားကိုးလာကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ

    ၂၀၂၃ ခုနှစ်တုန်းက စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီး မရမ်းကုန်းမြို့နယ်က OWIC ထုတ်ပေးရေးရုံးကို သွားရောက်ကြည့်ရှုခဲ့တဲ့ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Myanmar Digital News

    ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်တုန်းက စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီး မရမ်းကုန်းမြို့နယ်က OWIC ထုတ်ပေးရေးရုံးကို သွားရောက်ကြည့်ရှုခဲ့တဲ့ပုံဟောင်း

    နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရဲ့ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) အပါအဝင် ကန့်သတ်ချက်အမျိုးမျိုးကြောင့် ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမား တစ်ထောင်ကျော်ဟာ ပြည်ပကို ပြန်ထွက်ဖို့ ခက်ခဲနေကြပါတယ်။

    ဒီလူတွေထဲက အများစုဟာ အရေးတကြီးကိစ္စကြောင့် ခွင့်ယူပြီး ပြည်တွင်းကို ပြန်လာတာ၊ ခွင့်ရက်တွေကို စုပေါင်းယူပြီး ပြန်လာတာလို အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းကို ပြန်လာကြသူတွေ ပါဝင်ပါတယ်။​

    ပြည်ပထွက်ခွာခွင့်ပြုတဲ့လုပ်သားတွေရဲ့စာရင်းကို ထုတ်ပြန်နေတဲ့အလုပ်သမားဝန်ကြီးဌာနပိုင် Safe Migration တယ်လီဂရန်ချန်နယ်က ထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ၄ လကျော်အတွင်း ပြည်ပထွက်ခွင့်ကြန့်ကြာနေတဲ့အလုပ်သမား ၁,၄၀၀ နီးပါးရှိနေပါတယ်။​

    အချို့ခွင့်ပြန်အလုပ်သမားတွေဟာ ခွင့်ရက်ကျော်တဲ့အထိ လုပ်ငန်းခွင်ထဲ မရောက်နိုင်တော့တာကြောင့် ပြည်ပမှာ ရှိနေတဲ့အလုပ်ကိုပါ စွန့်လွှတ်လိုက်ရတာတွေလည်းရှိနေတယ်လို့ နားလည်ရပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. မော်စကိုကို ယူကရိန်းရဲ့အကြီးစား ဒရုန်းတိုက်ခိုက်မှုကြောင့် လူ သုံးဦး သေဆုံး- ရုရှား

    ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့တဲ့ မော်စကိုက အဆောက်အဦ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့တဲ့ မော်စကိုက အဆောက်အဦ

    ယူကရိန်းရဲ့အကြီးစားဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ လူ သုံး ဦး သေဆုံးပြီး လူအများအပြားဒဏ်ရာရခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

    မော်စကိုမြို့မြောက်ဘက်မှာရှိတဲ့ ခင်းခေမြို့မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးက အပျက်အစီးတွေရဲ့ အောက်မှာ ပိတ်မိနေခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗိုရိုဘရော့က ပြောပါတယ်။ ပိုဂါရိုးကီရွာမှာတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

    အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးလည်း သေဆုံးသွားပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ မော်စကိုမှာရှိတဲ့ အိန္ဒိယသံရုံးကပြောပါတယ်။ မော်စကိုအုပ်ချုပ်ရေးမှူးပြောတဲ့ သေဆုံးစာရင်းထဲမှာ ဒီအိန္ဒိယနိုင်ငံသားပါဝင်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

    ယူကရိန်းနဲ့ ထိစပ်နေတဲ့ ဘီယက်ဂရော့မြို့မှာလည်း လူတစ်ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။

    ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားက ယူကရိန်းမြို့တွေကို တိုက်ခိုက်မှုတွေအတွက် “တရားမျှတမှု” ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

    ရုရှားသတင်းဌာန Tass ကတော့ ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း မော်စကိုမြို့ကို တိုက်ခိုက်မှုတွေထဲ ဒီတိုက်ခိုက်မှုက အပြင်းထန်ဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

    မော်စကိုမြို့အုပ်ချုပ်ရေးမှူး ဗိုရိုဘရော့ကတော့ “မနက်သုံးနာရီကတည်းက မြို့တော်ကို ဦးတည်တဲ့ အကြီးစား ဒရုန်းတိုက်ခိုက်မှုတွေကို လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဖျက်ချနေရတယ်” လို့ တနင်္ဂနွေနေ့က တယ်လီဂရန် မှာ ရေးသားပါတယ်။

    အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း လူ ၄ ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။ မော်စကိုမြို့ အနောက်တောင်ကရွာမှာလည်း နေအိမ်တစ်လုံးမီးလောင်သွားတယ်လို့ ဆိုပါတယ်။

    မော်စကိုမြို့တော်ဝန်ကတော့ ဒရုန်းတွေက မော်စကိုမြို့ရေနံချက်စက်ရုံဝင်ပေါက်ကို ကျရောက်ခဲ့လို့ လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ အနီးနားက အိမ် ၃ လုံးလည်း ထိခိုက်သွားခဲ့ပါတယ်။

    နိုင်ငံတဝန်း ဒရုန်းအစင်းရေ ၅၅၆ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး အဲဒီထဲက ဒရုန်း အစင်း ၁၃၀ လောက်က မော်စကိုမြို့ကို ထိမှန်ခဲ့တာလို့ ရုရှားစစ်တပ်က ပြောပါတယ်။

    မော်စကိုမြို့မှာရှိတဲ့ ရုရှားရဲ့အစည်ကားဆုံးလေဆိပ် ရှရီမဲတီယယ်ဗို ကတော့ သူ့ ပိုင်နက်အတွင်း ဒရုန်းအပျက်အစီးတွေ တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ ထိခိုက်သူတော့ မရှိဘူးလို့ ဆိုပါတယ်။

    “ခရီးသည်ဝင်ပေါက်တွေ မှာတော့ အခြေအနေတွေအားလုံး တည်တည်ငြိမ်ငြိမ်ပါ။ ရှရီမဲတီယယ်ဗို လေဆိပ်က ခရီးသည်နဲ့ လေယာဉ်ဝန်ဆောင်မှုတွေကိုလည်း တည်တည်ငြိမ်ငြိမ်ဆောင်ရွက်ပေးနေတယ်” လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

    ဇလန်းစကီးကတော့ “ရှည်လျားလှတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မော်စကိုဆီ ရောက်လာပြီ” လို့ တနင်္ဂနွေမှာ ပြောကြားခဲ့ပါတယ်။ သူပြောတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုတာက ဒရုန်းတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

  5. ဂန့်ဂေါမြို့အနီး ငလျင်ငယ် လှုပ်ခတ် - မိုးဇလ, ငလျင်တွေကို ဘယ်လိုတိုင်းတာပါသလဲ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီးကို ဗဟိုပြုတဲ့ ပြင်းအား ၃.၅ မဂ္ဂနီကျူရှိတဲ့ အင်အားအသင့်တင့်ရှိ ငလျင်တစ်ခု မြန်မာစံတော်ချိန် ဒီနေ့ ၁၂ နာရီခွဲကျော်ကျော်မှာ လှုပ်ခတ်သွားတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပါတယ်။

    ဒါဟာ ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့အင်အားအသင့်အတင့် ငလျင်အပြီးမှာ မြန်မာပြည်အတွင်း တစ်မနက်ခင်းတည်းမှာတင် ဒုတိယမြောက် လှုပ်ခတ်တဲ့ငလျင်ဖြစ်ပါတယ်။

    မေလ ၁၈ ရက် မနက်ပိုင်း၊ တရုတ်နိုင်ငံထဲ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၂ ဦး ရှိတဲ့သတင်းမှာ ၅ ထပ် အခန်းတွဲ အဆောက်အဉီတစ်လုံးရဲ့ နံရံအချို့ပြိုကျပျက်စီးနေတဲ့ ပုံနဲ့ အဲဒီအရှေ့မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ရှိနေတဲ့အခြေအနေကို လမ်းတစ်ဖက်ခြမ်းကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံလို့ ရိုက်တာက သတင်းဖော်ပြ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံထဲမှာလည်း ဒီနေ့ မနက်ပိုင်းမှာပဲ ပြင်းအား ၅.၂ မဂ္ဂနီကျူရှိတဲ့ငလျင်လှုပ်ခတ်တာကြောင့် သေဆုံးသူ ၂ ဦးရှိတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။

    ငလျင်တွေကို ပြတ်ရွေ့တွေရဲ့လှုပ်ရှားပုံနဲ့ ထွက်တဲ့စွမ်းအင်တွေကို တွက်ချက်တဲ့ မိုးမန့် မဂ္ဂနီကျူ့ စကေး (Moment Magnitude Scale (Mw)) နဲ့ တိုင်းတာပါတယ်။ ငလျင်တွေကို တိုင်းတာဖို့ လက်ရှိမှာ အများသိကြပြီး တိကျမှုနည်းတဲ့ ရစ်(ချ်)တာစကေး နေရာမှာ မဂ္ဂနီကျူ ကို အစားထိုး အသုံးပြုနေကြပါတယ်။

    လှုပ်သွားတဲ့ငလျင်ရဲ့အတိုင်းအဆကိုတော့ ပြတ်ရွေ့ကြော ရွေ့သွားတဲ့အကွာအဝေးနဲ့ အဲဒီပြတ်ရွေ့လှုပ်သွားစေတဲ့အားကို ပေါင်းပြီး တွက်ချက်တာပါ။

    ပြင်းအား ၂.၅ မဂ္ဂနီကျူ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ ငလျင်မျိုးဆိုရင်တော့ ပုံမှန်အနေနဲ့ လူတွေခံစားသိတာ မျိုးမရှိပါဘူး။ ဒါပေမဲ့ တိုင်းတာစက်တွေမှာတော့ ဒီငလျင်က မှတ်တမ်း ဝင်ပါတယ်။

    ပြင်းအား ၅ နဲ့အထက်ရှိတဲ့ငလျင်တွေကိုတော့ လူတွေ ခံစားသိနိုင်သလို အပျက်အစီးအနည်းငယ်လည်း ဖြစ်တတ်ပါတယ်။

    ရန်ကုန်မှာ ဒီနေ့မနက်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ဟာ ၅.၂ အဆင့်ရှိလို့ ရန်ကုန်မြို့ခံတွေ ငလျင်အင်အားကို သိသိသာသာခံစားခဲ့ရပြီး လမ်းမပေါ် အထိတ်တလန့်နဲ့ ပြေးဆင်းတဲ့အထိဖြစ်ခဲ့တာပါ။

    ပြင်းအား ၆ နဲ့အထက်ဆိုရင်တော့ ပြင်းထန်ငလျင်လို့ မှတ်ယူပြီး အပျက်အစီးလည်း များနိုင်ပါတယ်။

    ပြင်းအား ၈ နဲ့အထက် ငလျင်တွေဆိုရင်တော့ အပျက်အစီးအတိုင်းအဆ ကြီးမားပြီး ငလျင်ဗဟိုချက်အနီးမှာ နေထိုင်ကြတဲ့သူတွေအားလုံးကိုလည်း ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေပါတယ်။

    ငလျင်ပြင်းအားနဲ့ အပျက်အစီး အတိုင်းအဆကို ဖော်ပြတဲ့ အခြေအနေ
  6. ရန်ကုန်နဲ့ ငလျင်အန္တရာယ်

    ရန်ကုန်မြို့က တိုက်ခန်းတွဲနောက်ကျော တစ်ခုကို မြေပြင်ကနေ ကောင်းကင်ပေါ် ကင်မရာလှန်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ရေညှိတက်နေတဲ့ တိုက်ခန်းတွဲ နံရံ၊ အပြာရောင် ရေပိုက်အချို့နဲ့ အိမ်အချို့ ရှိနေတဲ့ ကောင်းကင်အပြာကိုလည်း မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်ဟာ မြန်မာမှာ လူနေအထူထပ်ဆုံးဖြစ်ပေမဲ့ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုအပိုင်းမှာ မေးခွန်းထုတ်စရာဖြစ်နေ

    တိုက်ခန်းက တရိပ်ရိပ်လှုပ်နေသလို တစ်ပေအကွာလောက်သာခြားတဲ့ ဘေးတိုက်ကလည်း တအိအိနဲ့ ရမ်းနေတဲ့အသံတွေကြားတော့ ငလျင်လှုပ်နေတယ်ဆိုတဲ့အသိက ဘာလုပ်ရမှန်းမသိဘဲ မမြတ်တစ်ယောက် ထူပူနေခဲ့ပါတယ်။

    "လှဲနေရင်းမှ ငလျင်လှုပ်လာတာဆိုတော့ ဒီအတိုင်းပဲ မျက်နှာကြက်ကို ကြည့်နေလိုက်တယ်။ ပုခက်လွှဲနေသလိုပဲ၊ ကြောက်ပေမဲ့ နေရာကတောင် မထဖြစ်ဘူး"လို့ ရန်ကုန်မှာ ငလျင်လှုပ်ခတ်တာကို မကြာခဏကြုံနေရတဲ့မမြတ်က ပြောပါတယ်။

    သူနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ၇ ထပ်တိုက်ဟာ သက်တမ်းအရ နှစ် ၃၀ ကျော်နေပါပြီ။ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မမြတ်ဟာ သူ့ထက် အသက်ကြီးနေတဲ့တိုက်မှာ နေတာပါ။

    ရန်ကုန်မြို့မှာ ထူထပ်တဲ့လူနေထိုင်မှု၊ ကပ်လျက်ဆောက်ထားတဲ့အထပ်မြင့်တိုက်ခန်းတွေ၊ ဟောင်းနေတဲ့အထပ်မြင့်အဆောက်အဦတွေ၊ ယိုယွင်းနေတဲ့အရေးပေါ် လှေကားတွေ ဆက်ရှိနေပါတယ်။

    ဒီလိုအခြေအနေတွေ ရှိနေတဲ့ ရန်ကုန်မြို့နဲ့ ၁၅ ကီလိုမီတာ အကွာမှာစစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရှိနေတာပါ။

    စစ်ကိုင်းပြတ်ရွေ့ကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. “...မေမေရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို အတူကုန်ဆုံးခွင့်ရချင်ပါတယ်” - ကင်မ် အဲရစ်

    မေလ ၁၇ ရက်နေ့က ယူကေ ပါလီမန်ရှေ့ကျင်းပခဲ့တဲ့ Proof of Life လှုပ်ရှားမှုမှာ မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်

    ဓာတ်ပုံ ရင်းမြစ်, NUG Representatives Office - UK

    ဓာတ်ပုံ ပုံစာ, မေလ ၁၇ ရက်နေ့က ယူကေ ပါလီမန်ရှေ့ကျင်းပခဲ့တဲ့ Proof of Life လှုပ်ရှားမှုမှာ မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်

    နေပြည်တော်မှာ ဖမ်းဆီးထောင်ချခံထားရပြီး အသက် ၈၀ ကျော်ထဲ ရောက်လာတဲ့မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို အတူကုန်ဆုံးခွင့်ရချင်တယ်လို့ဆိုပြီး သားဖြစ်သူ ကင်မ် အဲရစ်က ပြောလာပါတယ်။

    ဗြိတိန်လွှတ်တော်အရှေ့မှာ မေလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေး ကြောင်းပြဖို့ နေပြည်တော်ကိုတောင်းဆိုတဲ့ Proof of Life လှုပ်ရှားကို တက်ရောက်စကားပြောချိန် သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

    “မေမေ ဘေးကင်းလုံခြုံရဲ့လား ကျွန်တော်သိချင်ပါတယ်။ သူ့အသံ ကြားချင်ပါတယ်။ သူ့ မျက်နှာကိုလည်း မြင်ချင်ပါတယ်။ မေမေရဲ့ကျန်ရှိနေသေးတဲ့အချိန်တွေကို အတူကုန်ဆုံးခွင့်ရချင်ပါတယ်” လို့ ကင်မ်က ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ်သီတင်းပတ်တွေမှာ အသက် ၈၁ နှစ်ပြည့်ပြီဖြစ်လို့ ကမ္ဘာ့အသက်ကြီးအဆုံးအမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ဖြစ်လာပြီလို့လည်း သူက ထောက်ပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ပါတယ်ဆိုတဲ့ သက်သေအထောက်အထားပြဖို့ စစ်တပ်က ငြင်းဆန်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပြင်ပလုပ်ဖို့ စာရင်းပျောက်အကျဉ်းသားဖြစ်အောင် ပုံဖော်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း သူက ဝေဖန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေပါတယ်ဆိုတာကို ဓာတ်ပုံတစ်ပုံ၊ ရုပ်သံဗီဒီယို တစ်ခုတည်းတင်မဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် အတည်ပြုခွင့်ပေးဖို့ ကင်မ်အဲရစ်က နေပြည်တော်ကို တောင်းဆိုလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနဲ့ ယူကေနိုင်ငံတွေမှာ မေလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာ တပြိုင်တည်း ပြုလုပ်ခဲ့ကြတာပါ။

    ‌နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ လိုက်ကြောင်း ဓာတ်ပုံတစ်ပုံနဲ့အတူ ဧပြီ ၃၀ ရက်မှာ နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်ပြန်ချက်မှာ သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းတယ်လို့ ဖော်ပြထားပေမယ့် နေရာအတိအကျကို မဖော်ပြထားပါဘူး။

  8. မြန်မာငလျင်ကို ထိုင်းနိုင်ငံမှာ သိသိသာသာခံစားခဲ့ရ

    မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်က မေလ ၁၇ ရက် တုန်းက ငလျင်လှုပ်ခတ်တဲ့မြေပုံနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြသတဲ့ မြေပုံ

    ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့မှာ လှုပ်ခတ်သွားတဲ့ငလျင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း သိသိသာသာ ခံစားခဲ့ရတယ်လို့ ထိုင်းနိုင်ငံငလျင်လေ့လာရေးဌာနနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    ထိုင်းနိုင်ငံငလျင်လေ့လာရေးဌာနက ထိုင်းစံတော်ချိန် ၉ နာရီ ၅ မိနစ်က မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှာ ပြင်းအား ၅ ဒဿမ ၃ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်မှု တစ်ကြိမ်၊ ထိုင်းစံတော်ချိန် ၉ နာရီ ၁၈ မိနစ်မှာ ပြင်းအား ၃ ဒဿမ ၂ မဂ္ဂနီကျု ရှိငလျင်လှုပ်ခတ်မှု တစ်ကြိမ် မှတ်တမ်းတင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့အထပ်မြင့်အဆောက်အဦတွေမှာ နေထိုင်သူတွေက ပိုပြီးသိသိသာသာ ခံစားခဲ့ရတယ်လို့ ငလျင်လေ့လာရေးဌာနက ထုတ်ပြန်ပါတယ်။

    ထိုင်းသတင်းတွေမှာတော့ ဘန်ကောက်မြို့ ချက်တူချက်၊ စီလုံ၊ ခလောင်တွိုင်၊ ဆရီရာ့ စတဲ့အရပ်တွေက အထပ်မြင့်အဆောက်အဦတွေမှာ နေထိုင်သူတွေဟာ ငလျင်အရှိန်ကို ခံစားခဲ့ရတယ်လို့ သတင်းဖော်ပြပါတယ်။

    ချင်းမိုင်မြို့၊ လန်ဖန်းမြို့ နဲ့ ဘန်ကောက်မြို့ရဲ့ မြောက်ပိုင်းခရိုင်တွေမှာ နေထိုင်သူတွေကလည်း ငလျင်ဒဏ်ကြောင့် မူးဝေခဲ့ရတဲ့အကြောင်း သတင်းပေးပို့ချက် အစောင် ၄၀ လောက် ထိုင်းနိုင်ငံ ငလျင်လေ့လာရေးဌာနကို ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

    ဘန်ကောက်မြို့ထဲက Silom Tower မှာ ရှိနေသူတွေကလည်း အထပ်မြင့်အဆောက်အဦပေါ်ကနေ လေးလံတဲ့ ပစ္စည်းတွေ ပစ်ချလိုက်သလို ခံစားရတယ်လို့ ထိုင်းငလျင်လေ့လာရေးဌာနကို မျှဝေထားကြပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာပဲ မြန်မာ့ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ လျော်ကျုန်းမြို့မှာလည်း ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျု ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ စင်ကာပူ သတင်းဌာန CNA က သတင်းဖော်ပြပါတယ်။

    ဒီငလျင်ကြောင့် တရုတ်နိုင်ငံမှာ နှစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ သတင်းက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာတော့ ဒီနေ့လှုပ်ခတ်တဲ့ငလျင်ကြောင့် ထိခိုက်၊ သေဆုံးမှုတွေ ရှိ၊ မရှိဆိုတာတော့ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။

    မတ်လ ၂၄ ရက်က ရိုက်ကူးထားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လုမ္ပနီပန်းခြံမြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၄ ရက်က ရိုက်ကူးထားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လုမ္ပနီပန်းခြံမြင်ကွင်း (ပုံဟောင်း)
  9. စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ

    တစ်တော့ပေါ်က မြန်မာစစ်မှုထမ်း ရုပ်သံတစ်ခုကို မိုဘိုင်းဖုန်း ကင်မရာမှာမြင်တွေ့ရပြီး ဖုန်းကို လက်တစ်ဖက်က ကိုင်ထားတဲ့ ပေါင်းစပ်ဓာတ်ပုံ

    စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ်သားတွေကို စစ်မှုထမ်းသက် နှစ်နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်းထုတ်လာပါတယ်။

    တိုင်းစစ်ဌာနချုပ်ကနေ ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းအပတ်စဥ် ၁ နုတ်ထွက်ခွင့်ကို ထုတ်ပြဖို့ စနစ်တကျပြင်ဆင်တာတွေ့ရတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ဆိုပါတယ်။

    ဒီလို ပြင်ဆင်ပုံဖော်ထားတာကို စစ်တပ်က လူမှုကွန်ရက်တွေပလက်ဖောင်းတွေကပါ ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    "TikTok မှာ စစ်တပ် မ တည်ထားတဲ့ ဝါဒဖြန့် Vlog တွေ(ဥပမာ ပျိုမေ Vlog) မှာ အိမ်ပြန်ခွင့်ရတဲ့ လူငယ်တွေရဲ့ အသံဆိုပြီး လုပ်တာတွေ့ရတယ်။ စစ်တပ်က ဒီဝါဒဖြန့်လုပ်ငန်းကို ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး လုပ်လာတာတွေ့ရတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကို စစ်တပ်ကပိတ်လိုက်လို့ မြန်မာမှာ လူသုံံးအများဆုံးဖြစ်လာတဲ့ TikTok ဟာ စစ်တပ်ထောက်ခံသူ၊ စစ်တပ်မီဒီယာနဲ့ အမျိုးသားရေးသမားတွေရဲ့ အဓိကဝါဒဖြန့် ပလက်ဖောင်းတစ်ခုဖြစ်လာတယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP) က ဆိုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

  10. ရန်ကုန်မှာ အင်အားသိသာပြင်းတဲ့ငလျင်လှုပ်ခတ်

    မိုးလေဝသဌာနကတော့ ငလျင်ဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအား ၅.၂ မဂ္ဂနီကျူရှိတဲ့ အင်အားအသင့်အတင့်ငလျင်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, မိုးဇလ

    ဒီကနေ့ မနက်ပိုင်း ၈ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့က မြို့နယ်အများစုမှာ အင်အားသိသာတဲ့ငလျင်အချို့ လှုပ်ခတ်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    သာကေတ၊ သင်္ဃန်းကျွန်းနဲ့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာတို့အပြင် တခြားမြို့နယ်တွေမှာပါ သိသိသာသာလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    "အရမ်းကြမ်းတယ်၊ လူတွေအော်ပြီး ပြေးကြတာ၊ လှုပ်တာကြာတယ်။ ရပ်တော့မလားရပ်တော့မလားနဲ့ မရပ်ဘူး အနည်းဆုံး တစ်မိနစ်ခွဲ လှုပ်သွားတာ။ အိပ်နေတုန်း နိုးပြီးပြေးရတာအောက် ရောက်တဲ့အထိလှုပ်တုန်း"လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    နောက်ထပ်ရန်ကုန်မြို့ခံတစ်ဦးကလည်း "တော်တော်ပြင်းတယ်။ သိသာတယ်။ စားပွဲတွေ။ ကွန်ပျူတာပါလှုပ်တာ။ လူတွေပါ ယိုင်ကုန်တယ်။ အကုန်ပြေးဆင်းကြတာ” လို့ ရန်ကုန်မြို့လယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ငလျင်ပြင်းအားဖော်ပြတဲ့ အပလီကေးရှင်းတွေမှာတော့ ရန်ကုန်မှာ အနည်းဆုံး ၃ ကြိမ်ခန့်လှုပ်ခဲ့ပြီး ပြင်းအား ၅ ဒသမ ၃ မဂ္ဂနီကျူ အထိရှိခဲ့တယ်လို့ဖော်ပြပါတယ်။

    မိုးလေဝသဌာနကတော့ ငလျင်ဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအား ၅.၂ မဂ္ဂနီကျူရှိတဲ့ အင်အားအသင့်အတင့်ငလျင်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

  11. မြန်မာ့ကျွန်းကို တရားမဝင်တင်သွင်းခဲ့တယ်လို့ UK ဇိမ်ခံသင်္ဘောကုမ္ပဏီဝန်ခံ - အမေရိကန်တရားရေး

    မြန်မာ့ကျွန်းကို တင်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ့ကျွန်းကို တင်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker (ပုံဟောင်း)

    အမေရိကန်ပြည်ထောင်စုကို တင်သွင်းလာတဲ့ ဇိမ်ခံရွက်လှေသင်္ဘောတွေမှာ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းထားတဲ့ ကျွန်းတွေ အသုံးပြုခဲ့တယ်လို့ ယူကေအခြေစိုက် ဇိမ်ခံရွက်လှေသင်္ဘော ဆောက်လုပ်ရေးကုမ္ပဏိ Sunseeker International Limited က ဝန်ခံလိုက်တယ်ဆိုပြီး အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။

    ယူကေအခြေစိုက် Sunseeker International ကုမ္ပဏီနဲ့ သူ့ရဲ့အမေရိကန်လုပ်ငန်းခွဲ Sunseeker U.S Sales တို့က အခုလိုဝန်ခံခဲ့တာလို့ အမေရိကန်တရားရေးဌာနက မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

    သင်္ဘောရဲ့ လေသာဆောင်မှာတပ်မယ့် ကျွန်းတံခါးနဲ့ ကျန်အစိတ်အပိုင်းတွေမှာ အသုံးပြုမယ့် ကျွန်းတွေဟာ မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ကျွန်းတွေဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

    သင်္ဘောမှာ အသုံးပြုမယ့် မြန်မာ့ကျွန်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာ အမေရိကန်‌ဒေါ်လာ ၄ သန်း‌ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ တရားမဝင်ကျွန်းတင်သွင်းမှုကို တားမြစ်ထားတဲ့ Lucey Act ဥပဒေထဲက ချိုးဖောက်မှု နှစ်ခုကို ကျူးလွန်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။

    အမေရိကန်တရားရေးဌာနကတော့ Sunseeker ကုမ္ပဏီကို ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ သတ်မှတ်လိုက်ပြီး ဥပဒေကို လိုက်နာရမယ်လို့ ဆိုပါတယ်။ ဩဂုတ် ၂၀ ရက်နေ့မှာတော့ ဒီကုမ္ပဏီကို အပြီးသတ်အမိန့်ချမှတ်မှာဖြစ်ပါတယ်။

    Sunseeker ကုမ္ပဏီဟာ ယူကေနိုင်ငံမှာ သင်္ဘောတွေ တည်ဆောက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာကို ဖြန့်ဖြူးရောင်းချတာပါ။

    ဒီကုမ္ပဏီဟာ အခုလိုမျိုး ကျွန်းတွေကို တရားမဝင်တင်သွင်းလို့ ၂၀၂၃ ခုနှစ်က ယူကေမှာ အရေးယူခံခဲ့ရဖူးပါတယ်။ အခုအမေရိကန်ကို တင်ပို့ခဲ့တဲ့ကျွန်းတွေဟာ ယူကေမှာ အရေးယူခံခဲ့ရတဲ့ကျွန်းတွေဖြစ်တယ်လို့ အမေရိကန်တရားရေးက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်၊ ယူကေ၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေက ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

  12. မင်္ဂလာပါ။ မေလ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။