အောက်တိုဘာ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော
ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ထိရောက်စွာ နှိမ်နင်းဖို့ ဦးမင်းအောင်လှိုင် ရဲတပ်ဖွဲ့ကို တိုက်တွန်းတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- တနင်္သာရီမြို့မှာရှိတဲ့ ချောင်းကြီးရပ်ကွက်နဲ့ ချောင်းငယ်ရပ်ကွက် နှစ်ခုလုံးက နေအိမ်ပေါင်း ၁,၀၀၀ ကျော် ရေနစ်မြုပ်နေ
- မြစ်ကြီးနားမြို့၊ မင်းရပ် ရပ်ကွက်က ရွှေစည်တော် ရွှေပန်းတိမ်ဆိုင်ကို ဝင်ရောက်လုယက်ဖို့ ကြိုးစားသူနှစ်ယောက်ကို ဖမ်းမိ
- တောင်ငူမြို့မှာ စီမံကိန်းဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ် သားဖြစ်သူ ဟန်ထူးအောင်က ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွား
- ထိုင်းငါးဖမ်းစက်လှေ နစ်မြုပ်မှုဖြစ်စဥ်ကနေ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ယောက်ရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့
- မြို့နယ် ၈ ခုက ထုတ်ထားတဲ့ ပတ်စပို့ကိုင် MOU မြန်မာလုပ်သားတွေကို ဘန်ကောက်မြန်မာသံရုံးမှာ ပတ်စပို့သက်တမ်းတိုးပေးတာ ကန့်သတ်ထား
- လူကုန်ကူးမှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေ ပိုရှုပ်ထွေးလာနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ အဲဒီပြစ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုတယ်လို့ ဦးမင်းအောင်လှိုင်က ပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
တနင်္သာရီမြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှာရှိတဲ့ ချောင်းကြီးရပ်ကွက်နဲ့ ချောင်းငယ်ရပ်ကွက် နှစ်ခုလုံးက နေအိမ်ပေါင်း ၁,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
တနင်္သာရီမြို့မှာ လက်ရှိ မိုးများတာမရှိပေမဲ့ ထားဝယ်ကနေ ဆင်းလာတဲ့ တနင်္သာရီချောင်းရေတွေက စက်တင်ဘာ ၂၈ ရက်ကစလို့ ရေတက်လာတာဖြစ်ပြီး အောက်တိုဘာ ၂ ရက်မှာတော့ မြို့လုံးကျွတ်နီးပါး မြုပ်သွားတာလို့ သိရပါတယ်။
“ပုံမှန်နှစ်တွေဆိုရင် မုတ်သုံအထွက်မှာ နှုတ်ဆက်တဲ့ရေဆိုပြီး စိုးရိမ်ရေမှတ်လောက်ပဲ တက်တာ၊ အခုက ရေထိန်းနံရံတွေကိုကျော်ပြီး ရေကဆက်တိုက်ဝင်လာတာ၊ နေ့ရော၊ ညရော နေရာရွှေ့ပေးနေရတယ်”လို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူက ပြောပါတယ်။
တနင်္သာရီမြစ်ရဲ့ စိုးရိမ်ရေမှတ်က ၁၇ ပေ ဖြစ်ပြီး လက်ရှိမှာ အန္တရာယ်ရေမှတ်ကို ကျော်လွန်တဲ့ ၃၀ ပေ ၆ လက်မ အထိရှိနေတာလို့လည်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းက ထားဝယ်၊ လောင်းလုံး နဲ့ သရက်ချောင်း မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူနေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
အဲဒီလို ရေကြီးမှုတွေ ဖြစ်ပွားပြီးနောက် အထက်ပိုင်းဒေသတွေက စီးဆင်းလာတဲ့ ရေတွေကြောင့် တနင်္သာရီမြို့မှာလည်း မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်တဲ့အထိ ရေမြင့်တက်လာတာ ဖြစ်ပါတယ်။
ရေကြီးမှုတွေကြောင့် အထိအခိုက်များခဲ့တဲ့ သရက်ချောင်းမြို့နယ်ထဲက လဘရွာနဲ့ ပိတိုင်ရွာ ဝန်းကျင်ကိုလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က အောက်တိုဘာ ၁ ရက်က လေကြောင်းဗုံးကြဲတာ ရှိတယ်လို့လည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက ပြောပါတယ်။
မြစ်ကြီးနား ရွှေစည်တော်ပန်းတိမ်ဆိုင်ထဲ လုယက်ဖို့ကြိုးစားသူ နှစ်ယောက် ဖမ်းဆီးခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ် ရပ်ကွက်က ရွှေစည်တော် ရွှေပန်းတိမ်ဆိုင်ကို အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဝင်ရောက်လုယက်ဖို့ ကြိုးစားတာကြောင့် ဝိုင်းဝန်းဖမ်းခဲ့ကြတာလို့ မြို့ခံတချို့က ပြောပါတယ်။
ပန်းတိမ်လုပ်တဲ့အိမ်ထဲကို အဲဒီ အမျိုးသမီးနဲ့အမျိုးသားက က ဝင်လာပြီးနောက် ဆိုင်ရှင်အမျိုးသမီးကို တုတ်နဲ့ရိုက်ပြီး ရွှေထည်ပစ္စည်းတွေလုဖို့ ကြိုးစားတာလို့ သိရပါတယ်။
အိမ်ထဲက တခြားအလုပ်သမားတွေက ဝိုင်းဖမ်းဖို့ ကြိုးစားချိန်မှာ အမျိုးသမီးကို မိပြီး အမျိုးသားက ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ဝိုင်းရိုက်နှက် ဖမ်းဆီးခဲ့ကြတာလို့လည်း မြို့ခံတစ်ယောက်က ပြောပါတယ်။
ဆိုင်ရှင်အမျိုးသမီးရဲ့ ခေါင်းမှာလည်း ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
လူမှုကွန်ရက်မှာတွေ့ရတဲ့ ရုပ်သံမှတ်တမ်းမှာ လုယက်ဖို့ ကြိုးစားတယ်ဆိုတဲ့ အမျိုးသမီးရဲ့ လက်မောင်းကို ကြိုးနဲ့တုပ်ထားသလို ပန်းတိမ်ဆိုင်အပြင်ဘက်မှာလည်း လက်ပြန်ကြိုးတုပ်ခံထားရပြီး လဲကျနေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီလို့လည်း သိရပါတယ်။
မင်းရပ်ရပ်ကွက်ဟာ မြစ်ကြီးနားမြို့လယ်ပိုင်းက လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ရွှေပန်းတိမ်လုပ်ငန်းနဲ့ ရွှေရောင်းဝယ်ရေးလုပ်ငန်းတချို့လည်း ရှိတဲ့နေရာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း အောင်နန်းရပ်ကွက်က ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူတွေက ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ ရွှေထည်တွေ ပါသွားတာလည်း ရှိခဲ့ဖူးပါတယ်။
တောင်ငူမှာ မိခင်ကို မူးယစ်ဆေးစွဲနေတဲ့သားက ဓားနဲ့ခုတ်
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ စီမံကိန်းဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ် သားဖြစ်သူ ဟန်ထူးအောင်က ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ တောင်ငူလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
ဟန်ထူးအောင်ဟာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် မိဘတွေက အမျိုးသား နှစ်ယောက်ကို စောင့်ရှောက်ကြည့်ရှုစေခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ ဖခင်ဖြစ်သူက အလုပ်ကိုအသွား၊ စောင့်ရှောက်ပေးသူ အမျိုးသားတစ်ယောက်က မနက်စာသွားဝယ်နေသလို နောက်တစ်ယောက်ကလည်း အိမ်ခဏ ပြန်ချိန်မှာ မိခင်ဖြစ်သူကို ထင်းခုတ်ဓားနဲ့ ခုတ်သတ်တာဖြစ်တယ်လို့ တောင်ငူလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပြပါတယ်။
“ကျွန်တော်တို့က အသတ်ခံရတဲ့ သတင်းကြားလို့ သွားသယ်တော့ ကောင်လေးကို အိမ်နီးချင်းတွေက ဖမ်းပြီး ကြိုးနဲ့တုတ်ထားရတယ်။ သူ့ပါးစပ်ကလည်း ကျိုးကြောင်းမဆီလျော်တာတွေ တရစပ် အော်ဟစ်နေတာ”လို့ ပြောပါတယ်။
ဓားခုတ်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံဟာ လက်၊ မျက်နှာ၊ ခေါင်း၊ တွေမှာ ဒဏ်ရာတွေရရှိပြီး တောင်ငူဆေးရုံကြီးကိုပို့ချိန်မှာ လမ်းမှာသေဆုံးသွားတာလို့လည်း သိရပါတယ်။
ဓားနဲ့ခုတ်ခဲ့တဲ့ ဟန်ထူးအောင်ကို အမှတ် ၁ တောင်ငူမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
တောင်ငူမြို့မှာ မူးယစ်ဆေးဝါး ရောင်းချသူတွေနဲ့ သုံးစွဲသူတွေလည်း ဒီနှစ်ပိုင်းအတွင်းမှာ ပိုများလာတယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။
နှစ်ကြိမ် ဆေးထိုး စီရင်ပေမဲ့ အသက်ရှင်နေတဲ့ အမေရိကန် အကျဉ်းသူ
လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန် အကျဥ်းသူ Christa Pike - ခရစ်တာ ပိုက်ခ် ကို တန်နက်ဆီပြည်နယ် အကျဥ်းထောင်အာဏာပိုင်တွေက အဆိပ်ဆေး နှစ်ကြိမ်ထိုးပြီး ကွပ်မျက်မှု မအောင်မြင်ခဲ့တဲ့ နောက် သူ ဟာ ဆေးရုံမှာ စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေ ဖြစ်နေပါတယ်။ပိုက် ရဲ့အမှုဟာ ဒီမတိုင်ခင်ကတည်းက နှစ်ပေါင်း ၃၀ ကျော်ကြာ လူအများအာရုံစိုက်ခဲ့တဲ့ ဥပဒေရေးရာ အငြင်းပွားမှုဖြစ်ခဲ့ပါတယ်။ အခုဖြစ်ရပ်နောက်ပိုင်း ဘာတွေပြဿနာရှိနေလဲ၊ နောက်ထပ် ဘာတွေဖြစ်လာနိုင်သလဲ....၊
အမှုဖြစ်စဥ်အစအဆုံးနဲ့ အတူ ဆက်ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
စစ်တိုင်းအပြောင်းအလဲတွေကပြတဲ့ မြန်မာပြည်တွင်းစစ်
တိုင်းစစ်ဌာနချုပ်တွေဆိုတာ စစ်ရုံးနဲ့ မြေပြင်တိုက်ခိုက်ရေးတပ်တွေကို အဓိက ချိတ်ဆက်ပေးရတဲ့ အရေးကြီးတဲ့ စစ်စခန်းကြီးတွေပါ။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ရုံးချုပ်တစ်ခုတည်းကနေ တိုက်ရိုက်စီမံဖို့ မဖြစ်နိုင်တာကြောင့် တိုင်းစစ်ဌာနချုပ်အလိုက် တာဝန်ယူရပြီး မြန်မာတစ်နိုင်ငံလုံးမှာ ၁၄ ခု ရှိပါတယ်။
ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားကြတာပါ။
ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်သုံးခုကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။
အပြည်အစုံကို ဒီလင့်ခ် မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထိုင်းကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ငါးဖမ်းလှေက မြန်မာ ၆ ယောက် အလောင်းပြန်တွေ့
ချွန်ဘူရီ ပင်လယ်ကမ်းလွန်က ထိုင်းငါးဖမ်းစက်လှေ နစ်မြုပ်မှုဖြစ်စဥ်ကနေ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၃၀ ရက်က ပြန်တွေ့ပြီလို့ သေဆုံးသွားတဲ့ ရေလုပ်သားတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။
တွေ့ရှိတဲ့ အလောင်းတွေကို ဘန်ကောက်ဆေးရုံကို ပို့ထားပြီး သေဆုံးသူတွေနဲ့ မိသားစုဝင်တွေရဲ့ DNA တွေကို စစ်ဆေးနေသလို သေမှုသေခင်းဖွင့်တာ စတဲ့ ရဲလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒီလိုစစ်ဆေးနေရတာကြောင့် လာမယ့်အပတ်လောက်မှသာ သင်္ဂြိုဟ်လို့ရမယ့် အခြေအနေရှိတယ်လို့လည်း မိသားစုဝင်က ပြောပါတယ်။
မြန်မာရေလုပ်သား ၂၀ ဦးနဲ့ ထိုင်း ၂ ဦး လိုက်လာတဲ့ သူတို့ ငါးဖမ်းစက်လှေ "စ.ကန်ချနာဝါရီ 888" ဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန် ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်ညက နစ်မြုပ်ခဲ့တာပါ။
စက်လှေနစ်မြုပ်တာနဲ့အတူ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ယောက်ကို ရဟတ်ယာဉ်၊ ထိုင်းရေတပ်၊ ရေငုပ်အဖွဲ့တွေအပါအဝင် ထိုင်းအာဏာပိုင်တွေက ရှာဖွေခဲ့ကြတာပါ။
နစ်မြုပ်သွားတဲ့ “စ.ကန်ချနာဝါရီ ၈၈၈ ” ငါးဖမ်းစက်လှေကို စက်တင်ဘာ ၃၀ ရက်မှာ ကမ်းဘက်ကို ဆွဲယူလာပြီးနောက် သင်္ဘောအတွင်း ပိတ်မိနေတယ်လို့ ယူဆရတဲ့ ပျောက်ဆုံးရေလုပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေထုတ်ယူခဲ့တာလို့ ထိုင်း ကယ်ဆယ်ရေးအဖွဲ့တွေက ရေးသားထားပါတယ်။
“စက်လှေကို ကမ်းခြေကို ဆွဲယူလာပြီးမှ ရှာတော့ ၆ ယောက်လုံးက သူတို့နေတဲ့အခန်းတွေထဲမှာပဲ ပိတ်မိပြီး သေဆုံးနေတာကိုတွေ့ကြတာ၊ အစပိုင်း ပင်လယ်ထဲမှာ စက်လှေရဲ့ အပြင်ကနေ ပတ်ရှာကြတော့ မတွေ့ခဲ့ကြဘူးလေ”လို့ စက်လှေမှောက်တဲ့အထဲ သေဆုံးသွားတဲ့ ရေလုပ်သား မိသားစုဝင်တစ်ယောက်က ပြောပြပါတယ်။
သေဆုံးသူ ၆ ယောက်အတွက် လျော်ကြေး နစ်နာကြေးတွေ ဘယ်လိုပေးမယ်ဆိုတာကို သေသေချာချာ မသိကြရသေးဘူးလို့လည်း ပြောပါတယ်။
မြို့နယ် ၈ ခုက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ပြည်တွင်းမှာ သက်တမ်းတိုးရမယ်
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေထဲက မြို့နယ် ၈ ခုက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို ဘန်ကောက်မြန်မာသံရုံးမှာ သက်တမ်းတိုးပေးတာ ကန့်သတ်ထားတယ်လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူ ၃ ယောက်က ပြောပါတယ်။
ဝန်ဆောင်မှုပေးသူတစ်ယောက်ရဲ့ ပြောကြားချက်အရ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအားလုံးအပေါ် သက်ရောက်တာမဟုတ်ဘဲ MOU စနစ်နဲ့ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေသူတွေကို အဓိက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ ပဲခူး၊ ဘားအံ၊ မြဝတီ စတဲ့ မြို့နယ်တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေကနေ ထုတ်ပေးထားတာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ကန့်သတ်တာလို့ သိရပါတယ်။
ဘန်ကောက်၊ နေပြည်တော်၊ ရန်ကုန် မှာ လုပ်ထားတဲ့ MOU လုပ်သားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေတော့ မပါသေးဘူးလို့လည်း ဆိုပါတယ်။
“MOU သမားတွေကို အဓိက ထိန်းချုပ်ချင်တဲ့သဘောပါ။ Passport ကို သံရုံးမှာ ကိုယ့်ဘာသာ သက်တမ်းတိုးလို့ မရအောင် လုပ်ထားတဲ့ပုံစံမျိုး” လို့ သူက ပြောပါတယ်။
PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကတော့ ပုံမှန်အတိုင်း သက်တမ်းတိုးလို့ ရနေသေးတယ်လို့လည်း ဝန်ဆောင်မှုပေးသူတချို့က ပြောပါတယ်။
ဒီကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ ဘန်ကောက်က မြန်မာသံရုံးကို ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းပြည့်ရင် မြန်မာနိုင်ငံကို ပြန်လာရမယ့် စနစ်ရှိပေမယ့် လက်တွေ့မှာတော့အများစုက မပြန်ဘဲ ထိုင်းအစိုးရ ထုတ်ပေးတဲ့ အလုပ်လုပ်ခွင့်အစီအစဉ်တွေကတစ်ဆင့် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်တာကို ထိန်းချုပ်ချင်တာကြောင့် လို့ ဝန်ဆောင်မှုပေးသူတွေက သုံးသပ်ထားပါတယ်။
အခုလို ကန့်သတ်မှုကို ဘယ်အချိန်အထိ ဆက်လုပ်သွားမလဲဆိုတာ မသိရသေးပေမယ့် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကြား MOU စနစ်နဲ့ အလုပ်သမားစေလွှတ်မှု ပြန်လည်စတင်မယ့် အချိန်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ထိုင်းနဲ့ မြန်မာအစိုးရတို့ဟာ အလုပ်သမားစေလွှတ်ရေး MOU စနစ်ကို ပြန်အသက်သွင်းနိုင်ဖို့ အခုနှစ် ဩဂုတ်လအတွင်း သဘောတူညီချက်အသစ်တွေ လက်မှတ်ရေးထိုးထားပေမဲ့ ဒီစနစ်ကို ဘယ်အချိန်မှာ ပြန်စတင်မယ်ဆိုတာကိုတော့ နှစ်နိုင်ငံဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
သဘောတူညီချက်အသစ်ထဲမှာ အလုပ်သမား စုဆောင်းခန့်အပ်ရေး လုပ်ငန်းစဉ်တွေ၊ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေးနဲ့ စာချုပ်သက်တမ်းပြီးဆုံးချိန်မှာ နေရပ်ပြန်ပို့ရေးဆိုင်ရာ အချက်တွေ ပါဝင်တယ်လို့ ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရဘက်ကတော့ ဒီသဘောတူညီချက်တွေဟာ မြန်မာအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေ စနစ်တကျ ခေါ်ယူနိုင်ဖို့၊ တရားမဝင်ဝင်ရောက်လာမှုနဲ့ လူကုန်ကူးမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။
အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို လုံးဝသည်းခံ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ထားပြီး အလျှော့မပေးတဲ့ (Zero Tolerance) မူဝါဒနဲ့ နှိမ်နင်းနေတယ်လို့လည်း နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေ ပိုရှုပ်ထွေးလာနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ အဲဒီပြစ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုတယ်လို့လည်း သူက (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။
ဒါ့အပြင် အဲဒီပြစ်မှုတွေနဲ့ ဆက်စပ်တဲ့ နေရာတွေကို ဖော်ထုတ်အရေးယူတဲ့အခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ လူပေါင်း ၇၆,၀၀၀ ကျော် ကို ဖမ်းဆီးရမိခဲ့ပြီး ၇၃,၀၀၀ ဦးကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။
အွန်လိုင်းလမ်းလည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ဆိုတဲ့ KK Park အတွင်းရှိ အဆောက်အအုံ ၆၃၅ လုံးနဲ့ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်းက အဆောက်အအုံ ၇၇ လုံးကို ဖြိုဖျက်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်က KK Park နဲ့ ရွှေကုက္ကိုလ်ဒေသတွေဟာ နိုင်ငံတကာက အာရုံစိုက်နေတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်ပြီး မကြာခဏ ထောက်ပြခံရတဲ့ နေရာတွေဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတကာရဲ့ ဖိအားနဲ့ အာရုံစိုက်မှုတွေ ရှိနေချိန်မှာ ဦးမင်းအောင်လှိုင်က ရဲတပ်ဖွဲ့နေ့မိန့်ခွန်းမှာ ဖမ်းဆီးရမိသူအရေအတွက်နဲ့ ဖြိုဖျက်ခဲ့တဲ့ အဆောက်အအုံအရေအတွက်တွေကို အလေးပေး ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ Cyber Crime၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးမှုတွေကို တိုက်ဖျက်ရာမှာ နည်းပညာကျွမ်းကျင်မှု မြှင့်တင်ဖို့၊ နိုင်ငံတကာရဲအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အွန်လိုင်းလိမ်လည်မှုနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို အဓိကထား ပြောဆိုခဲ့တဲ့ ဒီမိန့်ခွန်းမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ သမားရိုးကျ ရာဇဝတ်မှုတွေထက် နည်းပညာအခြေပြုမှုခင်းတွေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ပိုမိုရင်ဆိုင်နေရတယ်ဆိုတာကို ဦးမင်းအောင်လှိုင်က အလေးပေး ပြောကြားသွားတာ တွေ့ရပါတယ်။
မင်္ဂလာပါ။ အောက်တိုဘာ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။