နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင်

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်မှု ၅ မျိုး ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပနှင်ထုတ်နိုင်တဲ့ ဝန်ကြီးချုပ်ရုံးစည်းမျဥ်းဒီနေ့အသက်ဝင်တဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပြစ်မှု ၅ မျိုးကျူးလွန်သူနဲ့ ကူညီသူ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဥ်းသစ် ဒီနေ့စတင်အသက်ဝင်
  • ရုတ်တရက်ရေကြီးမှုကြောင့် နီပေါမှာ သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်လာပြီး နီပေါနဲ့ တိဗက်နယ်စပ် ဟိမဝန္တာဒေသမှာ ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပေါ်လာနိုင်
  • လိင်တူချင်းချစ်ကြိုက်တဲ့ စာအုပ်ရောင်းချနေတာကို ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့်နေပြီး စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ် ဒီမနက် ကြေညာ
  • ခင်ပွန်းဟောင်း အမေရိကန်သံတမန်ကိုသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ထိုင်းအမျိုးသမီးကို မြန်မာရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်
  • Chinland FC ဘောလုံးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမား Pa Lung ဟာ ပျောက်ဆုံးနေတာ အချိန်တပတ်ဝန်းကျင်ရှိလာ
  • ၁၉၈၈ လူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို တိုင်းပြည်ဆူပူအုံကြွစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တွေလို့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြော
  • DTV ဗီဇာ လျှောက်ထားသူတွေရဲ့ လိုအပ်ချက် အသစ်ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဗီဇာအမျိုးအစားအတွက် ရန်ကုန်က ထိုင်းသံရုံးကနေသာ လျှောက်ထားနိုင်တော့မှာဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သြဂုတ်လ ၂၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. "သူတို့ကို သေမင်းဆီ ကိုယ်တိုင်ခေါ်သွားခဲ့သလို ဖြစ်ခဲ့ရတယ်", ရုရှားရဲ့ တိရစ္ဆာန်ကာကွယ်ဆေး အကျပ်အတည်း

    ရုရှားနိုင်ငံမှာထုတ်တဲ့ တိရစ္ဆာန်ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက် ခွေး ဒါဇင်နဲ့ချီ သေဆုံးခဲ့

    ဓာတ်ပုံ ရင်းမြစ်, Stock shot: BBC

    ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံမှာထုတ်တဲ့ တိရစ္ဆာန်ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက် ခွေး ဒါဇင်နဲ့ချီ သေဆုံးခဲ့

    ရုရှားနိုင်ငံမှာထုတ်တဲ့ တိရစ္ဆာန်ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက် ခွေး ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်တွေက ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စတင်ပြီးနောက် ရုရှားနိုင်ငံမှာ တိရစ္ဆာန်ကုသရေးဆေးဝါးနဲ့ ပတ်သက်ရင်ရွေးချယ်စရာတွေ လျော့နည်းလာတာကို မီးမောင်းထိုးပြနေပါတယ်။

    ရုရှားနိုင်ငံ ယာရိုစလပ်ဗ်ဒေသက ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ ခွေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးပေးဖို့ ဆေးခန်းတွေကို ခေါ်သွားခဲ့ကြပါတယ်။ သူတို့ကတော့ အဲဒီကာကွယ်ဆေးတွေ ထိုးပေးထားရင် ရုရှားမှာ ခွေးတွေအတွက် အန္တရာယ်အရှိဆုံးရောဂါအချို့ကနေ အကာအကွယ်ရနိုင်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။

    ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ခွေးတချို့ဟာ အပြင်းအထန် နေမကောင်းဖြစ်လာခဲ့ပါတယ်။ ခွေးပိုင်ရှင်တွေ အပြောအရ ခွေးတွေဟာ အဖျားကြီးပြီး တက်တာ၊ အန်တာနဲ့ သွေးယိုတာမျိုး လက္ခဏာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောကြပါတယ်။ ခွေးတော်တော်များများလည်း သေဆုံးခဲ့ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ကြံ့ခိုင်ရေးပါတီညီလာခံနဲ့ အာဏာလွန်ဆွဲပွဲတွေ

    ပါတီညီလာခံကို စက်တင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက်မှာ ကျင်းပနိုင်ရေး လျာထား

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ပါတီညီလာခံကို စက်တင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက်မှာ ကျင်းပနိုင်ရေး လျာထား

    လာမယ့်ညီလာခံမှာ စိတ်ဝင်စားနေကြတဲ့ မေးခွန်းတစ်ခုက ဦးမင်းအောင်လှိုင် ပါတီဥက္ကဋ္ဌနေရာကို ယူသွားမလားဆိုတာပဲ ဖြစ်ပါတယ်။

    "နောက်သက်တမ်းအတွက်ရည်ရွယ်ချက်ရှိရင်တော့ဥက္ကဋ္ဌနေရာယူလိမ့်မယ်။သူစိတ်ချရတဲ့သူတစ်ယောက်ကိုဒုတိယဥက္ကဋ္ဌ ထားထားမှာပေါ့" လို့ ဝါရင့်ပါတီဝင်တစ်ဦးက သုံးသပ်ပါတယ်။

    ဒါပေမဲ့လက်ရှိဥက္ကဋ္ဌ ဦးခင်ရီက သမ္မတလည်းမဖြစ်ခဲ့တဲ့အပြင် ဥက္ကဋ္ဌနေရာကပါ ဖယ်ပေးရရင် ပြောစရာဖြစ်သွားမယ် လို့ သူက ပြောပါတယ်။

    ပါတီထဲမှာစစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်းဖြစ်တဲ့ ဦးမင်းအောင်လှိုင်ထက်စီနီယာကျသူတွေရှိနေပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. DTV ဗီဇာကို ရန်ကုန်က ထိုင်းသံရုံးမှာပဲ လျှောက်လို့ရတော့မယ်

    ၂၀၂၄ခုနှစ်တုန်းက ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားဖို့ စောင့်ဆိုင်းနေသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်တုန်းက ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားဖို့ စောင့်ဆိုင်းနေသူတွေ (ပုံဟောင်း)

    ထိုင်းအစိုးရက ပြောင်းလဲသတ်မှတ်လိုက်တဲ့ DTV ဗီဇာ လျှောက်ထားသူတွေရဲ့ လိုအပ်ချက် အသစ်ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဗီဇာအမျိုးအစားအတွက် ရန်ကုန်က ထိုင်းသံရုံးကနေသာ လျှောက်ထားနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)တစ်ဦးက ဘီဘီစီကို ‌‌ပြောပါတယ်။

    DTV ဗီဇာဟာ အွန်လိုင်းက အလုပ်လုပ်သူတွေ၊ အလွတ်တန်းသမားတွေ၊ ထိုင်းယဥ်ကျေးမှု၊ လက်ဝှေ့၊ ဟင်းချက်လေ့လာလိုသူတွေ၊ ဆေးကုသမှုခံယူလိုသူတွေ၊ ဆွေးနွေးပွဲတက်ရောက်မယ့်သူတွေ၊ ဖျော်ဖြေပွဲတက်မယ့်သူတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ အသက်၂၀ အောက်မှီခိုသူတွေလျှောက်ထားနိုင်တာဖြစ်ပါတယ်။

    ဗီဇာသက်တမ်း ၅ နှစ်အတွင်းမှာ နိုင်ငံထဲတစ်ကြိမ်ဝင်ရင် ရက်ပေါင်း ၁၈၀ အထိထိုင်းနိုင်ငံထဲမှာနေထိုင်နိုင်ပြီး အကြိမ်ရေအကန့်သတ်မရှိဝင်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

    DTV လျှောက်ထားသူအနေနဲ့ ဗီဇာလျှောက်လွှာတင်လိုက်တဲ့ ထိုင်းသံရုံးရှိရာ နိုင်ငံရဲ့ နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူဖြစ်ရမယ်လို့ သတ်မှတ်လိုက်တာပါ။

    DTV ဗီဇာကို အွန်လိုင်းကနေ E-visa စနစ်နဲ့လျှောက်ထားနိုင်တာပါ။

    ဒီသတ်မှတ်ချက်ဟာ သြဂုတ် ၃၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက ဒီမနက်ကြေညာပါတယ်။

    ဒါ့အပြင် မိခင်နိုင်ငံ ဒါမှမဟုတ် လျှောက်လွှာတင်တဲ့နိုင်ငံက အာဏာပိုင်တွေက ထုတ်ပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာကိုလည်း တင်ပြဖို့လိုအပ်တယ်လို့ သံရုံးက ထုတ်ပြန် ပါတယ်။

    "မြန်မာနိုင်ငံသားဆိုရင် DTV ဗီဇာကို ရန်ကုန်က ထိုင်းသံရုံးမှာ ‌‌လျှောက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဒါမှမဟုတ် PR ဖြစ်တဲ့အချက်အလက်နဲ့ ပြစ်မှုကင်းရှင်း‌ကြောင်း‌ထောက်ခံစာ ၂ ခုကို ‌ထပ်တောင်းတာဖြစ်ပါတယ်" လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)တစ်ဦးက ဘီဘီစီကို ‌‌ပြောပါတယ်။

    ဗီဇာလျှောက်ထားချိန်မှာ မြန်မာနိုင်ငံထဲ မဖြစ်မနေရှိနေဖို့ လိုအပ်လားဆိုတာနဲ့ ပတ်သက်လို့တော့” ဗီဇာလျှောက်ထားချိန်မှာ တခြားနိုင်ငံကိုရောက်နေရင် ဗီဇာရတဲ့အချိန် တခြားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဝင်ရောက်နိုင်ပါတယ်” လို့ ထိုင်းသံရုံးတာဝန်ရှိသူ(Counsellor)က ပြောပါတယ်။

    ဒါပေမဲ့ ဗီဇာ‌‌လျှောက်ထားသူအပေါ်် မူတည်ပြီး ရန်ကုန်က ထိုင်းသံရုံးမှာ လူတွေ့ အင်တာဗျူးဖြေဆိုရတာလည်း ရှိနိုင်တယ်လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးကနေ စုံစမ်းသိရပါတယ်။

    သြဂုတ် ၃၁ ရက်မတိုင်ခင် ဗီဇာလျှောက်လွှာတင်ပြီး ဗီဇာကြေးပေးသွင်းပြီးသားသူတွေကတော့ ဒီ စည်းမျဥ်းအသစ်သက်ရောက်မှာ မဟုတ်ဘူးလို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာရှိတဲ့ ထိုင်းသံရုံးက မနေ့ညက ထုတ်ပြန်ပါတယ်။

    ဒီလကုန်ပိုင်းမှာ ပြောင်းလဲမယ့် စည်းမျဥ်းကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ ၅ နှစ်နေထိုင်ခွင့်ရှိတဲ့ DTV ဗီဇာလျှောက်ထားတဲ့အပေါ် နိုင်ငံထဲပြန်ဝင်ရမှာကို စိုးရိမ်ချက် ရှိ‌ေနကြတာပါ။

    DTV ဗီဇာရဲ့တရားဝင် သတ်မှတ် ဗီဇာကြေးက ဘတ် ၁၀၀၀၀ ဖြစ်ပေမဲ့ အကျိုးဆောင်တွေကတဆင့်လုပ်ရင်တော့ ဘတ် ၃၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ ဝန်းကျင်အထိ ပေးနေရတယ်လို့ ဗီဇာဝန်ဆောင်မှုပေးနေသူတွေဆီကနေသိရပါတယ်။

  5. ကွာရှင်းခွင့်၊ ဖုန်းပိတ်ပင်မှုနဲ့ ထိန်းချုပ်မှု - တာလီဘန်တွေ အာဖဂန်ကိုဘယ်လိုအုပ်ချုပ်နေသလဲ

    ဂျော်ဇ်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘ်ဒူလာ ဆာဟာဒီ
    ဓာတ်ပုံ ပုံစာ, ဂျော်ဇ်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘ်ဒူလာ ဆာဟာဒီ ဟာ တာလီဘန်တွေအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရက ဂွါတာနာမိုပင်လယ်အော် အကျဉ်းစခန်းမှာ နှစ်အတော်ကြာ ထိန်းသိမ်းထားခဲ့သူ ဖြစ်ပါတယ်

    ပြည်နယ်အုပ်ချုပ်ရေးမှူး အဘ်ဒူလာ ဆာဟာဒီ တစ်ယောက် လက်ကျိုးသွားတဲ့ကလေးတစ်ယောက် ဆေးကုသနိုင်အောင် ငွေထုတ်ပေးနေသလို၊ ဗလီတစ်လုံးဆောက်ဖို့လည်း ငွေကြေးပေးအပ်နေပါတယ်။

    အဲဒီနောက် အာဖဂန်နစ္စတန်မြောက်ပိုင်းက သူ့ရုံးခန်းထဲမှာတော့ မယုံနိုင်စရာ စကားဝိုင်းတစ်ခု ဖြစ်လာပါတယ်။

    အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်က မုတ်ဆိတ်ဖြူဖြူနဲ့ တာလီဘန်တပ်မှူးဟောင်းဖြစ်တဲ့အုပ်ချုပ်ရေးမှူးကို သူ့ခင်ပွန်းနဲ့ ကွာရှင်းချင်တယ်လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူဟာ လပေါင်းများစွာ သူ့ကို အနိုင်ကျင့်ရိုက်နှက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

    သူကတော့ အုပ်ချုပ်ရေးမှူးက ဘယ်လိုပဲ ငြင်းငြင်း လက်မလျှော့မယ့်ပုံပါ။

  6. ၁၉၈၈ နဲ့ ၂၀၂၁ မှာ တိုင်းပြည်ပြိုကွဲမယ့်အရေးကြောင့် စစ်တပ်ကတာဝန်ယူခဲ့ရတယ်လို့ တပ်ချုပ်ပြော

    သြဂုတ် ၂၇ ရက်က စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမှာ မိန့်ခွန်းပြောနေတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၇ ရက်က စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမှာ မိန့်ခွန်းပြောနေတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး

    ၁၉၈၈ လူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို တိုင်းပြည်ဆူပူအုံကြွစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တွေလို့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောလာပါတယ်။

    သြဂုတ် ၂၇ ရက်က စစ်တက္ကသိုလ်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်က နည်းပြ၊ ဗိုလ်လောင်း၊ ဘွဲ့လွန်သင်တန်းသားနဲ့ တပ်နယ်က အရာရှိ၊ တပ်သားတွေနဲ့ တွေ့ချိန်မှာ ပြောခဲ့တာပါ။

    ၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ်တွေက တိုင်းပြည်ပြိုကွဲမယ့် အခြေအနေကို စစ်တပ်က အချိန်မီတာဝန်ယူခဲ့ရတယ်လို့လည်း တပ်ချုပ်က ပြောပါတယ်။

    ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအမြင်ကတော့ တပ်အမြင်နဲ့ ခြားနားပါတယ်။

    ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာလည်း ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ကြရာကနေ အကြမ်းဖက်ဖြိုခွင်းခံရပြီးတဲ့ နောက် လက်နက်ကိုင်ခုခံတဲ့အထိကို ရောက်ခဲ့တာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်ဟောင်း လက်ရှိနေပြည်တော်သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကလည်း ဒီလှုပ်ရှားမှု နှစ်ခုကို” “ပညာတတ်မြောက်မှုနည်းပါးပြီး စဥ်းစားဆင်ခြင်မှုအားနည်းကာ အကြမ်းဖက်မှုတွေကိုသာ လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရှိရတယ်” လို့ ပုံဖျက်ပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ပြည်ထောင်စုလွှတ်တော်မှာပြောခဲ့တဲ့အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

  7. ထိုင်းဈေးကွက်ပိတ်လို့ မြန်မာထောပတ်သီးတောင်သူတွေ အကျပ်ဆိုက်

    မြန်မာထောပတ်သီးတွေ ထိုင်းမဝယ်တော့လို့ အခက်ကြုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာထောပတ်သီးတွေ ထိုင်းမဝယ်တော့လို့ အခက်ကြုံ

    နှစ်တိုင်း ထိုင်းဘက်ကို ထောပတ်သီးပို့ပြီး ဝင်ငွေရှာခဲ့တဲ့မြန်မာတောင်သူတွေဟာ လာမယ့်ရာသီမှာ စိုက်ခင်းက ထွက်လာမယ့် ထောပတ်သီးတွေကို ဘယ်သူဝယ်မလဲဆိုတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

    လက်ရှိမှာ ထိုင်းဘက်က မြန်မာထောပတ်သီးတွေကို တရားဝင်တင်သွင်းရောင်းချခွင့် မပြုသေးတာကြောင့် မြန်မာတောင်သူတွေက ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်-မယ်ဆိုင်နဲ့ မြဝတီ-မဲဆောက်လို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ထိုင်းဘက်ကို ပို့ကြပါတယ်။

    အခုတော့ နယ်စပ်ကနေတင်ပို့ရောင်းချတဲ့ လမ်းကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။

    စိုက်ခင်းထဲ ကြီးလာတဲ့ မြန်မာ‌စိုက် ‌ထောပတ်သီး‌တွေ ‌ရောင်းစရာ‌စျေးကွက် မရှိရင် ဘာဆက်ဖြစ်မလဲ ဆိုတာ ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  8. ချင်းဘောလုံးသမားတစ်ဦးပျောက်နေတာ တစ်ပတ်နီးပါးကြာ

    ပျောက်ဆုံးနေတဲ့ Chinland FC ဘောလုံးအသင်း ကစားသမား Pa Lung

    ဓာတ်ပုံ ရင်းမြစ်, Chinland FC

    ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေတဲ့ Chinland FC ဘောလုံးအသင်း ကစားသမား Pa Lung

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ M League ပြိုင်ပွဲဝင် Chinland FC ဘောလုံးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမား Pa Lung ဟာ ပျောက်ဆုံးနေတာ အချိန်တပတ်ဝန်းကျင်ရှိလာပေမဲ့ အဆက်အသွယ်မရသေးဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့စနေတုန်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်လာကာ ၇/၈ လမ်းဆုံမှာဆင်းပြီး အဆောင်ကို အငှားကားနဲ့ ပြန်ဖို့လုပ်တဲ့အချိန်ထိသာ အဆက်သွယ်ရခဲ့တယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။

    “အဲဒီရက် ည ၈ နာရီ ၄၅ အထိ အသင်းက ကစားသမားတစ်ယောက်နဲ့ နောက်ဆုံးအဆက်အသွယ် ရခဲ့တာပါ။ ဒီနေ့ထိတော့ ဘာသတင်းမှမရသေးပါဘူး။ အားလုံးကြိုးစားရှာနေပါတယ်” လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။

    အသင်းတာဝန်ရှိသူရဲ့ပြောပြချက်အရ ကစားသမားဟာ ၇/၈လမ်းဆုံကနေ အငှားကားနဲ့ အဆောင်ကို ပြန်လာမယ်လို့ ကစားဖော်ကို ဖုန်းနဲ့ဆက်ပြောခဲ့တာဖြစ်ပြီး အငှားကားပေါ် ရောက်မ ရောက် မသိရဘူးလို့ ဆိုပါတယ်။

    ကစားသမား Pa Lung ပျောက်ဆုံးတာသိရပြီးတဲ့နောက် အသင်းကရှာဖွေနေခဲ့ကာ သတင်းမရတဲ့အတွက် ကူညီရှာဖွေပြီး တွေ့ရှိရင် သတင်းပေးကြဖို့ တရားဝင်ထုတ်ပြန်လာတာပါ။

    လူပျောက်အမှုဖွင့်တာလည်း အသင်းဘက်က လုပ်ဆောင်ထားတယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    Chinland FC အသင်းက ဒီနေ့ညနေပိုင်းမှာ M League ပွဲဦးထွက်အဖြစ် ရတနာပုံ FC နဲ့ ကန်ရမှာဖြစ်ပါတယ်။

    ဒီအသင်းကို ခရစ္စယာန်ဘုန်းတော်ကြီး Dr.CK. No Chhum က ပိုင်တာဖြစ်ပါတယ်။

  9. ရန်ကုန်မှာ အမေရိကန်သံတမန်သေဆုံးမှု ထိုင်းအမျိုးသမီးကို ထောင်တစ်နှစ်ချ

    ရန်ကုန်မြို့က အမေရိကန်သံရုံး

    ဓာတ်ပုံ ရင်းမြစ်, U.S Embassy Rangoon

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က အမေရိကန်သံရုံး(ပုံဟောင်း)

    ခင်ပွန်းဟောင်း အမေရိကန်သံတမန်ကိုသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ထိုင်းအမျိုးသမီးကို မြန်မာရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောကြောင်းအေပီသတင်းမှာဖော်ပြပါတယ်။

    မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို တရားစွဲဆိုလေ့ရှိတဲ့ လဝကဥပဒေနဲ့ ကမာရွတ်မြို့နယ်တရားရုံးကနေ သြဂုတ် ၂၅ ရက်နေ့မှာ အမိန့်ချလိုက်တာလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

    အဲဒီဥပဒေအရ ထောင်ဒဏ် ၆ လကနေ၅ နှစ်အထိချမှတ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူရဲ့ရှေ့နေကပြောပါတယ်။ ထိုင်းအမျိုးသမီး Pavinee ကိုတော့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    သေဆုံးခဲ့တဲ့အမေရိကန်သံတမန်အကြောင်း အမေရိကန်ရော မြန်မာဘက်ကပါ တရားဝင် ထုတ်ပြောတာမရှိပါဘူး။ ဒါပေမဲ့ နယူးယောက်ပိုစ့်အပါအဝင် အနောက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာလုံခြုံရေးအရာရှိရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ Daniel Paul Riva ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

    သူနဲ့နာမည်တူပြီးသေဆုံးရက်တူသူတစ်ဦးရဲ့ နာရေးကြေညာချက်ကို အွန်လိုင်းပေါ်မှာ တွေ့ခဲ့ရပြီး အဲဒီသူဟာ အမေရိကန်သံတမန်ကိစ္စရပ်တွေကို တာဝန်ထမ်းဆောင်ခဲ့သူလို့ ဖော်ပြထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစိုးရဝန်ထမ်းတစ်ဦးသေဆုံးကြောင်း အတည်ပြုပေမဲ့ သေဆုံးသူရဲ့ နာမည်နဲ့အချက်အလက်တွေကိုတော့ အတည်ပြုချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

    ရန်ကုန်မြို့၊ ဆာကူရာဟိုတယ်မှာ မေ ၁၁ ရက်တုန်းက ဦးခေါင်းနဲ့ လည်ပင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သံတမန်ရဲ့ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် ထိုင်းအမျိုးသမီး Pavinee ကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

    ဆာကူရာဟိုတယ်ဟာ သံတမန်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လူသိများတဲ့ ဟိုတယ်ဖြစ်ပြီး အမေရိကန်သံရုံးနဲ့ တစ်မိုင်ပတ်ချာလည်သာကွာဝေးပါတယ်။

    ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မြို့နယ်ရဲစခန်းကနေ လူသတ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ လူသတ်မှုနဲ့ဆက်ပြီး တရားစွဲဆိုခံရမလား၊ ဒီအမှုကို ဆက်စစ်ဆေးမလားဆိုတာ မသေချာသေးဘူးလို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

    ကမာရွတ်မြို့နယ်လဝကရဲ့ အရာရှိတစ်ဦးကလည်း လဝကဥပဒေနဲ့ ထိုင်းအမျိုးသမီးကို အမိန့်ချထားကြောင်း အတည်ပြုပြီး အသေးစိတ်အချက်အလက်ကို ပြောတာမရှိပါဘူး။

    တာဝန်ရှိသူတွေက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မီဒီယာကိုဖြေကြားတာမရှိပါဘူး။

    ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးရောကိုရော ရန်ကုန်က ထိုင်းသံရုံးကိုပါ ဆက်သွယ်မေးမြန်းပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားကြပါတယ်။

  10. အမေရိကန်-ကနေဒါ နယ်စပ်က ''Lake Ontario'' ကို ''Lake America'' လို့ ထရမ့်က နာမည်ပြောင်း

    သမ္မတအမိန့် ကို သြဂုတ် ၂၇ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတအမိန့် ကို သြဂုတ် ၂၇ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Lake Ontario (လိတ်ခ် အွန်တာရီယို) ကို “Lake America” (လိတ်ခ် အမေရိကန်) လို့ အမည်ပြောင်းဖို့ သမ္မတအမိန့် (executive order) ကို သြဂုတ် ၂၇ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။

    ဒါက အမေရိကန်-ကနေဒါ နယ်စပ် ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်နဲ့ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် တို့ကြားမှာရှိတဲ့ အွန်တာရီယိုရေကန်ကို အမေရိကန်ရေကန် ဆိုပြီးပြောင်းလဲတဲ့အဓိပ္ပါယ်လို့ နားလည်ရပါတယ်။

    ဒါက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေ ပျက်သွားပြီးနောက် ထွက်ပေါ်လာတာပါ။ အမေရိကန်က ကနေဒါက တင်သွင်းတဲ့ ကုန်ပစ္စည်း ဒေါ်လာ ၂၀ ဘီလျံ (ကနေဒါဒေါ်လာ ၂၈ ဘီလျံ) တန်ဖိုးအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ခဲ့ပြီး ကနေဒါကလည်း လာမယ့်လမှာ အမေရိကန်ဘက်က စည်းကြပ်တဲ့ အခွန်နဲ့ တစ်ဒေါ်လာလျှင် တစ်ဒေါ်လာနှုန်းနဲ့ ပြန်လည်စည်းကြပ်သွားမယ် လို့ ပြောထားပါတယ်။

    အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံလုံးကြားမှာရှိတဲ့ Great Lakes ရေကန်ကြီး ၅ ခုထဲက တစ်ခုဖြစ်တဲ့ Lake Ontario ကို အမည်ပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို ထရမ့်က ကုန်သွယ်ရေးအငြင်းပွားမှုကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ အကြိမ်ကြိမ် ရေးသားခဲ့ပါတယ်။

    ကြာသပတေးနေ့မှာတော့ ဒီအမည်ပြောင်းလဲမှုဟာ “တရားဝင်ဖြစ်ပြီး ချက်ချင်းအကျိုးသက်ရောက်ပြီ” လို့ ထရမ့်က ပြောခဲ့ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အစိုးရက တင်သွင်းပြီးပြီလို့ ဆိုပါတယ်။

    သမ္မတအမိန့်ထဲမှာတော့ ဒီ နာမည်ပြောင်းလဲမှုကို အမေရိကန်နိုင်ငံအတွင်းရှိ ပထဝီဝင်အမည်တွေရဲ့ တရားဝင်မှတ်တမ်းဖြစ်တဲ့ Geographic Names Information Service မှာ ပြင်ဆင်ဖို့ အမေရိကန်ပြည်ထဲရေးဌာနကို ရက်ပေါင်း ၃၀ အချိန်ပေးထားပါတယ်။

    ကနေဒါဝန်ကြီးချုပ် မက်ခ်ကာနေး ကတော့ Lake Ontario ဆိုတဲ့ အမည်ဟာ နှစ်ပေါင်း ၄၀၀ ကျော် သမိုင်းကြောင်းရှိတယ်လို့ ပြောပါတယ်။ အဲဒီအမည်ဟာ ကနေဒါနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု မတည်ထောင်ခင်နဲ့ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း မထုတ်ပြန်ခင်ကတည်းက ရှိခဲ့တာလို့လည်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

    “အမေရိကန်ပြည်ထောင်စုဟာ ပြောင်းလဲနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ရဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေ၊ နိုင်ငံခြားရေးမူဝါဒတွေ၊ အမျိုးသားအထိမ်းအမှတ်နေရာတွေနဲ့ ရေပြင် နာမည်တွေပါ ပြောင်းလဲနေပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။

    “ကနေဒါနိုင်ငံသားတွေ ဒါကို သူတို့ရဲ့ မူရင်းနာမည်အတိုင်း ခေါ်ဝေါ်ရမယ်ဆိုတာ သိကြပါတယ်။ ဒီရေကန်ရဲ့အမည် Lake Ontario က ဒီနေ့လည်း ဒီနာမည်ပဲဖြစ်ပြီး ထာဝရလည်း အဲဒီနာမည်ပဲ ဖြစ်နေမှာပါ” လို့ သူက ဆိုပါတယ်။

    ထရမ့်ဟာ ၂၀၂၅ ခုနှစ်မှာ အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာပြီးနောက် Gulf of Mexico ကို “Gulf of America” လို့ အမည်ပြောင်းဖို့ အလားတူ အမိန့်တစ်ရပ် ထုတ်ခဲ့ဖူးပါတယ်။

    မက္ကဆီကိုနိုင်ငံကတော့ နိုင်ငံတစ်နိုင်ငံတည်းက နှစ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာရေပိုင်နက်တစ်ခုရဲ့ အမည်ကို တစ်ဖက်သတ် ပြောင်းလဲလို့မရဘူးလို့ ဆိုပြီး အဲဒီအမည်ပြောင်းလဲမှုကို ပယ်ချထားပါတယ်။

  11. လိင်တူချစ်သူစာအုပ်တွေရောင်းချမှု တရားစွဲမယ်လို့ ပြန်ကြားရေးသတိပေး

    ပြန်ကြားရေးက တရားမဝင် စာအုပ်ဆိုင်အဖြစ်ကြေညာလာတဲ့ Chi စာပေရဲ့ Facebook page

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ပြန်ကြားရေးက တရားမဝင် စာအုပ်ဆိုင်အဖြစ်ကြေညာလာတဲ့ Chi စာပေရဲ့ Facebook page

    Facebook၊ TikTok နဲ့ Telegram ကနေ လိင်တူချင်းချစ်ကြိုက်တဲ့ စာအုပ်ရောင်းချနေတာကို ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့်နေပြီး စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ် ဒီမနက် ကြေညာပါတယ်။

    ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chiစာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ဖြစ်ပါတယ်။

    Chi စာပေကတော့ သူတို့ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ BL စာအုပ်ကို ပုံနှိပ်စက်က ဆက်လက်မရိုက်နှိပ်ပေးတော့ဘူးလို့ ပြောဆိုလာတာရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

    ဒီစာမျက်နှာတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ စာအုပ်တွေကို မှတ်ပုံတင်ဖို့နဲ့ မူပိုင်ခွင့်အတွက် ဝန်ကြီးဌာနကို ပေးပို့တာ၊ ပုံနှိပ်ထုတ်ဝေဖို့ အသိအမှတ်ပြုလက်မှတ်ရယူထားတာ မရှိဘဲ ဥပဒေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကဆိုပါတယ်။

    ပြန်ကြားရေးက ကြေညာတဲ့ စာမျက်နှာ ၉ ခုက ရောင်းချတဲ့ လိင်တူချင်း ချစ်ကြိုက်တဲ့ စာအုပ်တွေကို မြန်မာ့ယဥ်ကျေးမှုနဲ့ ကိုက်ညီတာမရှိဘဲ လူငယ်တွေ တွေးခေါ်မြော်မြင်တာနဲ့ ခံစားနားလည်တာကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေလို့ ဆိုထားပါတယ်။

    ဒီနေ့ ထုတ်ပြန်တဲ့စာရင်းထဲက စာအုပ်ရောင်းချနေတဲ့ တရားမဝင်စာအုပ်ဆိုင်နဲ့ စာမျက်နှာတွေကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လိုက်နာဖို့နဲ့ စည်းကမ်းဖောက်ဖျက်ရင် တရားစွဲမယ်လို့ ပြန်ကြားရေးက ပြောပါတယ်။

    မြန်မာမှာ လိင်တူချင်း လက်ထပ်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမရှိပေမဲ့ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကို တားမြစ်တဲ့ ဥပဒေရှိပါတယ်။

    ရာဇသတ်ကြီး ဥပဒေရဲ့ ရာဇသတ်ကြီး ဥပဒေရဲ့ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှုများ ခေါင်းစဉ်အောက်က ပုဒ်မ ၃၇၇ မှာ အခုလို ဖော်ပြထားပါတယ်။

    "ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။"

    ဒီဥပဒေဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ပြဋ္ဌာန်းထားတာဖြစ်လို့ လိင်တူချင်းချစ်ကြိုက်ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ ခေတ်စနစ်အပြောင်းအလဲမှာ အငြင်းပွားဖွယ်ဖြစ်နေတာပါ။

    အာဏာမသိမ်းခင်ကာလတွေတုန်းက LGBT အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

  12. နီပေါရေဘေး သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်, ဒုတိယအကြိမ် ရေကြီးနိုင်ခြေသတိပေးချက်ကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ စိုးရိမ်နေ

    အဆိုးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့ နီပေါ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အဆိုးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့ နီပေါ

    နီပေါမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်လာတယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒါအပြင် နီပေါနဲ့ တိဗက်နယ်စပ် ဟိမဝန္တာဒေသမှာ ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အထူးသတိထားနေရတယ် လို့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

    တရုတ်-နီပေါ နယ်စပ်အနီးမှာ ရေတွေ မြင့်တက်လာပြီး ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေတဲ့အတွက် ကန်ကျိုးပေါက်ပြီး ရေလုံးကြီး ထပ်မံစီးဆင်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် နီပေါနိုင်ငံမှာ လူပေါင်း ၉၀၀ ကျော် ပျောက်ဆုံးနေပြီး အနည်းဆုံး ၄၆၉ ဦး သေဆုံးထားပါတယ်။ တိဗက်မှာတော့ လူသုံးဦး သေဆုံးပြီး ၅၅၀ ကျော် ပျောက်ဆုံးနေပါတယ်။

    နှစ်ဖက်ဒေသက ပျောက်ဆုံးသူစာရင်းတွေ ထပ်နေခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

    ဒေသခံအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရေခဲမြစ်ပြိုကျမှုကြောင့် အင်အားအလွန်ပြင်းတဲ့ ရေလှိုင်းကြီး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ရေလှိုင်းဟာ အိမ်တွေနဲ့ လမ်းတွေကို ဖြတ်ကျော်ဖျက်ဆီးခဲ့ပြီး နီပေါနဲ့ တိဗက်ကြားက အရေးပါတဲ့ နယ်စပ်ဖြတ်ကျော်လမ်းလည်း ပျက်စီးသွားပါတယ်။

    ဒီဒေသကို နှစ်စဉ် ခရီးသွားဧည့်သည် သောင်းနဲ့ချီ လာရောက်ကြတာ ဖြစ်ပြီး အခု ရေဘေးအတွင်း ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေပါတယ်။

    ရေဘေးထဲ ပျောက်ဆုံးနေတဲ့ သူတို့ မိဘနှစ်ဦးကို စောင့်ဆိုင်းနေတဲ့ အမေရိကန် ညီအစ်မနှစ်ဦးကတော့ “ကျွန်မတို့ သူတို့ကို အရမ်းချစ်တယ်။ သူတို့ အိမ်ပြန်လာစေချင်တယ်” လို့ ဘီဘီစီ ကို ပြောပါတယ်။

  13. နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင်

    ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက ထိုင်းနိင်ငံရနောင်းမြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေ

    ဓာတ်ပုံ ရင်းမြစ်, Ranong Immigration

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက ထိုင်းနိင်ငံရနောင်းမြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေ (ပုံဟောင်း)

    ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်မှု ၅ မျိုး ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပနှင်ထုတ်နိုင်တဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဥ်းဟာ သြဂုတ် ၂၈ ရက် ဒီနေ့မှာအသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီစည်းမျဥ်းကို မနေ့တုန်းက ထိုင်းနိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်တာ နေထိုင်တာ၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဌာနရဲ့ ဥပဒေကို ဆန့်ကျင်လုပ်ကိုင်တာ၊ နိုင်ငံခြားသားစီးပွားရေးလုပ်ကိုင်ခွင့်ဥပဒေနဲ့ မကိုက်ညီတဲ့ စီးပွားရေးလုပ်ဆောင်တာတွေကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ပါတယ်။ ဒါအပြင် တရားဝင်အထောက်အထား စာရွက်စာတမ်းတွေကို အတုပြုလုပ်တာ၊ ထောင်ဒဏ် ၅ နှစ်နဲ့ အထက်ချမှတ်နိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေလည်း ပြည်နှင်ဒဏ်ပေးမယ့် စည်းမျဥ်းထဲ ထည့်သွင်းထားပါတယ်။

    နောက်ဆုံးတစ်ချက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ ပြစ်မှုအမျိုးအစား ၅ ခုကို အဓိကကျူးလွန်သူတွေကိုသာမက ကူညီသူတွေပါ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။ ဒီနေ့အသက်ဝင်မယ့် ထိုင်းအစိုးရရဲ့ စည်းမျဥ်းအရ ပြစ်မှုကျူးလွန်သူတွေဟာ တရားရုံးကချမှတ်တဲ့ ထောင်ဒဏ်အပြည့်ကျခံပြီးရင် ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

    ဒီအမိန့်ထဲမှာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်မရှိတဲ့ ကာလကိုပါ သတ်မှတ်နိုင်တယ်လို့ ထည့်သွင်းထားပါတယ်။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက သံတမန်ရေးအရ ထိုင်းကနေ ပြည်နှင်ဒဏ်ပေးခံရမယ့်သူကို မိခင်နိုင်ငံမဟုတ်ဘဲ တတိယနိုင်ငံကိုပို့ဆောင်ပေးဖို့ ပြည်နှင်ဒဏ်အမိန့်ထုတ်ပြီး ၇ ရက်အတွင်း တောင်းဆိုနိုင်တယ်လို့လည်းဖော်ပြပါတယ်။

    မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်လမ်းကြောင်းကနေ ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့သတင်းကို ထိုင်းအာဏာပိုင်တွေက နေ့စဥ်ထုတ်ပြန်နေတာပါ။ ဒါအပြင်အထောက်အထားမရှိဘဲ အလုပ်လုပ်တာ၊ အခြေခံအလုပ်သမား အလုပ်လုပ်ကိုင်ခွင့်ထက် ကျော်လွန်လုပ်တာတွေကြောင့်လည်း ဖမ်းဆီးခံနေရပါတယ်။ ဒီလိုဖမ်းဆီးခံရသူတွေဟာ အခုပြဋ္ဌာန်းလိုက်တဲ့ စည်းမျဥ်းအရ ထောင်ဒဏ်၊ ငွေဒဏ်ကျခံရပြီးရင် မြန်မာကို ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

  14. မင်္ဂလာပါ။ ဩဂုတ် ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။