သြဂုတ် ၁၆ ရက်သတင်းများအနှစ်ချုပ် - ငဖဲမှာ CDF အရှို ခေါင်းဆောင်အပါအ၀င် ၃ ဦး စစ်တပ်ရဲ့ခြုံခိုတိုက်ခိုက်မှုမှာ သေဆုံး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ ရိက္ခာသယ်ယူဖို့သွားတဲ့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho)က ခေါင်းဆောင်အပါအဝင် ၃ ဦးဟာ မနေ့ မနက်ပိုင်း လမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ခြုံခိုတိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

CDF-Asho ဦးဆောင်သူ ဆလိုင်းရိုချင်းအပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦးဖမ်းဆီးခံရကာ နောက်ထပ် ၁ ဦးလည်း ပျောက်ဆုံးနေဆဲလို့ ဖြစ်စဉ်သိရှိသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး CDF-Asho ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ "လတ်တလောအခြေအနေကို ပြောလို့မရသေးပါဘူး" လို့သာ တုံ့ပြန်ဖြေပါတယ်။

စစ်တပ်သတင်းတွေကို ရေးသားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း CDF-Asho တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း မနေ့ကတည်းက ‌ရေးသားဖော်ပြနေကြပါတယ်။

CDF-Asho ဟာ ရခိုင်နဲ့ မကွေးတိုင်းအစပ် ရိုးမတကြောမှာ အာရက္ခတပ်တော် (အေအေ) အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး နတ်ရေကန်တိုက်ပွဲမှာပါဝင်နေတဲ့တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

ရခိုင်နဲ့ မကွေးကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းဟောင်းပေါ် ငဖဲအပိုင်မှာရှိတဲ့ ကမ္ဘာလုံးစခန်းခေါ် နတ်ရေကန်ဗျူဟာစခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ နှစ်နဲ့ချီကြာမြင့်နေပြီး အခုရက်ပိုင်းအတွင်း စစ်တပ်ဘက်က ထိုးစစ်ပြန်မြှင့်နေတယ်လို့ စစ်ရေးရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

"ခုရက်ပိုင်းကတော့ စစ်တပ်က မင်းတုန်းဘက်ကရော ငဖဲ ဘက်ကနေပါ စစ်ကြောင်း ညှပ်ထိုးလာတာပါ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ငဖဲနဲ့ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အေအေဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်း သိမ်းပိုက်ခဲ့ပါတယ်။

အင်ဒိုနီးရှားငလျင်မှာ သေဆုံးသူ ၅၀ နီးပါးအထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက ဖလောရက်စ်ကျွန်းအနီးမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြောင့် အနည်းဆုံးသေဆုံးသူ ၄၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စနေနေ့အချက်အလက်အရ သိရပါတယ်။

မနေ့မနက်ပိုင်းက အနက် ၁၅ ကီလိုမီတာခန့်မှာလှုပ်ခတ်သွားတဲ့ ဒီငလျင်ကြောင့် အဆောက်အဦ ရာနဲ့ချီ ပြိုကျပျက်စီးခဲ့သလို နောက်ဆက်တွဲငလျင်ငယ်တွေ ဒါဇင်နဲ့ချီလည်း လှုပ်ခတ်ခဲ့ပါတယ်။

မန်ဂါရီ (Manggarai) ပြည်နယ်မှာ ထိခိုက်မှုအများဆုံးရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ပြောပါတယ်။

အဲဒီပြည်နယ်အတွင်းမှာပဲ သေဆုံးသူ ၂၄ ဦးရှိပြီး ပြည်နယ်အရှေ့ပိုင်းက လူ ၁၇ ဦး ပါဝင်ပါတယ်။ ဒါအပြင် ဆစ်ကာ(Sikka) ပြည်နယ်မှာ ၃ ဦး သေဆုံးပြီး နာဂဒါ(Ngada)၊ အန်ဒီ (Ende)နဲ့ အနောက်မန်ဂါရီမှာ ၁ ဦးစီ သေဆုံးပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂ ဦးရှိပြီး ၁၁ ဦးကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

BNPB ကတော့ ငလျင်ဘေးသင့်ဒေသတွေကို အကူအညီတွေ ပေးပို့နေပြီဖြစ်ပြီး ကူညီ ကယ်ဆယ်ရေးပစ္စည်းအထုပ်ရေ ၁၀,၅၀၀ ကိုလည်း မြေပြင်ကိုပို့ထားပြီလို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးပြီးချင်းမှာ ဆူနာမီသတိပေးချက် ထုတ်ခဲ့ပေမဲ့ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ပူတင်နဲ့တွေ့မယ်

အသွင်ပြောင်းအစိုးရ သမ္မတဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့ရှိတဲ့အကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်လာပါတယ်။

ဦးမင်းအောင်လှိုင် ရုရှားကို မကြာခင်သွားဖို့ရှိတယ်လို့ နေပြည်တော်ဘက်ပြောပြီး ရက်အတိအကျ မထုတ်ပြန်ပေမဲ့ ရုရှားသမ္မတရုံးဘက်ကတော့ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၁၈ ရက်မှာ သမ္မတပူတင်နဲ့တွေ့ဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲ ပြုလုပ်မှာလို့လည်း ရုရှားသမ္မတရုံးဘက်က ပြောပါတယ်။

နေပြည်တော်ဘက်ကတော့ ဒီခရီးစဉ်မှာ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးသွားမယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ သမ္မတရာထူးယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးရုရှားခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်တွေလည်း ချုပ်ဆိုဖို့ရှိတယ်လို့ သိရပါတယ်။

နှစ်ဖက်မိတ်ဖက်ဆက်ဆံရေးလို့ ရုရှားရော နေပြည်တော်ကပါ ပြောနေပေမဲ့ နှစ်နိုင်ငံကြား စစ်လက်နက် ရောင်းဝယ်ရေးကလွဲလို့ စီးပွားရေးနဲ့ လူမှုရေးတွေမှာ နေပြည်တော်ရဲ့မိတ်ဖက် တရုတ်နဲ့ အိန္ဒိယလို ထိရောက်တဲ့ကူညီမှုတွေ မတွေ့ရဘူးလို့ အကဲခတ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရုရှားခရီးစဉ်တွေမှာဆိုရင် မြန်မာဘက်က နျူကလီးယားဓာတ်အားပေးစက်ရုံ ပေါ်ပေါက်လာဖို့ ဆန္ဒရှိပြီး ရုရှားဘက်ကတော့ ယူကရိန်းစစ်မှာ သုံးဖို့ ခဲယမ်းတွေကို မြန်မာက ထုတ်လုပ်ပို့ဆောင်ပေးဖို့အတွက် ဆွေးနွေးခဲ့ကြတဲ့အခြေအနေလို့ နားလည်ရပါတယ်။