ဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယခရီး- နယ်စပ်၊ ဆိုင်းငံ့စီမံကိန်းကြီးတွေနဲ့ တရုတ်ဟန်ချက်ကိုထိန်းခြင်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁၀

ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ရောက်နေပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်ကြောင့် အခုခရီးစဥ်ထွက်ပေါ်လာတာလို့ နေပြည်တော်က သတင်းထုတ်ပါတယ်။​

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု မြင့်တက်လာနေချိန် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယကို သွားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ခရီးဟာ တရုတ်နဲ့ အိန္ဒိယကြား ဟန်ချက်ထိန်းဖို့ဖြစ်တယ်လို့ အိန္ဒိယ- မြန်မာ နယ်စပ်အရေး ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ရာဂျိဗ် ဘတ်တာချာရီယာက သုံးသပ်ပါတယ်။

သူက အိန္ဒိယ- မြန်မာနယ်စပ်အရေးကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ရေးသားနေသူဖြစ်ပြီး The Diplomat အပါအဝင် အိန္ဒိယနဲ့ ကမ္ဘာ့သတင်းစာကြီးတွေမှာ သတင်းနဲ့ ဆောင်းပါးတွေ ရေးသားနေသူလည်းဖြစ်ပါတယ်။​

မကြာခင်ကပဲ အာရက္ခတပ်တော်(AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့တွေ့ဆုံ မေးမြန်းခဲ့သူဖြစ်ပါတယ်။​

အိန္ဒိယက နေပြည်တော်ကို ဘာကြောင့်ထိတွေ့ဆက်ဆံနေတာလဲဆိုတာအပြင် သူမြေပြင်အထိသွားရောက်သတင်းယူခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယကြား ဖော်ဆောင်နေတဲ့စီမံကိန်းကြီးတွေအရေးတွေကို မစ္စတာ ရာဂျိဗ်က ဘီဘီစီနဲ့ အွန်လိုင်းမေးမြန်းမှုမှာ သုံးသပ်ဆွေးနွေးထားပါတယ်။​

ဘီဘီစီ။ ။ မြန်မာနဲ့ အထူးသဖြင့် နေပြည်တော်နဲ့ ဆက်ဆံရေးမှာ အိန္ဒိယဘက်က ဘယ်အချက်တွေကို အခြေခံပါသလဲ။

ရာဂျိဗ်။ ။ မြန်မာနဲ့ပတ်သက်တဲ့မူဝါဒကို အိန္ဒိယဘက်က စဉ်းစားတဲ့အချက် အကြောင်းရင်း ၃ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာဟာ အိန္ဒိယအတွက် (ကုန်းတွင်းပိတ် အရှေ့မြောက်အရပ်တွေကို အရှေ့တောင်အာရှဆီ လမ်းပွင့်ဖို့) အရေးပါတဲ့အခန်းကဏ္ဍမှာ ပါရှိတယ်။ အိန္ဒိယက ဒါကို Act East မူဝါဒအဖြစ် ပုံဖော်ပါတယ်။ အဲဒီအတွက်လည်း ကုလားတန်မြစ် ဘက်စုံသုံး စီမံကိန်းနဲ့ အိန္ဒိယ- မြန်မာ- ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိပေါက်တဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းတို့ ရှိပါတယ်။ ဒါက ပထမအချက်ပါ။

ဒုတိယအချက်ကတော့ မြန်မာမှာရှိနေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ခွဲထွက်ရေးစစ်သွေးကြွတွေ ကိစ္စပါ။ ဒီခွဲထွက်ရေးအဖွဲ့တွေဟာ သင်တန်းကျောင်းတွေ၊ စခန်းတွေကို မြန်မာဘက်ခြမ်းမှာ ဖွင့်ထားတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း တနည်းတဖုံ ပြောင်းလဲသွားပါတယ်။ ဒါကပဲ အိန္ဒိယရဲ့စိုးရိမ်ချက်ဖြစ်ပါတယ်။

တတိယအချက်ကတော့ မြန်မာမှာ တရုတ်ရဲ့သြဇာ လွှမ်းမိုးလာတဲ့ကိစ္စပါ။ ဒါကို နယူးဒေလီက အတော်လေးစိုးရ်ိမ်ပါတယ်။ ဒါက အကြောင်းရင်းတစ်ရပ်လို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေအပါအဝင် ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေဟာ အိန္ဒိယဘက်ခြမ်းက နာဂလန်း၊ မဏိပူရနဲ့ မီဇိုရမ် ပြည်နယ်ဘက်ခြမ်းဆီ ခိုလှုံလာကြတယ်။ အများစုကတော့ မီဇိုရမ်ကို ဝင်လာတာပါ။

နာဂလန်းမှာလည်း ဒုက္ခသည်တွေ ဝင်လာတာများပါတယ်။ တက်ကြွလှုပ်ရှားသူအများစုကတော့ မီဇိုရမ်ဘက်သွားတာများတာပေါ့လေ။ ဒီတော့ ဒါတွေက မြန်မာနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ စိုးရိမ်ချက်တွေပေါ့။

ဘီဘီစီ။ ။ ဒါဆို အိန္ဒိယရဲ့ Act East မူဝါဒအရ လက်ရှိ မြန်မာနဲ့ပတ်သက်ပြီး အိန္ဒိယရပ်တည်ချက်က ဘယ်နေရာမှာရှိနေလဲ။

ရာဂျိဗ်။ ။ အိန္ဒိယရဲ့ Act East မူဝါဒက ဘက်စုံထောင့်စုံချဉ်းကပ်မှုလို့ ပြောလို့ရပါတယ်။ အကြောင်းခြင်းရာများတယ်။ မြန်မာဟာ အိန္ဒိယရဲ့မူဝါဒမှာ ပင်မအစိတ်အပိုင်းအနေနဲ့ရှိနေပေမဲ့လည်း တခြားအစိတ်အပိုင်းတွေလည်း ရှိနေပါတယ်။ သုံးနိုင်ငံ ကားလမ်းမစီမံကိန်း ဆိုင်းနေတယ်။ ပြည်တွင်းစစ်လည်းဖြစ်နေတယ်။ လက်ရှိမှာ အဲဒီလမ်းမကြီးဟာလည်း ပြီးအောင်လုပ်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ကုလားတန်စီမံကိန်းဆိုလည်း အလားတူပဲ။ ဒီစီမံကိန်းကြီးတွေဟာ မကြာခင်ပြီးလိမ့်မယ်လို့တော့ ကျွန်တော် မမြင်ဘူး။

ဘီဘီစီ။ ။ အိန္ဒိယရဲ့ မြန်မာနဲ့ပတ်သက်တဲ့မူဝါဒဟာ တရုတ်ရဲ့မြန်မာအပေါ် လွှမ်းမိုးမှုနဲ့ ဘယ်လောက် သက်ဆိုင်နေလဲ။

ရာဂျိဗ်။ ။ သိပ်ကို အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နယူးဒေလီဟာ မြန်မာနဲ့ပတ်သက်လာရင် ဘက်ပေါင်းစုံကြည့်တဲ့မူဝါဒကို သုံးတယ်။ ချဉ်းကပ်ပုံ ၃ ခုတောင်ရှိတယ်လို့ ပြောလို့ရပါတယ်။ တရုတ်ဟာ ကျောက်ဖြူမှာ ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ကျောက်ဖြူကနေ ယူနန်အထိ ဆက်မယ့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအပါအဝင် စီမံကိန်းတွေမှ အများကြီးပဲ။

အဲဒီ စီမံကိန်းပြီးမြောက်သွားပြီဆိုရင် ဒေသတွင်းက ပထဝီနိုင်ငံရေးဟာ ပြောင်းလဲသွားလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရချင်တာကိုး။ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပိုပြီး လက်လှမ်းမီပြီဆိုရင် ပထဝီနိုင်ငံရေးက ပိုပြီးတော့တောင် ပြောင်းလဲသွားဦးမယ်။ ဒါကြောင့် ဒါကလည်း အိန္ဒိယအတွက် စိုးရိမ်စရာအချက်ဖြစ်နေတယ်။ ဒါကြောင့်ပဲ အိန္ဒိယဟာ မြန်မာနဲ့ပတ်သက်ပြီး တောက်လျှောက်ဆက်ရှိနေတယ်လို့ ပြောလို့ရတယ်။

ဘီဘီစီ။ ။ နေပြည်တော်ဟာ တရုတ်နဲ့ အိန္ဒိယကြား သူ့ဆက်ဆံရေးကို ဟန်ချက်ညီအောင် လုပ်နေတယ်လို့ ပြောလို့ရလား။

ရာဂျိဗ်။ ။ ပြောရမယ်ဆိုရင်တော့ လုပ်နေတယ်လို့ ဆိုရမှာပါပဲ။ မြန်မာဘက်ခြမ်းကိုကြည့်ရင် မြန်မာအစိုးရဟာ တရုတ်အပေါ် မီခိုလွန်းနေရတာတွေကိုလည်း စိုးရိမ်ပုံပေါ်တယ်။ ဗိုလ်ခင်ညွန့် ဘာကြောင့် ထောင်ထဲရောက်သွားလဲဆိုတာ အမြင်ပါပဲ။ ဘာကြောင့်လဲဆိုရင် စစ်ထောက်လှမ်းရေးချုပ်ဖြစ်ခဲ့တဲ့ ခင်ညွန့်ဟာ တရုတ်လူ ဖြစ်နေတာကြောင့်ပါ။

နောက်တစ်ချက် မင်းအောင်လှိုင် အိန္ဒိယကို လာရတဲ့အကြောင်းရင်းကလည်း တရုတ်နဲ့ အိိန္ဒိယကြားမှာ ဟန်ချက်ထိန်းတဲ့လုပ်ဆောင်ချက်တစ်မျိုးပါပဲ။ မြန်မာအစိုးရဟာ အိန္ဒိယဘက်က စိုးရိမ်ချက်ကို ထဲထဲဝင်ဝင် သဘောပေါက် နားလည်ထားတယ်။ ဒီထက် ပိုပြီး အရေးကြီးတာက အိန္ဒိယ အရှေ့မြောက်ပိုင်းက ခွဲထွက်ရေးသမားတွေနဲ့ သူတို့ကိုယ်တိုင် အချိတ်အဆက်ရှိတယ်ဆိုတာကို မြန်မာအစိုးရက နားလည်ထားတယ်။ အခုဆိုရင် စစ်ကိုင်းဒေသထဲမှာ ဘာစခန်းမှ မရှိတော့ဘူး။ အခုဆို အဲဒီခွဲထွက်ရေးသမားတွေအကုန်လုံး စစ်တပ်ရဲ့ စစ်တန်းလျားကို ရောက်နေပြီ။ အထူးသဖြင့် တမူး ဒေသမှာပေါ့။ အဲဒီကနေတဆင့်တက်ရင် မဏိပူရအထိပေါ့။ နာဂလန်း နယ်စပ်မှာလည်း ဒီအတိုင်းပဲ။ အခုဆိုရင် မြန်မာစစ်တပ်နဲ့ လက်ချင်းချိတ်လာတဲ့ ခွဲထွက်ရေးသမားတွေ တစ်ဖွဲ့မက ရှိလာကြတယ်။

အခုဆို သူတို့ဟာ စစ်တပ် ဝတ်စုံတောင် ဝတ်ကြပြီ။ စစ်တပ်ပေးတဲ့လက်နက်တွေကို သုံးနေကြပြီး PDF၊ EAO အစရှိသဖြင့် တိုက်ခိုက်နေကြတယ်။ အထူးသဖြင့် စစ်ကိုင်းဒေသမှာဖြစ်ပါတယ်။ ဒီတော့ မြန်မာစစ်အစိုးရအနေနဲ့ သူတို့ဟာ အိန္ဒိယကို သိပ်ကို ခင်မင်နှစ်လိုကြောင်း ပြသဖို့လည်း လိုတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယဟာ ရေချိန်တစ်ခုကို အပြောင်းအလဲတစ်ခုဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိတာကို သူတို့သိထားတယ်။

အိန္ဒိယအနေနဲ့ လုပ်ချင်တယ်ဆိုရင် အပြောင်းအလဲဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို မြန်မာဘက်က သတိထားတယ်။ ဘာကြောင့်လဲဆိုရင်၁၉၈၈ ခုနှစ်မှာ နယူးဒေလီဟာ ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံအားပေးခဲ့တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ နယူး ဒေလီဘက်က ချည်းကပ်မှု မတူဘူး။ ဒီတော့ အိန္ဒိယဟာ ၈၈ တုန်းကလို ရပ်တည်လိုက်တာမျိုးဆိုရင် မြန်မာအစိုးရအတွက် အတော်လေး ခက်ခဲသွားနိုင်တယ်။ တော်လှန်ရေးအဖွဲ့တွေကို ကူညီတာမျိုး၊ ဒီမိုကရေစီ လှုပ်ရှားသူတွေကို ကူညီတာမျိုးဆိုရင် မြန်မာအစိုးရအတွက် အတော်လေး ခက်ခဲသွားနိုင်တယ်။ ဒါကြောင့် မင်းအောင်လှိုင် နယူးဒေလီကို လာတယ်ဆိုတာက ဟန်ချက်ညီအောင် ထိန်းတဲ့ခရီးလို့ပြောနိုင်ပါတယ်။

မြန်မာဘက်က အိန္ဒိယဘက်ကို ပြန်သုံးသပ်ဖို့ ဖြစ်လာစေလိမ်မယ်။ ဘာကြောင့်လဲဆိုရင် နောက်ထပ် စီမံကိန်းတစ်ခုက ရှိနေတယ်။ အိန္ဒိယကနေ ပလက်ဝအထိ ဖောက်နေတဲ့လမ်းမကြီးမှာ ဝင်လုပ်နေတဲ့ကုမ္ပဏီ ၆ ခုရှိတယ်။ အရှည်က ၉ ကီလိုမီတာပဲရှိတယ်။ အဲဒီကုမ္ပဏီ ၆ ခုမှာ ၂ ခုက အစိုးရပိုင် ကုမ္ပဏီ။ နယ်မြေတွေကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတယ်။ ဒီတော့ ဦးမင်းအောင်လှိုင်က အစိုးရကုမ္ပဏီတွေ လမ်းဖောက်နေတယ်။ ဘာလို့ဆို အစိုးရ ကုမ္ပဏီတွေ လမ်းဖောက်တဲ့နေရာမှာ ပါဝင်နေတယ်လေ။ အစိုးရပိုင် လမ်းဖောက်ရေး ကုမ္ပဏီတွေ။ ပြီးတော့ မင်းအောင်လှိုင်ဟာ စီမံကိန်း ဆက်ဖြစ်နေတယ်လို့ပဲ ပြောနိုင်ခြေရှိတယ်။

မင်းအောင်လှိုင်အနေနဲ့ ကျွန်တော်တို့ရဲ့ ၃ နိုင်ငံကားလမ်းမ စီမံကိန်းပြန်စကြမယ်ဆိုတာမျိုးလည်း အိန္ဒိယကို အာမခံ ခဲ့နိုင်ခြေရှိတယ်။ ဒါပေမဲ့ မေးခွန်းက ဘယ်သူက အဲဒီမှာ သွားပြီး အလုပ်လုပ်မှာလဲ။ အခြေအနေတွေ မတည်မငြိမ်တဲ့အခြေအနေမှာ ဘယ်သူက လုပ်မှာလဲ။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ အိန္ဓိယကိုသွားပြီး စိတ်မပူပါနဲ့၊ တရုတ်အရေးလည်း စိတ်မပူပါနဲ့ ဆိုတာမျိုး အိန္ဒိယကို အာမခံနိုင်ခြေရှိတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့လည်း တရုတ်အပေါ်ကို မီခိုလွန်းတာမျိုးမဖြစ်အောင် လုပ်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒါက မြန်မာအတွက် အန္တရာယ်ကြီးတယ်လေ။

ဘီဘီစီ။ ။ အိန္ဒိယဟာ နေပြည်တော်ကိုပဲ ထိတွေ့ဆက်ဆံနေတာလား။

ရာဂျိဗ်။ ။ ကျွန်တော် အစောပိုင်းတုန်းက ပြောခဲ့သလိုပါပဲ။ အိန္ဒိယအစိုးရဟာ မြန်မာနဲ့ပတ်သက်လာရင် လမ်းကြောင်းစုံ မူဝါဒကို ကျင့်သုံးပါတယ်။ ဒါကို နည်းနည်းရှင်းပြချင်ပါတယ်။ မဏိပူရပြည်နယ်နဲ့ နယ်စပ်ဟာ အင်ဖာတောင်ကြားတဲ့ တောင်ကုန်းတွေလည်း ရှိတာပေါ့။

လက်ရှိမှာ မဏိပူရပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုင်းရင်းသား မျိုးနွယ်စုတွေကြား အကြမ်းဖက်မှုကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နေရတယ်။ တကယ်စဖြစ်တာကတော့ အများစုဖြစ်တဲ့ မေတေတီးနဲ့ လူနည်းစုဖြစ်တဲ့ ကူကီးတွေဖြစ်ကြတာပါ။ ဒါက နာဂနဲ့ ကူကီးကြားမှာလည်း ဖြစ်နေတယ်။ ဒါကြောင့် မဏိပူရ အစိုးရဟာ မြန်မာဒုက္ခသည်တွေကို လက်ခံရေးကို အတော်လေး ဆန့်ကျင်တယ်။ ဘာလို့လဲဆိုရင် ဒုက္ခသည်တွေကို ထိန်းသိမ်းစခန်းတွေမှာ စုထားပြီး နေရပ်ပြန်ပို့ခဲ့တာတွေလည်း အကြိမ်ကြိမ်ရှိခဲ့ဖူးတယ်လေ။

အခုဆို ပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေရှိတယ်လို့ မဏိပူရ အစိုးရက ယုံကြည်ထားတယ်။ ဒါကို မဏိပူရ အစိုးရက စိုးရိမ်တယ်။ ဆိုတော့ ဒုက္ခသည်ကို ဆန့်ကျင်တယ်။ တချို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဆိုရင် မီဇိုရမ်ဘက်ကို ပြောင်းသွားရတာမျိုးရှိတယ်လို့ ကျွန်တော်သိထားရတယ်။ တဖက်မှာလည်း မီဇိုရမ်ဟာ ဒုက္ခသည်တွေကို ရင်ဖွင့်ကြိုဆိုတယ်။ တော်လှန်ရေးကိုလည်း အားပေးတယ်။ ဘာလို့လဲဆိုရင် မီဇိုရမ်မှာ အများစုနေထိုင်တာက မီဇို ချင်းတွေဖြစ်တယ်။ နယ်စပ် တစ်ချက်ခြမ်းမှာလည်း ချင်းတွေရှိတာဆိုတော့ နယ်စပ်ခြားတဲ့ညီအကိုမောင်နှမလိုဖြစ်နေတယ်။

၁၉၈၈ ခုနှစ်တုန်းကတောင် မီဇိုရမ်အစိုးရဟာ အခုလိုမူဝါဒကိုပဲ ကျင့်သုံးခဲ့တယ်။ ဒီတော့ မီဇိုရမ် အစိုးရ မူဝါဒက မဏိပူရ အစိုးရ မူဝါဒနဲ့ ကွာတယ်။ နယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ နယူးဒေလီ အစိုးရကို နဂလန်း အစိုးရနဲ့ မီဇိုရမ်အစိုးရတို့က အဆိုပြုခဲ့တာတွေ တစ်ကြိမ်ထက်မနည်းရှိခဲ့ဖူးတယ်။

ဒီတော့ နယူး ဒေလီဘက်က အခြေအနေကို ပြောရရင် သူကတော့ တနည်းတဖုံဖြစ်ပြန်တယ်။ မီဇိုရမ်အစိုးရကို ဒုက္ခသည် လက်ခံဖို့၊ ဒုက္ခစခန်းတွေဆောက်ဖို့၊ စတာတွေ ခွင့်ပြုထားတယ်။ ပြီးတော့ နယူးဒေလီဟာ မဏိပူရ အစိုးရဲ့မူဝါဒကိုလည်း ထောက်ခံနေပြန်တယ်။ ဒုက္ခသည်တွေကို ပြန်ပို့တာ၊ နှိမ်နင်းတဲ့ကိစ္စတွေပေါ့။

ပြီးတော့ နယူးဒေလီဟာ ထောက်ပံ့တာတွေ လုပ်နေတယ်။ တံခါးပိတ်ဖို့ လုပ်နေပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ချမှတ်ထားတဲ့မူဝါဒကို ဆက်ပြီး လုပ်နေတာလည်း ရှိနေပြန်တယ်။ မကြာသေးခင်တုန်းကတောင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးသင်တန်းဆိုပြီး နေပြည်တော်ကို သင်တန်းပေးခဲ့တာရှိတယ်။

ပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယအစိုးရဆက်စပ် ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို ဖောက်ခွဲရေးအတွက်သုံးတဲ့ ဖျူးစ်တွေ ရောင်းချနေတယ်လို့ဆိုတဲ့ Justice for Myanmar ရဲ့ အစီရင်ခံစာတွေကို ဖတ်ခဲ့ကြရပါတယ်။ ဒါကို JFM က စုံစမ်း ဖော်ထုတ်ခဲ့တာကိုလည်း ကျွန်တော်တို့ သိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် အိန္ဒိယ အစိုးရဟာ နှစ်ဖက်စလုံးနဲ့ ကစားနေတယ်လို့ ဆိုနိုင်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အာရက္ခတပ်တော်က လူ ၅ ဦးကို ပြန်ပေးဆွဲမှုဖြစ်ရပ်ဖြစ်ခဲ့ပြီးတဲ့နောက်မှာ အာရက္ခတပ်တော်နဲ့လည်း သဘောတူညီချက် တစ်ခုခုကို လုပ်ခဲ့တယ်။ အဲဒီတော့ ကုလားတန် စီမံကိန်းကိစ္စက ပေါ်လာတယ်။ အေအေ ဘက်ကတော့ ရှင်းပါတယ်။ သူတို့ ထိန်းချုပ်နယ်ထဲကို ဖြတ်သန်းသွားတဲ့ စီမံကိန်းအတွက် သူတို့ သဘောထားကိုလည်း ပြသဖို့ လိုအပ်တယ်လေ။ နယ်မြေထိန်းချုပ်သူရဲ့ခွင့်ပြုချက်မရရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘယ်လို လုပ်နိုင်မှာလဲ။ အဲဒီမှာက မြန်မာအစိုးရ အာဏာလုံးဝမသက်ရောက်တော့တဲ့ လွတ်မြောက်နယ်မြေလိုဖြစ်နေတာ။ ဒါက တစ်ချက်ပါ။

အခုဆိုရင် မြန်မာစစ်တပ်ဟာ မြန်မာ- အိန္ဒိယ နယ်စပ်အရေးကို အာရုံစိုက်လာပြီ။ တကယ်တော့ သူတို့ ထိန်းချုပ်ထားနိုင်တာ နယ်စပ်မှာ ၁၀ ရာခိုင်နှုန်းထက် မပိုဘူး။ ဥပမာ တမူးနဲ့ တွန်းဇံလို ဒေသတွေဟာ စစ်တပ်ရဲ့ အစွယ်အပွားတွေ ထိန်းချုပ်တာမျိုးရှိခဲ့တယ်။ ဇိုမီးတော်လှန်ရေးတပ်ကလည်း စစ်တပ်နဲ့ လက်တွဲခဲ့တာမျိုး ရှိတယ်။ အခုဆို ကျွန်တော် သိထားရသလောက်ဆိုရင် မြန်မာအစိုးရဟာ တခြားနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ကြီးကြီးမားမားတွေလုပ်ဖို့ စီစဥ်နေပါတယ်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်နဲ့ဆက်နေတဲ့ ကုန်သွယ်လမ်းအပိုင်းကို ထိုးစစ်ဆင်ဖို့လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒီနေရာက အရေးပါတဲ့အကြောင်းရင်း မျိုးစုံ ရှိနေတယ်။ အဲဒီထဲ ကုန်သွယ်ဝင်ငွေ ကိစ္စလည်း ပါတာပေါ့လေ။ တရားမဝင် မှောင်ခိုကူးတာတွေလည်းဖြစ််နေတယ်။ ဒီတော့ အကြောင်းခြင်းရာကတော့ အစုံပေါ့။ ဒီတော့ မြန်မာအစိုးရဟာ နယ်စပ်ဒေသမှာ ပြန်ပြီး စိုးမိုးနိုင်အောင်လုပ်လာနေတယ်။ ဘာဆက်ဖြစ်မလဲတော့ ဆက်ပြီးစောင့်ကြည့်ရမယ်။ အခုဆိုရင် ဖလမ်းပါသွားပြီ။ တွန်းဇံလည်း ပါသွားပြီ။ တီးတန်လည်းပါသွားပြီ။ တမူးကိုလည်း သူတို့ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်။ ဒီလမ်းကြောင်းတွေက သိပ်ကို အရေးပါပါတယ်။

အိန္ဒိယ မြန်မာ နယ်စပ်ကို ကြည့်လိုက်ရင်လည်း နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ ၁၆၄၃ ရှည်တယ်။ ကချင်ကနေ စပြီး ချင်းတောင်ပိုင်း ပလက်ဝမှာ အဆုံးသတ်တယ်။ (လက်ရှိမှာ အခု အခွန်အကောက်အပိုင်းကို မြန်မာအစိုးရက ထိန်းချုပ်တယ်လို့ ဆိုပေမဲ့ မီဇိုရမ်နဲ့ နယ်စပ်မှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ်ထားတာကတော့ သိသာတာပေါ့လေ။

ဘီဘီစီ။ ။ မြန်မာဘက်ခြမ်းမှာ နယ်စပ်တစ်လျှောက် မတည်ငြိမ်မှုတွေ ဆက်ပြီးနက်ရှိုင်းလာမယ်ဆိုရင် အိန္ဒိယအတွက် ဘယ်လို အခက်ကြုံနိုင်မလဲ။

ရာဂျိဗ်။ ။ ကျွန်တော့်အထင် အိန္ဒိယအတွက် ပထမဆုံး အခက်ကြုံရမှာက မူးယစ်ဆေး မှောင်ခိုကူးမှုဖြစ်လိမ့်မယ်။ မူးယစ်ဆေးမှောင်ခို ရောင်ဝယ်ဖောက်ကားတာတွေ တိုးလာနေတယ်။ မြန်မာမှာ မူးယစ်ဆေး ထုတ်တာတိုးလာနေတယ်။ အထူးသဖြင့် ဘိန်းဖြူ နံပါတ်ဖိုး၊ ATS ဆေးပြားနဲ့ စိတ်ကြွဆေးတွေပါ။

အခုဆိုရင် အိန္ဒိယမှာ မူးယစ်ဆေး ဖမ်းမိတာ နေ့တိုင်းနီးပါးဖြစ်နေတယ်။ အထူးသဖြင့် အိန္ဒိယမြောက်ပိုင်းက မီဇိုရမ် ဒါမှမဟုတ် အာသံပြည်နယ်တို့မှာ ဖြစ်နေတာပါ။ နယ်စပ်မှာ ပိုက်စိပ်တိုက် လုံခြုံရေးယူဖို့ဆိုတာလည်း မဖြစ်နိုင်တော့ မှောင်ခိုသမားတွေကလည်း ခိုးသွင်းဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးပမ်းနေတယ်။

အခုဆို ကျွန်တော့် သတင်းရင်းမြစ်တွေအပြောအရဆိုရင် မူးယစ်ဆေးတွေဟာ မြန်မာဘက်ခြမ်းကနေ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်နယ်စပ်ကနေ ဝင်လာနေတယ်။ပြီးတော့ အခုဆို လမ်းကြောင်းသစ်တွေပေါ်လာပြီး နာဂလန်းဘက်ကလည်း ရောက်လာတယ်။ အဆိုရင် တော်လှန်းရေးခေါင်းဆောင်တွေနဲ့ အိန္ဒိယ အရာရှိတွေရဲ့ ကျွန်တော့်ကို ပြောပြချက်အရဆိုရင် မူးယစ်ဆေးတွေကို အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ကုန်လို ပို့ဆောင်နေလို့ ဖမ်းမိပြီတဲ့။

အဲဒီ မူးယစ်ကုန်တွေထဲက အချို့က ဘင်္ဂလားဒေ့ရှ်အထိ ရောက်တယ်။ ပြီးတော့ တခြားနိုင်ငံတွေကို ရောက်တယ်ပေါ့။ ၂၀၁၇ ခုနှစ်တုန်းက ကျွန်တော် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းတွေကို ရောက်ပြီး သတင်းရင်းမြစ်တွေနဲ့စကားပြောတော့ တစ်နေ့ကို ယာဘနဲ့ WY ဖြုန်းနှုန်းက သိန်း ၂၀ ရှိတယ်တဲ့။ ဒါက လွန်ခဲ့တဲ့ ၉ နှစ်တုန်းက အခြေအနေနော်။ အခုဆို ပိုများပြီး ပိုတိုးနေလောက်ပြီ။

ဒီတော့ ဘင်္ဂလားဒေ့ရှ်မှာ ATS ဆေးပြား သုံးနှုန်းက ကြီးတယ်။ ပြီးတော့ မြန်မာမှာလည်း အလုပ်အကိုင်မဲ့နှုန်း မြင့်နေတယ်။ အိန္ဒိယမှာလည်း ထို့နည်းတူပဲ။ ဘင်္ဂလားဒေ့ရှ်လည်း အတူတူပဲ။ ဒီတော့ ဆေးရောင်းတာက လူတိုင်းအတွက် အလုပ်တစ်ခုလို ဖြစ်လာပါတယ်။ ဒါက အိန္ဒိယ လက်ငင်းကြုံနေရတဲ့အန္တရာယ်ပါ။

ဒုတိယ အန္တရာယ်က နယ်စပ်တစ်လျှောက်က မတည်ငြိမ်မှုပေါ့။ မြန်မာဘက်ခြမ်းမှာ လက်နက်ပေါင်းကို အစုံရှိနေတယ်။ လက်လုပ် လက်နက်တွေလည်း အစုံပဲ။ အိန္ဒိယအပါအဝင် နေရာပေါင်းစုံကနေ လက်နက်တွေလည်း ဝင်နေတယ်။ အော်တို သေနတ်တွေတင် မဟုတ်ဘူး။ လက်နက်အမျိုးအစား စုံမှစုံပဲ။ ဒါတွေက ရေရှည်မှာ တရားဥပဒေစိုးမိုးရေးအပိုင်းကို အဓိက ပြဿနာဖြစ်လာစေမယ့်အရာတွေပဲ။ ဒါတွေ အကြောင်းရင်းခံက လူတွေ အလုပ်လက်မဲ့ဖြစ်နေတာကြောင့်ပဲ။ ဒါကြောင့် ဒါဟာ အိန္ဒိယအတွက် ဒုတိယ ပြဿနာဖြစ်တယ်။

တတိယ ပြဿနာကတော့ နယ်စပ်မှာ ခွဲထွက်ရေးသမားတွေ ရှိနေတဲ့ကိစ္စပါ။ မြန်မာစစ်တပ်ဟာ အိန္ဒိယ ခွဲထွက်ရေးသမားအဖွဲ့တွေရဲ့အားကို ယူလာနေရတယ်။ တစ်ဖွဲ့က နာဂလန်းခွဲထွက်ရေးအဖွဲ့ NSCNIM ဖြစ်တယ်။ နောက်တစ်ဖွဲ့ကတော့ ဇိုမီးတော်လှန်ရေးတပ် ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ ခွဲထွက်ရေးအဖွဲ့တွေ မဟုတ်ဘူး။ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်တယ်။ ဒါပေမဲ့ နှစ်နိုင်ငံနယ်စပ် တစ်ဖက်ခြမ်းစီမှာ အတူတူ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြီးတော့ မြန်မာစစ်တပ်နဲ့ လက်ချင်းချိတ်နေတယ်။

ဒီတော့ တခြား ခွဲထွက်ရေးအဖွဲ့တွေက မဏိပူရ အင်ဖာတောင်ကြားက အဖွဲ့တွေဖြစ်တယ်။ ဒီအဖွဲ့တွေ ရှိနေတာကို ရှင်းလင်းရေးကို ကျွန်တော် မမြင်မိသေးဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာစစ်တပ်ဟာ သူတို့အားကို အကြီးအကျယ် ယူနေရတယ်။ နောက်ထပ် စိုးရိမ်စရာက စီမံကိန်းကြီး ၂ ခု ပြီးမြောက်ရေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီစီမံကိန်းကြီးတွေ မြန်မြန်ပြီးလိမ့်မယ်လို့ မမြင်လှဘူး။

ကျွန်တော် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကပဲ ကုလားတန်စီမံကိန်း အဝေးပြေးလမ်းကို ဖြတ်ခဲ့တယ်။ ဒီတော့ မြင်ခဲ့ရတာတွေကို သုံးသပ်ရရင် ကုလားတန်စီမံကိန်းက ခပ်မြန်မြန်ပြီးဖို့တော့ မဖြစ်နိုင်ဘူး။ ဒါက ၁၀၉ ကီလိုမီတာအရှည်ရဲ့တစ်ဖက်ခြမ်းပဲ ရှိသေးတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယနိုင်ငံထဲမှာ မြေသိမ်းလို့ဖြစ်တဲ့ကိစ္စတွေ ရှင်းလို့ မပြီးသေးဘူး။ ပြီးတော့ တကယ်သွားကြည့်ရင်လည်း အိုက်ဇောကနေ နယ်စပ်က ဂျော်ဒင်ပူကို ရောက်ဖို့ ၁၁ နာရီကြာတယ်။ လမ်းကလည်း ကျဥ်းတယ်။ မြေပြိုတာတွေလည်း မကြာမကြာဖြစ်တယ်။

ဒီတော့ အိန္ဒိယအစိုးရက ရည်ရွယ်တဲ့ အာသံပြည်နယ်၊ စီချမ်ကနေ အနောက်- အရှေ့ စင်္ကြံ၊ အဲဒီကမှ ဂူဂျာရက်အထိ အဝေးပြေး လမ်းမပေါက်ဖို့ ပြင်တာ။ ဒီတော့ အချိန်က အတော်ကို ကြာမှာ။ ဒီတော့ အရှင်းဆုံးပြောရရင် လက်တွေ့ကျကျ မြင်ဖို့ လိုသလို အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်ရတာပေါ့။ ဒါပေမဲ့ အဝေးပြေးလမ်းမ ပြီးတာနဲ့ မီဇိုရမ်နဲ့ သူ့ စီးပွားရေးဟာ လုံးဝကို အပြောင်းအလဲဖြစ်သွားလိမ့်မယ်။

ပြီးတော့ ပလက်ဝကနေ စစ်တွေအထိ ရေလမ်းကိုပဲ ကြည့်လို့မရပါဘူး။ တကယ်တော့ အစီအစဥ်က အိန္ဒိယအရှေ့ကမ်းရိုးတန်းက သင်္ဘောတွေ ပလက်ဝအထိ သွားမယ်။ ပြီးရင် အဝေးပြေးလမ်းကနေတဆင့် ဆက်သယ်မယ်ပေါ့။ ပလက်ဝ အဝေးပြေးလမ်းဆိုတာလည်း ပြီးဖို့ နှစ်ချီကြာဦးမှာ။ ပြီးတော့ ပြည်တွင်းစစ်ဆိုတာလည်း မပြီးသေးဘူး။ ဘယ်သူကမှာတော့ သူတို့သင်္ဘောတွေကို စစ်ပွဲဇုန်ကြားထဲ လွှတ်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ဒီတော့ လက်တွေ့ကျကျ ပြောကြရရင် စစ်ပွဲရပ်မှဖြစ်မယ်။ စစ်ပွဲဆက်ဖြစ်နေသရွေ့တော့ ဒီစီမံကိန်း မြန်မြန်နဲ့အဆုံးသတ်မယ်လို့ ကျွန်တော် မထင်ဘူး။

ဒီတော့ ဒီလို အကြောင်းပေါင်းစုံက အိန္ဒိယရဲ့ စိုးရိမ်ချက်တွေဖြစ်ပါတယ်။ တရုတ်လွှမ်းမိုးမှုကလည်း မြင့်တက်နေတာကိုမြင်ရတာလည်း ရှိတာပေါ့လေ။

ဘီဘီစီ။ ။ အိန္ဒိယဟာ နေပြည်တော်ကို ငြိမ်းချမ်းရေးအတွက် ကြားဝင်ကူညီနိုင်ခြေရှိလား။

ရာဂျိဗ်။ ။ အိန္ဒိယဟာ အမြဲတမ်း မြန်မာဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို မြင်ချင်တယ်လို့ ပြောနေတာပဲလေ။ မြန်မာမှာ တည်ငြိမ် အေးချမ်းမှုကို မြင်ချင်တယ်ပေါ့။ ဒါက အိန္ဒိယရဲ့တရားဝင် ရပ်တည်ချက်ပေါ့လေ။ အိန္ဒိယဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ကူနိုင်မလားဆိုရင်တော့ မသေချာဘူးလို့ပဲ ကျွန်တော်ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုရင် အိန္ဒိယဟာ နယ်စပ်မှာရှိတဲ့တော်လှန်ရေးအစုအဖွဲ့တွေကို ဖိအားပေးတယ်ဆိုရင် နယ်စပ်က အခြေအနေအပြောင်းအလဲ ဖြစ်သွားနိုင်တယ်။

ပြီးတော့ တော်လှန်ရေးတပ်တွေဟာ အိန္ဒိယရဲ့ဖိအားကိုလည်း ခံလိုမှာမဟုတ်သလို အိန္ဒိယ လွှမ်းမိုးနိုင်နိုင်တဲ့ တော်လှန်ရေးအဖွဲ့ဆိုတာကလည်း လက်ချိုးရေလို့ရတယ်။ အဖွဲ့တွေကလည်း စုံလို့ပါပဲ။ PDF(ပြည်သူ့ကာကွယ်ရေးတပ်)၊ CDF(ချင်းကာကွယ်ရေးတပ်)၊ တိုင်းရင်းသား လက်နက်ကိုင်လည်း စုံလို့ပါပဲ။ အများသိတဲ့အချက်တစ်ချက်ကို ပြောရမယ်ဆိုရင် အိန္ဒိယဟာ KIA(ကချင်လွတ်လပ်ရေးတပ်)နဲ့ ၁၉၈၉ ခုနှစ်ကတည်းက အဆက်အဆံရှိတယ်ဆိုတာကို နေပြည်တော်က သိတယ်။

ဒါပေမဲ့ အိန္ဒိယဟာ KIA ကို လက်မှတ်ထိုးဖို့ ဖိအားပေးမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ၁၉၉၄ ခုနှစ်မှာ မြန်မာအစိုးရနဲ့ KIA ကြား အပစ်ရပ်တော့လည်း ဒါဟာ နှစ်ဖက်ကြား နားလည်မှုကြောင့် လုပ်ခဲ့တာလို့ပဲ ထင်တယ်။ ဒီတော့ အိန္ဒိယ ဖိအားပေးနိုင်မယ့် အဖွဲ့ ဘယ်အဖွဲ့ ရှိမှာလဲ။

ဒါပေမဲ့ ကျွန်တော်အစောပိုင်းက ရှင်းပြခဲ့တဲ့အတိုင်းပါပဲ။ အိန္ဒိယမှာ မူဝါဒ အစုံရှိတယ်။ အိန္ဒိယဟာ တော်လှန်ရေးအဖွဲ့တွေကို အတင်းအကျပ် ဖိအားပေးလိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် တောလှန်ရေးအဖွဲ့တွေဘက်ကလည်း အပေးအယူလုပ်ချင်ကြပုံမရှိဘူး။ ပြီးတော့ ကျွန်တော် တော်လှန်းရေးအဖွဲ့စုံက ခေါင်းဆောင်တွေကို အင်တာဗျူး လုပ်ဖူးတယ်။စကားပြောဖူးတယ်။ သူတို့ အပေးအယူလုပ်ချင်ပုံမရဘူး။ အထူးသဖြင့် CNA(ချင်းအမျိုးသားတပ်ဦး)၊ AA ကလေး PDF တို့ပေါ့။ သူတို့ ဘက်က တော်လှန်ရေးကို ဆက်လုပ်ချင်ကြတယ်။ ဒီတော့ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့။