မြန်မာထောပတ်သီးရဲ့အဓိကဝယ်လက် ထိုင်းက တင်သွင်းခွင့်ပိတ်လို့ ဈေးကွက်ပျောက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Myanmar avocado farmers
ထိုင်းနိုင်ငံကို မြန်မာထောပတ်သီး တရားဝင်တင်ပို့ခွင့် မရဖြစ်နေပြီး နယ်စပ်လမ်းကြောင်း တင်သွင်းခွင့်လည်း ပိတ်လိုက်တာကြောင့် ထိုင်းစျေးကွက် ပျောက်လာနိုင်တယ်လို့ မြန်မာထောပတ်သီးလုပ်ငန်းရှင်တချို့ဆီက သိရှိရပါတယ်။
ထိုင်းက မြန်မာထောပတ်သီးရဲ့အကြီးဆုံးဝယ်လက်ဖြစ်လို့ တရားဝင်တင်ပို့ခွင့်ရရေးကြိုးပမ်းပေမဲ့ ထိုင်းဘက်က တုံ့ပြန်ချက်မရ ဖြစ်နေတယ်လို့ဆိုပါတယ်။
ထိုင်းကို တရားဝင်ထောပတ်သီး ပို့ခွင့်ရဖို့ ပိုးမွှားအန္တရာယ်ဆန်းစစ်မှု(PRA)အဆင့် ပြီးမြောက်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် မြန်မာက ၂၀၂၀ ခုနှစ်ကတည်းက ကြိုးပမ်းနေပေမဲ့ အခုအချိန်ထိ PRA အဆင့် မပြီးသေးတဲ့အကြောင်းပြချက်ကြောင့် တရားဝင်တင်ပို့ခွင့် မရဖြစ်နေတာလို့ ဆိုပါတယ်။
''PRA အတွက် ဆွေးနွေးတဲ့အချိန်မှာ သူတို့ဘက်က ထိုင်းထောပတ်သီးရာသီနဲ့ မထပ်တဲ့ကာလမှာ တင်ပို့ဖို့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဇန်နဝါရီကနေ ဧပြီအတွင်းဆို ထိုင်းမှာထောပတ်သီး ပြတ်လပ်ချိန်မို့ သူတို့ဘက်က လိုလိုလားလားရှိတယ်ဆိုပြီး PRA လုပ်ဖို့ သဘောတူပါတယ်။ ဒါပေမဲ့ အခုက ပို့မရသေးတာထက် သူတို့ဘက်က PRA ကိုအကြောင်းမပြန် ဖြစ်နေတာပါ'' လို့ ထောပတ်သီးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ထိုင်းဟာ မြန်မာထောပတ်သီးအတွက် အဓိကဈေးကွက်ဖြစ်ပြီး နှစ်စဥ် တန်ချိန် ၁ သောင်းနဲ့ ၁ သောင်းခွဲ အနည်းဆုံး ပို့နိုင်ပါတယ်။
မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)က ထိုင်းကို မြန်မာထောပတ်သီးရဲ့အဓိကဝယ်လက်အဖြစ် ဖော်ပြထားပြီး အနည်းဆုံး ထောပတ်သီးတင်ပို့မှု တန်ချိန် ၁၀,၀၀၀ ကျော် ရောက်နိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။
ဒါပေမဲ့ အဲဒီလိုပို့ဆောင်တာအားလုံးက နယ်စပ်လမ်းကြောင်းတွေကနေ ပို့ခဲ့တာတွေဖြစ်ပါတယ်။
မြန်မာဘက်က ၂၀၂၃ ခုနှစ်မှာ ထိုင်းဘက်ကို Technical Market Access Information (တင်သွင်းခွင့်ပြုဖို့ လိုအပ်တဲ့နည်းပညာဆိုင်ရာအချက်အလက်တွေ) ပေးပို့ခဲ့ပြီး PRA ဆက်လုပ်ဖို့ ညှိနှိုင်းခဲ့ပေမဲ့ ထိုင်းအမျိုးသားအပင်ကာကွယ်ရေးအဖွဲ့(NPPO) ဘက်က တုံ့ပြန်မှု မပေးသေးတာ ဖြစ်ပါတယ်။
အခုနှစ် ၂၀၂၆ မေလမှာလည်း MAVO က ဘန်ကောက်သွားပြီး ထိုင်းစိုက်ပျိုးရေးအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
“နယ်စပ်ကနေ ပို့ဖို့ကိုတောင် စိုက်ခင်း GAP လက်မှတ်၊ ထုတ်ပိုးရုံများ HACCP, GMP အကုန်တောင်းပါတယ်။ မဆီမဆိုင် ISO လက်မှတ်ပါ တောင်းတယ်။ Health certificate LPI၊ အစားအသောက်သယ်ယူခွင့်လက်မှတ် တောင်းတယ်။ အဲဒါလည်း ဒီဘက်က ပေးပါတယ်” လို့ ထောပတ်သီးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာထောပတ်သီးတွေကို အဓိကအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်နဲ့ ကယားပြည်နယ်တွေမှာ စိုက်ပျိုးကြပြီး နိုင်ငံတဝန်း ထောပတ်သီးစိုက်ဧက ၂၅,၀၀၀ ခန့် ရှိပါတယ်။
အထူးသဖြင့် ပြည်ပတင်ပို့ဖို့ ထုတ်လုပ်တဲ့ ဟတ်စ်(Hass) နဲ့ ဘူကေးနီးယား(Buccaneer) မျိုးတွေကို ပြင်ဦးလွင်၊ ရွာငံ၊ ရပ်စောက်နဲ့ တောင်ကြီးတို့မှာ အဓိကစိုက်ပျိုးပါတယ်။
ဒါကြောင့် ထိုင်းဈေးကွက်က တရားဝင်ပို့ဖို့ ခက်နေချိန် တရုတ်ဈေးကွက်ကို တရားဝင်ဝင်ရောက်ခွင့် GACC လည်း အချိန်မီမရခဲ့ရင် လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ထောပတ်သီးတန်ချိန် ၁၅,၀၀၀ ဝန်းကျင်အထိ ပြည်တွင်းမှာ သောင်တင်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။
နှစ်စဉ်တန်ချိန်ထောင်နဲ့ချီ ဝယ်ယူနေတဲ့အဓိကဈေးကွက် ထိုင်းကို တရားဝင် ဝင်ခွင့်မရသေးသလို နယ်စပ်ကလည်း ပိုတင်းကျပ်လာတာကြောင့် မြန်မာထောပတ်သီးတောင်သူတွေအတွက် ဈေးကွက်နဲ့ ဝင်ငွေထိခိုက်မှု ကြီးမားလာနိုင်တဲ့အခြေအနေဖြစ်လာနေပါတယ်။



