လေးနှစ်အကြာပြန်လာတဲ့ Spider-Man နဲ့ ဇန်ဒေးယာ၊ တွမ် ဟော်လန်တို့စုံတွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နူးရ် နန်ဂျီ
- ရာထူးတာဝန်, အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
ဟောလိဝုဒ်ရဲ့ နာမည်ကျော် စုံတွဲ တွမ် ဟော်လန်နဲ့ ဇန်ဒေးယာတို့ဟာ အခုနှစ်နွေရာသီတစ်လျှောက်လုံး အသစ်ထွက် ရုပ်ရှင်မြှင့်တင်ပွဲတွေရဲ့ကော်ဇောနီ လျှောက်လမ်းပေါ်မှာ လူအများရဲ့ အာရုံစိုက်မှုကို ဆက်တိုက်ရရှိနေခဲ့ပါတယ်။
အခုလည်း လန်ဒန်မြို့မှာ ကျင်းပတဲ့သူတို့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Spider-Man: Brand New Day အထူးပြသပွဲကို တက်ရောက်ချိန်မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး လူငယ်သရုပ်ဆောင်နှစ်ဦးကို ခဏလေးဖြစ်ဖြစ် မြင်တွေ့ခွင့်ရဖို့ ပရိသတ်အများအပြား လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
မကြာသေးခင်က လက်ထပ်ခဲ့တဲ့ဒီစုံတွဲဟာ ဒီနှစ်အတွင်း အလုပ်များနေခဲ့ပြီး လက်ရှိမှာ ရုံတင်နေတဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ ရုပ်ရှင်ကားကြီး The Odyssey မှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။
ဘီဘီစီက “ခင်ပွန်းနဲ့အတူ အလုပ်လုပ်တဲ့အခါ အဆင်ပြေစေဖို့ အကြံပေးချင်တာရှိလား” လို့ မေးမြန်းရာမှာတော့ ဇန်ဒေးယာက "အရင်းနှီးဆုံးလူတွေဖြစ်နေကြတဲ့အခါ အတူအလုပ်လုပ်ရတာက တော်တော်လွယ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
နောက်ဆုံးထွက် Spider-Man ဇာတ်ကားမှာ တွမ် ဟော်လန်က ပီတာ ပါကာနဲ့ သူ့ရဲ့ စူပါဟီးရိုး ဇာတ်ကောင် Spider-Man အဖြစ် ပြန်လည်သရုပ်ဆောင်ထားပြီး ဇန်ဒေးယာကတော့ သူ့ရဲ့ ဇာတ်လမ်းထဲက ချစ်သူ အမ်ဂျေ အဖြစ် ပါဝင်ထားပါတယ်။
ဇန်ဒေးယာဟာ လန်ဒန်မြို့ လက်စတာ စကွဲယားက အဖြူရောင်ကော်ဇောနဲ့ လိုက်ဖက်တဲ့ Tamara Ralph ဒီဇိုင်း ရှန်ပိန်ရောင် ပိုးသားဝတ်စုံရှည်ကို ပင့်ကူအိမ်ပုံစံ ကြိုးဒီဇိုင်းတွေနဲ့ တွဲဖက်ဝတ်ဆင်လာခဲ့ပြီး ပွဲမှာ အာရုံစိုက်ခံရမှု အများဆုံးရရှိသူဖြစ်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဇန်ဒေးယာဟာ သူ သရုပ်ဆောင်တဲ့ရုပ်ရှင်ရဲ့အပြင်အဆင်၊ အကြောင်းအရာတွေနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တဲ့စတိုင်ကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဖက်ရှင်လောကမှာလည်း ကြီးစိုးနေသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူနဲ့ နာမည်ကျော် ဖက်ရှင်စတိုင်လစ် Law Roach တို့က ဒီဝတ်စုံကို ဘယ်လိုရွေးချယ်ခဲ့ကြတာလဲလို့ မေးမြန်းရာမှာတော့ ဇန်ဒေးယာက “ရုပ်ရှင်တွေကို ကျွန်မ အရမ်းကြိုက်ပါတယ်။ ဒီကားတွေမှာ ပါဝင်သရုပ်ဆောင်ရတာလည်း သဘောကျပါတယ်။ ရုပ်ရှင်မိတ်ဆက် ခရီးစဉ်တွေ၊ ဝတ်စုံတွေနဲ့ ဖက်ရှင်ကနေတဆင့် ရုပ်ရှင်ဖန်တီးမှုနဲ့ ဇာတ်လမ်းပြောပြတာကို ဆက်လက်အသက်သွင်းနိုင်တာကိုလည်း သဘောကျပါတယ်” လို့ ပြောပါတယ်။
သူ့ရဲ့နောက်ဆုံးဝတ်စုံမှာ ရုပ်ရှင်အသစ်ရဲ့ဇာတ်လမ်းနဲ့ပတ်သက်တဲ့အရိပ်အမြွက်တွေ ပါဝင်နေသလားလို့ မေးမြန်းရာမှာတော့ ဇန်ဒေးယာက ရယ်မောပြီး..
“အဲဒါတော့ မပြောနိုင်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်ပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
တွမ် ဟော်လန်ကတော့ Spider-Man ဇာတ်ကောင်ကို ၂၀၁၆ ခုနှစ်ကတည်းက သရုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီနဲ့ စကားပြောရာမှာတော့ နောက်ဆုံးထွက် Spider-Man ရုပ်ရှင် ရိုက်ကူးရေးမှာ ပါဝင်ရတာ “တကယ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်” လို့ ပြောပါတယ်။
“ဒီဇာတ်ကောင်တွေကို ကျွန်တော်တို့ သရုပ်ဆောင်လာတာ ၁၀ နှစ်ရှိပါပြီ။ သရုပ်ဆောင်တိုင်းလည်း အရမ်းသဘောကျခဲ့တယ်။”
“ဇာတ်ကောင်တစ်ကောင်ကို သရုပ်ဆောင်တိုင်း အသစ်အဆန်းတစ်ခုခု ထပ်ဖြည့်လို့ရတဲ့ အခွင့်အရေးရှိတာက အမြဲကြိုဆိုရတဲ့အရာပါ။ ဒီကားမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ တကယ်ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်” လို့ ဟော်လန်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက် ၃၀ အရွယ် ဟော်လန်ကတော့ ဒီ Spider-Man ဇာတ်ကားဟာ သူ့ရဲ့ Spider-Man အဖြစ် သရုပ်ဆောင်မှုအတွက် နောက်ဆုံးကား ဖြစ် မဖြစ်ကို တည့်တည့် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
“ဒီမေးခွန်းရဲ့ အဖြေကို သိချင်ရင် ဒီရုပ်ရှင်ကို စောင့်ကြည့်ရမှာပါ” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ Marvel Cinematic Universe (MCU) ထဲက ဇာတ်ကောင်တွေနဲ့ နောင်မှာ အတူတွဲဖက်သရုပ်ဆောင်ချင်တဲ့စာရင်းကတော့ “အဆုံးမရှိပါဘူး” လို့လည်း ဆိုပါတယ်။
“ဒီ Marvel လောကရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတာကို ကျွန်တော် အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်။ သရုပ်ဆောင်တွေနဲ့အတူ ဖန်သားပြင်ထက် သရုပ်ဆောင်ခွင့်ရတာလည်း ကျွန်တော့်အတွက် အလွန်ကံကောင်းခဲ့ပါတယ်။”
“အနာဂတ်မှာ အတူလက်တွဲ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်တွေ အများကြီး ရှိပါတယ်” လို့ လည်း ဟော်လန်က ပြောပါတယ်။
Sadie Sink ရဲ့ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီရုပ်ရှင်မှာ Stranger Things ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ ဆေဒီ ဆင့်ခ် အပါအဝင် သရုပ်ဆောင်အသစ်တွေလည်း ပါဝင်ထားပါတယ်။ ဆေဒီ ဆင့်ခ်ကတော့ အသေးစိတ်ကို လျှို့ဝှက်ထားတဲ့ဇာတ်ကောင်တစ်ဦးအဖြစ် ဒီရုပ်ရှင်မှာ စတင်ပါဝင်လာတာ ဖြစ်ပါတယ်။
သူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က ဘယ်သူဖြစ်နိုင်မလဲဆိုတဲ့ သီအိုရီတွေနဲ့ ခန့်မှန်းချက်တွေက အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ရုပ်ရှင်အထူးပြသပွဲကို မတက်ရောက်ခဲ့တဲ့ ဆေဒီဆင့်ခ်ကတော့ ဘာအရိပ်အမြွက်မှ မပေးထားပါဘူး။
Spider-Man ရုပ်ရှင်အရင်ပိုင်းအဆုံးမှာတော့ ပီတာ ပါကာဟာ သူချစ်ရသူတွေရဲ့မှတ်ဉာဏ်ထဲကနေ သူ့ကိုယ်သူ ဖျောက်ပစ်ဖို့ ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် အခုနောက်ဆုံးထွက်ရုပ်ရှင်မှာတော့ ပီတာ ပါကာဟာ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ ချစ်သူကိုယ်တိုင်က သူ့ကို မမှတ်မိတော့တဲ့အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Spider-Man: Brand New Day မှာ ဂျေကော့ဘ် ဘာတာလွန်၊ ဂျွန် ဘန်းသယ်နဲ့ မတ်ခ် ရူဖလို တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားကို ဒါရိုက်တာ ဒက်စတင် ဒန်နီယယ် ခရက်တန်က ရိုက်ကူးပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ ရုပ်ရှင်အပေါ် ဝေဖန်သုံးသပ်ချက်အများစုကတော့ အပြုသဘောဆောင်နေဆဲဖြစ်ပါတယ်။
The Independent သတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆရာမ ကလာရစ်စ် လော့ဖရီက ဒီရုပ်ရှင်ကို “အနှစ် ၂၀ ကျော်အတွင်း အကောင်းဆုံး Spider-Man ရုပ်ရှင်” လို့ ချီးကျူးခဲ့ပြီး ကြယ်လေးပွင့် ပေးထားပါတယ်။ The Telegraph သတင်းစာက ရော်ဘီ ကော်လင် ကလည်း ကြယ်လေးပွင့်ပေးထားပြီး “ဒီရုပ်ရှင်က Spider-Man စီးရီးမှာ ပျောက်ဆုံးနေခဲ့တဲ့ ရှက်တတ်ပြီး မရင့်ကျက်သေးတဲ့ လူငယ်ဆန်မှုကို ပြန်လည်အသက်သွင်းပေး ထားတယ်” လို့ ရေးသားထားပါတယ်။
The Hollywood Reporter က ဒေးဗစ် ရူနီ ကတော့ ဒီရုပ်ရှင်ဟာ “ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ အကြောင်းအရာနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကို မျှတအောင် ပေါင်းစပ်ထားတယ်” လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ The Guardian က ပီတာ ဘရက်ဒ်ရှောကတော့ အမြင်ရောနှောတဲ့သုံးသပ်ချက်ကို ပေးခဲ့ပြီး ကြယ်သုံးပွင့်သာ ပေးထားပါတယ်။ သူကတော့ “ဒီရုပ်ရှင်ကို ဇန်ဒဲယာက ကယ်တင်ပေးထားတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ထွက်ခဲ့တဲ့ Spider-Man: No Way Home ကတော့ ကမ္ဘာတစ်ဝန်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံ ရရှိခဲ့ပြီး ရုပ်ရှင်၀င်ငွေရရှိမှုမှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
















