အမေရိကန် ရက်ပ်အဆိုတော်ကို သတ်ဖို့ ကြိုးကိုင်သူကို နှစ် ၃၀ အကြာမှာ တရားရုံးအမိန့်ချ

ကားထဲက တပ်ကာ ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

    • ရေးသားသူ, အနူးရှကာ မူတန်ဒါ-ဒေါ်ဂါတီ
    • ရာထူးတာဝန်, Las Vegas တရားရုံး
    • ရေးသားသူ, ခရစ်စတယ် ဟေးစ်
    • ရေးသားသူ, ရှိုင်မာ ခါလီလ်
    • ရေးသားသူ, ရီဂန် မော်ရစ်စ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ဂိုဏ်းခေါင်းဆောင်ဟောင်း ဒွိန်း "ကက်ဖီ ဒီ" ဒေးဗစ်ကို ရက်ပ်အဆိုတော် တူးပက်ရှာကာ သတ်ဖြတ်ခံရမှုကိုနောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ခဲ့မှုအတွက်အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအမှုဟာ ဟစ်ဟော့ပ်ပရိသတ်တွေကြား နှစ်ပေါင်း ၃၀ နီးပါး တအုံနွေးနွေးဖြစ်ခဲ့တဲ့အမှုဟောင်းတစ်ခုဖြစ်ပြီး အခုနှစ် ၃၀ အကြာမှာ ဒီအမှုမှာ ပထမဆုံးအကြိမ်အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က လက်စ်ဗီးဂက်မြို့မှာ ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခံရလို့ နာမည်ကျော် ရက်ပ်အဆိုတော် တူးပက်ရှာကာ သေဆုံးခဲ့တာမှာ သေစေနိုင်တဲ့လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဂျူရီလူကြီးမင်းအဖွဲ့က ဒေးဗစ်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာပါ။

အသက် ၆၃ နှစ်အရွယ် ဒေးဗစ်ဟာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး လက်စ်ဗီးဂက်တရားရုံးမှာ စီရင်ချက်ကို ဖတ်ကြားနေချိန်အတွင်း ခံစားချက်တစ်စုံတစ်ရာ မပြဘဲ ရပ်နေခဲ့ပါတယ်။ စီရင်ချက်ထွက်ပေါ်ပြီးနောက်မှာတော့ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

တရားခွင်အတွင်းမှာ ၂၀၀၈ ခုနှစ်က ရဲတပ်ဖွဲ့က ဒေးဗစ်ကို မေးမြန်းစစ်ဆေးခဲ့တဲ့ အသံဖိုင်ကို တရားရုံးမှာ ဖွင့်ပြခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ ဒေးဗစ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ကားထဲမှာ သူကိုယ်တိုင်ပါခဲ့တယ်လို့ပြောခဲ့ပေမဲ့ ရှာကာကို သေဆုံးစေခဲ့တဲ့ကျည်ဆန်တွေကိုတော့ သူကိုယ်တိုင်ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမှုစစ် အစိုးရရှေ့နေတွေက ဆောက်သ်ဆိုဒ် ကွန်ပတန် ခရစ်ပ်စ် လမ်းပေါ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း ဒေးဗစ်ဟာ ကိုယ်တိုင်သေနတ်ပစ်ခတ်ခဲ့တာ မဟုတ်ပေမဲ့ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့သလို သူ့တူဖြစ်သူ အော်လန်ဒို အန်ဒါဆန်က ပစ်ခတ်တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကိုလည်း ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အန်ဒါဆန်ဟာ ရှာကာ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဒီအမှုနဲ့မသက်ဆိုင်တဲ့အခြားသေနတ်ပစ်ခတ်မှုတစ်ခုအတွင်း သေဆုံးခဲ့ပါတယ်။

တနင်္လာနေ့က တရားရုံးစီရင်ချက်ကို ဖတ်ကြားနေချိန်အတွင်း ရှာကာရဲ့မိသားစုဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး လက်တွဲထားကြပြီး တချို့ကတော့ တစ်ဦးကိုတစ်ဦး ဖက်ရင်း ငိုနေကြပါတယ်။

ရှာကာဟာ ရက်ပ်ဂီတလောကမှာ သြဇာအရှိန်အဝါအကြီးမားဆုံးအဆိုတော်တွေထဲက တစ်ဦးအဖြစ် အောင်မြင်မှုအထွတ်အထိပ်ရောက်နေချိန် အသက် ၂၅ နှစ်အရွယ်မှာ အသတ်ခံခဲ့ရတာပါ။ သူ့ရဲ့သီချင်းငွေတွေ ကမ္ဘာတဝန်းမှာ အချပ်ရေ ၇၅ သန်းကျော် ရောင်းချထားပြီး ဖြစ်ပါတယ်။

ဒီအမှုဟာ နှစ်ပေါင်း ၃၀ ကြာအောင် အမေရိကန်နိုင်ငံရဲ့အကျော်ကြားဆုံး အမှုဟောင်းတွေထဲက တစ်ခုအဖြစ် ဆက်ရှိနေခဲ့ပြီး ၀ေဖန် တွေးတော စစ်ကြောကြတာတွေလည်း အများကြီးပေါ်ပေါက်စေခဲ့ပါတယ်။ ဒါပေမဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရသူ မရှိခဲ့ပါဘူး။ အခုမှသာ ပထမဆုံးအကြိမ် စီရင်ချက်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှာကာ ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက တရားရုံးအပြင်ဘက်မှာ အခု စီရင်ချက်ကို ကြိုဆိုခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှာကာ ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက တရားရုံးအပြင်ဘက်မှာ အခု စီရင်ချက်ကို ကြိုဆိုခဲ့ကြပါတယ်

တရားခွင်အတွင်းမှာ အစိုးရရှေ့နေတွေက အန်ဒါဆန်ဟာ လက်စ်ဗီးဂက်မှာ ရှာကာနဲ့ အန်ဒါဆန်တို့အဖွဲ့ဝင်တွေ ရန်ဖြစ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အဲဒီရန်ပွဲကို လက်စားချေဖို့ ဒေးဗစ်က သေနတ်ပစ်ခတ်မှုကို ကြိုတင်စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရှာကာ သတ်ဖြတ်ခံရမှုဟာ East Coast နဲ့ West Coast ရက်ပ်ဂီတလောကအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်က ဟစ်ဟော့ပ်လောကအတွင်းမှာ Bloods နဲ့ Crips ဂိုဏ်းတွေအကြား ရန်ပွဲတွေကလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပါတယ်။

တရားရုံးအတွင်းမှာ ရှာကာရဲ့မိသားစုဝင်တွေ စိတ်လှုပ်ရှားခံစားနေရတဲ့ပုံပေါ်လွင်ခဲ့ပြီး စီရင်ချက်ကို ဖတ်ကြားပြီးနောက် ရှာကာရဲ့အစ်မက အစိုးရရှေ့နေတစ်ဦးကို ဖက်ထားခဲ့ပါတယ်။ အခြားမိသားစုဝင်တွေကတော့ အနီးမှာ ထိုင်ရင်း ငိုကြွေးနေခဲ့ကြပါတယ်။

တရားရုံးအပြင်ဘက်မှာလည်း ရှာကာကို အလွန်အားပေးချစ်ခင်တဲ့ ပရိသတ်တွေက အလားတူ ငိုကြွေးခဲ့ကြသလို ဝမ်းမြောက်စွာ အော်ဟစ်ခဲ့ကြပါတယ်။

လက်စ်ဗီးဂက် တရားရုံးမှာ အမှုနောက်ဆုံးလျှောက်လဲချက်တွေ ပြုလုပ်နေချိန်တွေ့ရတဲ့ ဒေးဗစ်

ဓာတ်ပုံ ရင်းမြစ်, STEVE MARCUS / POOL / AFP via Getty Images

ဓာတ်ပုံ ပုံစာ, လက်စ်ဗီးဂက် တရားရုံးမှာ အမှုနောက်ဆုံးလျှောက်လဲချက်တွေ ပြုလုပ်နေချိန်တွေ့ရတဲ့ ဒေးဗစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအမှုမှာ အဓိကသက်သေကတော့ ဒေးဗစ်ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကားတွေပဲ ဖြစ်ပါတယ်။ သူဟာ သေဆုံးစေခဲ့တဲ့သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အဖြူရောင် ကက်ဒီလက် ကားထဲမှာ သူကိုယ်တိုင် ရှိနေခဲ့ကြောင်းကို လူသိရှင်ကြား အကြိမ်ကြိမ်ဝန်ခံပြောဆိုခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာလည်း နောက်ထပ် ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ နိုတိုရီယပ်စ် ဘီအိုင်ဂျီ (နာမည်ရင်း ခရစ္စတိုဖာ ဝေါလေ့စ်) သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က လျှို့ဝှက်တွေ့ဆုံမေးမြန်းခဲ့ချိန်က ဒေးဗစ်ဟာ ရှာကာ သေဆုံးမှုမှာ သူပါဝင်ပတ်သက်ခဲ့တဲ့အခန်းကဏ္ဍကို အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ကန်ပတန်ရဲ့လမ်းပေါ်ဒဏ္ဍာရီမှာလည်း ဒီအမှုမှာ သူပါဝင်ခဲ့တဲ့အခန်းကဏ္ဍကို အသေးစိတ် ရေးသားဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့စာအုပ်နဲ့ မီဒီယာတွေကို ပြောဆိုခဲ့တဲ့ အင်တာဗျူးတွေကြောင့် အာဏာပိုင်တွေနဲ့ သူကြားမှာ ထားရှိထားတဲ့ အကာအကွယ်ပေးရေးသဘောတူညီချက် ပျက်ပြယ်သွားခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ ဒေးဗစ်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်း မပြုလုပ်နိုင်အောင် ကာကွယ်ပေးထားတာဖြစ်ပါတယ်။ တရားရုံးကလည်း ၂၀၀၈ ခုနှစ်က ရဲတပ်ဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှတ်တမ်းကို သူ့အပေါ် လူသတ်မှုအမှု စစ်ဆေးရာမှာ သက်သေအဖြစ် အသုံးပြုနိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အမှုနောက်ဆုံးလျှောက်လဲချက်မှာ အစိုးရရှေ့နေ ဘီနူး ပါလယ်လ်က ဒေးဗစ်ကိုယ်တိုင် ပြောဆိုထားတဲ့စကားတွေကို ယုံကြည်ပြီး သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပေးဖို့ ဂျူရီအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

သူ့အဆိုအရ ဒေးဗစ်ဟာ နှစ်ပေါင်းများစွာကြာအောင် မှတ်တမ်းရုပ်ရှင်တွေ၊ သူရေးတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၊ Podcast တွေနဲ့ ရဲတပ်ဖွဲ့ကို ဖြေကြားခဲ့တဲ့အင်တာဗျူးတွေက တဆင့် "တူပက်ရှာကာ သတ်ဖြတ်ခံရမှုအတွက် သူကိုယ်တိုင် တာဝန်ရှိတယ်" ဆိုတာကို လူတွေကို ပြောဆိုလာခဲ့ပါတယ်။

ပါလယ်လ်က ဂျူရီအဖွဲ့ကို "သူက အမိန့်ပေးဆုံးဖြတ်တဲ့သူပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပြောဆိုမှုမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ သူဟာ ဆောက်သ်ဆိုက်ဒ် ခရစ်ပ်စ်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် "သေနတ်ပစ်ခတ်နေတဲ့အချိန်မှာ အမိန့်ပေးဆုံးဖြတ်တဲ့သူက သေနတ်သမားဘေးမှာ ထိုင်နေတယ်ဆိုရင် ဒီဖြစ်ရပ်အတွက် သူတာဝန်ရှိတယ်ဆိုတာ သံသယရှိစရာမရှိပါဘူး"လို့ ဂျူရီအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

လူသတ်မှုအမှု စစ်ဆေးနေချိန် ပြသထားတဲ့ ၁၉၉၆ ခုနှစ်က ရက်ပ်အဆိုတော် တူပက်ရှာကာ (ဘယ်ဘက်)နဲ့ မာရီယွန် "ဆုဂ်" နိုက်တို့ရဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လူသတ်မှုအမှု စစ်ဆေးနေချိန် ပြသထားတဲ့ ၁၉၉၆ ခုနှစ်က ရက်ပ်အဆိုတော် တူပက်ရှာကာ (ဘယ်ဘက်)နဲ့ မာရီယွန် "ဆုဂ်" နိုက်တို့ရဲ့ ဓာတ်ပုံ

တရားခွင်တစ်လျှောက်လုံးမှာ ဒေးဗစ်ရဲ့ရှေ့နေအဖွဲ့က သူပြောခဲ့တဲ့ စကားတွေဟာ အမှန်တကယ်ဖြစ်ရပ်တွေမဟုတ်ဘဲ စာအုပ်တွေ ရောင်းချပြီး ငွေရှာနိုင်ဖို့ ကြွားဝါပြောဆိုတာ၊ အဖြစ်အပျက်တွေကို ချဲ့ကားပြောဆိုတာသာ ဖြစ်ကြောင်း ဂျူရီအဖွဲ့ဝင်တွေ ယုံကြည်လာအောင် ကြိုးပမ်းခဲ့ပါတယ်။

အမှုနောက်ဆုံးလျှောက်လဲချက်မှာတော့ သူ့ရဲ့ရှေ့နေ မိုက်ကယ် ဆန်ဖ်တ်က ဒေးဗစ်ဟာ စာအုပ်ရောင်းဖို့ ဇာတ်လမ်းတွေကို လိမ်လည်ပြောဆိုတတ်တဲ့သူဖြစ်တာကြောင့် သူ့ရဲ့စကားတွေကို မယုံကြည်ဖို့ ဂျူရီအဖွဲ့ကို လျှောက်လဲခဲ့ပါတယ်။

"သက်သေအထောက်အထား မရှိပါဘူး" လို့ သူက ဂျူရီအဖွဲ့ကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ တနင်္လာနေ့မှာ အမှုကို ဂျူရီအဖွဲ့ထံ ဆုံးဖြတ်ဖို့ လွှဲအပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ဒေးဗစ်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

တရားခွင် မပိတ်သိမ်းမီလေးမှာ ကလပ်ခ် ကောင်တီ ခရိုင်တရားရုံး တရားသူကြီး ကာလီ ကီးယာနီက ဒေးဗစ်ရဲ့ပြစ်ဒဏ်ချမှတ်မယ့်ရုံးချိန်းကို အောက်တိုဘာ ၁၃ ရက် သတ်မှတ်လိုက်ပါတယ်။

အမှုနဲ့ပတ်သက်တဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာအဆင့်တွေကို တရားသူကြီးက ဖတ်ပြနေချိန် ဒေးဗစ်က လက်မြှောက်ပြီး စကားဖြတ်ပြောလိုက်ပုံရပါတယ်။

"ကျွန်တော့်ပစ္စည်းတွေ ပြန်လိုချင်ပါတယ်" လို့ သူက တရားသူကြီးကို ပြောပြီး ဖုန်းအပါအဝင် ကိုယ်ပိုင်ပစ္စည်းတချို့ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး "ဒီအမှုကို အယူခံဝင်ချင်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

တရားသူကြီးကတော့ အယူခံဝင်ဖို့ ပြစ်ဒဏ်ချမှတ်ပြီးနောက် လုပ်ဆောင်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။

A promo image shows and the words, "FAME UNDER FIRE THE TUPAC MURDER TRIAL"