ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ထိုင်းကျောင်းက သေနတ်ပစ်ခတ်မှု သေနတ်သမားအပါ ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးရှိလာ

ထိုင်းကျောင်းတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ ၁၀ဦးထက်မနည်း ထိခိုက်၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က လူကူးခုံးကျော်တံတားမှာ သပိတ်အင်အားစုတွေက စာတန်းဘန်နာချိတ်ဆွဲကန့်ကွက်တဲ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်းအပါအဝင် ဩဂုတ် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဦးမင်းအောင်လှိုင် ထိုင်းရောက်ချိန် သပိတ်အင်အားစုတွေ ဘန်ကောက်၊ မြန်မာသံရုံးရှေ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုပြုလုပ်
  • ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ ဒီမနက် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်၊ လူသေဆုံးမှုရှိ
  • ထိုင်း-မြန်မာ ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံ စီးပွားရေး၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တွေကို အဓိက အလေးပေးထားတာတွေ့ရ
  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့ အမေရိကန်က ဒီနေ့မှာ တောင်းဆို
  • Debsirin နွန်ထဘူရီကျောင်းပစ်ခတ်မှု သေနတ်သမား ကိုယ့်ဘာသာပြန်ပစ်ပြီး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းကျောင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် မြင်ကွင်းများ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ကျောင်းအတွင်းက ကျောင်းသားတွေ ထိတ်လန့်တကြားပြေးထွက်ကြရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    လူနာတင်ယာဥ်တွေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကျောင်းသားတွေဘေးလွတ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်နေကြရပါတယ်။

  2. ထိုင်းပစ်ခတ်မှု-သေနတ်သမားကျောင်းသားသေဆုံး

    ဘန်ကောက်မြောက်ပိုင်းက Debsirin နွန်ထဘူရီကျောင်းပစ်ခတ်မှုမှာ ဆရာမ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်သူ ၁၅ ဦးရှိတယ်လို့ ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ Thai PBS က ဖော်ပြပါတယ်။

    သေနတ်သမားကတော့ အသက် ၁၄ နှစ်ဝန်းကျင်အရွယ် Grade 9 ကျောင်းသားဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

    ဒီကျောင်းသားက ကိုယ့်ဘာသာပြန်ပစ်ပြီး သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းကဆိုပါတယ်။

  3. ထိုင်းကျောင်းတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ ၁၀ဦးထက်မနည်း ထိခိုက်

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ ဒီမနက် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    လူသေဆုံးမှုရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောတယ်လို့ ရိုက်တာသတင်းကဖော်ပြပေမဲ့ အသေးစိတ်မသိရသေးပါဘူး။

    ကယ်ဆယ်ရေးသမားတွေနဲ့ ရဲအရာရှိတွေကတော့ သေနတ်ပစ်ခတ်မှုဖြစ်တဲ့ကျောင်းက ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

    သေနတ်သမားဟာ ကျောင်းသားတစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။

    သေနတ်သမားက ‌ကျောင်းထဲက ကွန်ပြူတာခန်းမှာ ပုန်း‌အောင်နေဆဲဖြစ်ပါတယ်။

    အာဏာပိုင်တွေဘက်က ပစ်ခတ်မှုအတွင်း သေဆုံးမှုနဲ့ တခြားအသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

  4. ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့ အမေရိကန်က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုတွေရရှိဖို့နဲ့ မိသားစုဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း အာဏာပိုင်တွေက အာမခံချက်ပေးဖို့ တိုက်တွန်းထားတာပါ။

    အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတာကို အမေရိကန်ကကြိုဆိုတယ်လို့လည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုထုတ်ပြန်ချက်ကို ရန်ကုန်အမေရိကန်သံရုံးက ထပ်ဆင့်ထုတ်ပြန်ပါတယ်။

    အမေရိကန်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပြင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးဖို့၊ မြန်မာက ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် စစ်တပ်က သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ယူကေအစိုးရကလည်း ဒီလိုပေးတွေ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေ‌သေးတဲ့ သက်သေ အထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့မလုံလောက်ဘူးလို့ သြဂုတ် ၃ ရက်က ထုတ်ပြန်ပါတယ်။

    ဥရောပသမဂ္ဂကလည်း ဒီခြေလှမ်းက တိုးတက်မှုဖြစ်ပေမဲ့ မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်အပါအဝင် ဆက်တွေ့ဆုံခွင့် ရဖို့က အလွန်အရေးကြီးနေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။

  5. ထိုင်း-မြန်မာ ပူးတွဲကြေညာချက် ထိုင်းရဲ့ စီးပွားရေးနဲ့လုံခြုံရေးကို အလေးပေး၊ အာဆီယံရဲ့ မြန်မာအရေးစိုးရိမ်မှု မပါဝင်

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ကူရာဝီလ်နဲ့ အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံ စီးပွားရေး၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တွေကို အဓိက အလေးပေးထားတာတွေ့ရပါတယ်။

    အဲဒီ ပူးတွဲကြေညာချက်ထဲမှာ မြန်မာအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်နိုင်တဲ့ အပေါ် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုကို ရှောင်ရှားထားပြီး မြန်မာရဲ့ ပြည်တွင်းစစ်အခြေအနေကိုလည်း အနည်းငယ်ပဲ ထည့်ပြောထားပါတယ်။

    မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ နိုင်ငံရေးပြဿနာရဲ့ဆိုးကျိုးတွေအ‌ပေါ် ထိုင်းရဲ့ စိုးရိမ်ပူပန်မှုကို မတွေ့ရဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ပြောဆိုချက်လည်း ပါဝင်တာမရှိပါဘူး။

    ပူးတွဲထုတ်ပြန်ချက်မှာ နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို ပူးပေါင်းနှိမ်နင်းရေး၊ နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့လို ထိုင်းအစိုးရဘက်ကလိုလားချက်တွေကို အဓိက အလေးပေးဖော်ပြထားပါတယ်။

    အထူးသဖြင့် ရေညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှု‌တွေ နှစ်နိုင်ငံနယ်စပ်က မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေကို တိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုကွန်ရက်တွေကိုအမြစ်ဖြတ်တားဆီးရေး၊တောမီးနဲ့မီးခိုးငွေ့ လေထုညစ်ညမ်းမှုပြဿနာတွေ အရေးဖြစ်ပါတယ်။

    စီးပွားရေးဘက်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ တိုးမြှင့်ဖို့၊ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အားကောင်းလာစေဖို့နဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ထိုင်းနဲ့ နေပြည်တော် သဘောတူခဲ့ကြပါတယ်။

    လက်ရှိမှာ ထိုင်းနိုင်ငံဟာ မြန်မာမှာ အများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲက တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းက မြန်မာမှာ စွမ်းအင်၊ ဟိုတယ်၊ ဘဏ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိက ရင်းနှီးမြှုပ်နှံထားပါတယ်။ အထူးသဖြင့် ထိုင်းအစိုးရထိန်းချုပ်မှုရှိတဲ့ PTTEP သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ မြန်မာက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ လုပ်ပိုင်ခွင့်အများအပြားရထားပါတယ်။ မြန်မာရဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ထိုင်းက အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။

    ထုတ်ပြန်ချက်မှာ မြန်မာက အာဆီယံလုပ်ငန်းစဉ်တွေမှာ ပုံမှန်ပြန်လည်ပါဝင်နိုင်ရေးကို ဆက်လက်ထောက်ခံမယ်လို့ ဖော်ပြထားပြီး၊ မြန်မာဘက်ကလည်း အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေဖို့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို "မြန်မာကဦးဆောင်တဲ့ လုပ်ငန်းစဉ်'' အဖြစ် ဆက်လက်ဆောင်ရွက်မယ်လို့သာ ဖော်ပြထားပြီး၊ အကြမ်းဖက်မှုရပ်တန့်ရေး ဒါမှမဟုတ် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးလို အာဆီယံရဲ့ အဓိကတောင်းဆိုချက်တွေကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

    အထူးသဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးကို ထပ်ခါတလဲလဲ အလေးပေးဖော်ပြထားတာက ထိုင်းနိုင်ငံရဲ့ မြန်မာအရေးမူဝါဒအပေါ် ဩဇာလွှမ်းမိုးမှုကြီးမားသလို ထိုင်းစစ်တပ်ရဲ့ ဦးစားပေးအကျိုးစီးပွားတွေနဲ့လည်း ကိုက်ညီနေတယ်လို့ သုံးသပ်ချက်တွေထွက်လာပါတယ်။

    ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က သတင်းထောက်တွေကို ပြောကြားရာမှတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာက အကြမ်းဖက်မှုတွေလျော့နည်းလာစေဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြသစေလိုတယ်လို့ ထည့်ပြောထားပါတယ်။

  6. ဘန်ကောက်မြန်မာသံရုံးအနီးမှာ ဦးမင်းအောင်လှိုင်ခရီးစဥ်ကို ကန့်ကွက်တဲ့လှုပ်ရှားမှုပြုလုပ်

    ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်ကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က လူကူးခုံးကျော်တံတားမှာ သပိတ်အင်အားစုတွေက “Myanmar is bleeding. No handshakes with a brutal dictator” စာတန်းဘန်နာချိတ်ဆွဲတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။

    “ဒီနေ့လုပ်ခဲ့တာပါ။ ထိုင်းရဲတွေရှိပါတယ်။ လုံခြုံရေးတော်တော်ကျပ်ထားပါတယ်။ ခက်ခက်ခဲခဲလုပ်ခဲ့ရတာပါ” လို့ ရန်ကုန်လူထုသပိတ်တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီးစဥ်နဲ့ပတ်သက်လို့ ရန်ကုန်လူထုသပိတ်အပါအဝင် တော်လှန်ရေးသပိတ်အင်အားစုတွေက အချက် ၅ ချက်ထုတ်ပြန် ကန့်ကွက်ထားကြပါတယ်။ သံတမန်ရေးအရ တရားဝင်မှုမလုပ်ဖို့၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ထိုင်းနဲ့အာဆီယံနိုင်ငံတွေက ဖိအားပေးဖို့အပါအဝင် အချက် ၅ ချက်ကိုထုတ်ပြန်ထားတာပါ။

    ဒီမနက်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်နဲ့ Burmese Exile Movement တို့က ပူးပေါင်းလုပ်ဆောင်တာလို့ သပိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ရန်ကုန်လူထုသပိတ်ဟာ ၈ လေးလုံးလူထုလှုပ်ရှားမှုအထိမ်းအမှတ် ထီးသပိတ်၊ ၂၀၂၁ ခုနှစ်တုန်းက ကားတိုက်ဖြိုခွင်းခံခဲ့ရတဲ့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းသပိတ်စစ်ကြောင်းအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ သပိတ်အဖွဲ့ဖြစ်ပါတယ်။

    ထိုင်းသံရုံးကိုဒီမနက် သွားရောက်ခဲ့သူတစ်ဦးကလည်း ဒီစာတန်းချိတ်ဆွဲခဲ့တဲ့ဖြစ်စဥ် မှန်ကန်ကြောင်း ဘီဘီစီကိုအတည်ပြုပါတယ်။

  7. မင်္ဂလာပါ။ ဩဂုတ် ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။