ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၂၃ ရက် သတင်းအနှစ်ချုပ် - ပညာရေးအေးဂျင့်ကြောင့် ငွေကြေးခေါင်းပုံဖြတ်ခံရတဲ့ မြန်မာကျောင်းသားတွေသတင်းပေးဖို့ ဖင်လန်ပြော
ဖင်လန်မှာကျောင်းတက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းသားတွေဆီက ငွေကြေးပမာဏ အမြောက်အများကောက်ခံခဲ့တဲ့ ပညာရေးအေးဂျင့်တဦးကို ဖင်လန်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့နောက် ငွေကြေးခေါင်းပုံဖြတ်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေ သတင်းပို့ဖို့ မေ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ဖင်လန်မှာကျောင်းပြီးရင်အလုပ်အလွယ်တကူရတယ်လို့ ကတိပေးပြီး သက်မွေးပညာကျောင်း တွေမှာ စာသင်ဖို့အတွက် မြန်မာကျောင်းသားတွေကိုပို့ခဲ့တဲ့ ပညာရေးအေးဂျင့်တဦးရဲ့အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဖင်လန်ပင်လယ်ကွေ့ရေကြောင်းစောင့်ကြည့်ရေးတပ်ခွဲ ပြစ်မှုနှိမ်နင်းရေးဌာန ဦးဆောင်သူ Juho Sillanpää က ဘီဘီစီကိုပြောပါတယ်။
"ဒီအမှုကိုစုံစမ်းရင်းတွေ့ရှိရတာက ဖင်လန်မှာနေထိုင်ခွင့်ပါမစ်ရဖို့အတွက် အကျိုးဆောင်တွေက ကျောင်းသားတွေကိုယ်တိုင်မသိတဲ့ အချက်အလက်အမှားတွေ ပေးခဲ့တယ်လို့ သံသယရှိပါတယ်။ ဖင်လန်မှာကျောင်းသားတွေအလုပ်ရဖို့ သိပ်ခက်ခဲပြီး ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ၊ အကြွေးတင် တာတွေပါ ရင်ဆိုင်နေရတယ်" လို့ Juho Sillanpää က အီးမေးလ်ကတဆင့် ပြောပါတယ်။ အခုဖမ်းဆီးမှုမှာ တရားစွဲဆိုအမှုဖွင့်သင့်၊ မသင့်ကို ဆက်လက်ဆောင်ရွက်နေပြီး အခုနှစ်ကုန်ပိုင်းမှာ နောက်ထပ်သတင်းထုတ်ပြန်ချက်ထုတ်ဖို့ ခန့်မှန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ပညာရေးအေးဂျင့်ရဲ့ နာမည်နဲ့ အဖွဲ့အစည်းနာမည်တော့ ဖင်လန်နယ်ခြားစောင့်တပ် ဘက်က ထုတ်ပြောတာမရှိပါဘူး။
ဖင်လန်ရောက်မြန်မာတွေရဲ့ ပြောပြချက်အရ Brighter Future Way အမည်ရ ပညာရေးအေဂျင်စီကို ဦးဆောင်နေတဲ့ ဦးမင်းမင်းစိုးဆွေ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
သူဖမ်းဆီးခံရပြီးတဲ့နောက် Brighter Future Way ကနေ ဖင်လန်က သက်မွေးပညာကျောင်းတခု ဖြစ်တဲ့ EduSavo Oy ကျောင်းမှာ တက်ရောက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသား ၂၉ ဦးကို ဝင်ကြေး အပြည့်အဝမပေးသွင်းလို့ဆိုကာ ကျောင်းဘက်ကဝင်ခွင့်ရုတ်သိမ်းတဲ့ဖြစ်စဉ် အခုသီတင်းပတ်ထဲ မှာ ဖြစ်ခဲ့ပါတယ်။
EduSavo Oy ကျောင်းဦးဆောင်သူ Mira Repo ကတော့ Brighter Future Way နဲ့ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း၊ လာမယ့် သြဂုတ် ၁ ရက်မှာစမယ့် မူဝါဒအသစ်အရ ပညာရေးအေးဂျင့်တွေမလိုဘဲ ကျူရှင်ကြေးတိုက်ရိုက်သွင်းကာ ဖင်လန်အထက်တန်းကျောင်းတွေ ကို လျှောက်ထားခွင့်ရှိမယ်လို့ ဘီဘီစီကို အီးမေးလ်ကတဆင့် တုံ့ပြန်ဖြေပါတယ်။
ဦးမင်းမင်းစိုးဆွေရဲ့ Brighter Future Way ရုံးခန်းဖုန်းနံပါတ်တွေကို ချိတ်ဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို အီးမေးလ်တွေကတဆင့် မေးမြန်းမှုကိုလည်း ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိပါသေးပါဘူး။
ဖင်လန်နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ စစ်ဆေးနေတဲ့ပညာရေးအေးဂျင့်နဲ့ ဆက်စပ်သူတွေထဲကတင် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃၅၀ ခန့်ကို ကျောင်းတက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကိုးကန့် ဝေမိသားစုဝင်တွေကို တရုတ်မှာ ရုံးထုတ်
ကိုးကန့်ရဲ့ ထင်ရှားတဲ့ မိသားစုကြီး ၄ စုထဲက ဝေမိသားစုဝင်တွေကို ဖူကျန့်ပြည်နယ်၊ ချန်ကျိုးမြို့က တရားရုံးမှာ အများပြည်သူလာရောက်နားထောင်လို့ရတဲ့စစ်ဆေးမှုအဖြစ် မေ ၁၉ ရက်ကနေ ၂၂ ရက်အထိ စစ်ဆေးခဲ့တယ်လို့ တရုတ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ဝေမိသားစုခေါင်းဆောင် ဝေစန်း၊ လျိုကျင်းဖန်၊ ကောင်းမင် တို့အပါအဝင် ဆက်စပ်သူတွေကို ကျားဖြန့်လုပ်ငန်းကနေ ယွမ် ၂၄ ဘီလျံကျော်ကို ငွေလိမ်လည်တာအပြင် တရုတ်နိုင်ငံသား ၂ ဦးကို သေဆုံးစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရုတ်နိုင်ငံက တရားရုံးမှာ စစ်ဆေးနေတာဖြစ်ကြောင်း တရုတ်သတင်းက ဖော်ပြထားတာပါ။
ဝေစန်းဟာ ဦးမင်းအောင်လှိုင်တပ်ချုပ်တာဝန်ယူစဥ်က ကိုးကန့်နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးဟောင်းလည်းဖြစ်ပါတယ်။
ဒီလိုကြားနာမှုပြီးတဲ့နောက် တရားစီရင်ချက်ကြေညာမယ့်ရက်ကိုလည်း ထပ်မံထုတ်ပြန်ဖို့ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသက ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ကာ တရုတ်ပြည်သူတွေကို ပစ်မှတ်ထားလိမ်လည်ခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးပြီးသုံးနှစ်အကြာ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်ကသေဒဏ်ပေးခဲ့ပြီး မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ခဲ့ပါတယ်။