ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၂၆ သတင်းများ အနှစ်ချုပ်- ပုဂံ မလုံခြုံမှု လွှတ်တော်မှာမေးခွန်းထုတ်
ပုဂံနဲ့ ဝန်းကျင်ဒေသတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက တိုင်းလွှတ်တော်မှာ ပြောလိုက်ပါတယ်။
ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံဒေသတွေမှာ ပြန်ပေးဆွဲခံရတာတွေ၊ ဝန်ထမ်းတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိနေတာတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ စက်တင်ဘာ ၂၅ ရက်က မေးခွန်းမေးမြန်းခဲ့ပါတယ်။
ပုဂံမှာ ခရီးသွားလုပ်ငန်း ထိခိုက်နေတာကြောင့် ဒေသလုံခြုံရေးအတွက် ဘာတွေ ဆောင်ရွက်နေသလဲဆိုပြီး ညောင်ဦးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်က မေးခဲ့တာပါ။
နယ်စပ်ရေးရာဝန်ကြီးက ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ပုပ္ပားဝန်းကျင်ဒေသတွေမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကြီးကြပ်မှုနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-ပုပ္ပားလမ်းပိုင်းတွေမှာ လုံခြုံရေးအဖွဲ့တွေက လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေ ချထားသလို အဝင်အထွက် စစ်ဆေးမှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ပုဂံနဲ့ဝန်းကျင် ဒေသတွေကို လုံခြုံရေးလုပ်ဆောင်နေတာကို ပြီးခဲ့တဲ့ ဩဂုတ်ကမှာ ပိုမြင်တွေ့ရတယ်လို့လည်း အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်တိုးက ပြောပါတယ်။
"ဘယ်နေရာတွေမှာ ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာမျိုးကို သေသေချာချာလေး ဖြေပေးစေချင်တာ"လို့ ဦးစိန်တိုးက ပြောပါတယ်။
ပုဂံ ဒေသခံတစ်ယောက်ကတော့ သီတင်းကျွတ်ကာလကြောင့် ဧည့်သည်တွေ ပြန်ဝင်လာတာ ရှိပေမဲ့ အများစုက ခရီးသွားကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့သာ လာကြတာဖြစ်ပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတဲ့ ခရီးသွားတွေကတော့ နည်းနေသေးတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
"စစ်ဆေးရေးဂိတ်တွေမှာ ဘုရားဖူးကားဆိုရင် သိပ်မစစ်ဘူး။ လူဖမ်းဆီးတဲ့ သတင်းတွေလည်း ထွက်တဲ့အတွက် ကိုယ့်ဘာသာ မလာရဲကြတဲ့သူတွေလည်း ရှိတယ်" လို့ သူက ဆိုပါတယ်။
ပုပ္ပားဘက်ကို သွားတဲ့ လမ်းပိုင်းတချို့မှာ စစ်တပ် စစ်ဆေးရေးဂိတ်တွေ များလာတာကြောင့် ဒေသခံတွေဟာ ကျောက်ပန်းတောင်းဘက်ကနေ ပတ်ပြီး သွားလာတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ပုဂံဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သလို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ဗိုလ်ကတော်တွေ ဝင်ရောက်မစွက်ဖက်ဖို့ တပ်ချုပ်သတိပေး
တပ်ထဲလိုက်နေတဲ့ အရာရှိဇနီးတွေဟာ ခင်ပွန်းသည်ရဲ့အလုပ်ကို ကူညီပေးဖို့ဖြစ်ပြီး ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ မနေ့က ပြောပါတယ်။
အရာရှိကတော်တွေဟာ ခင်ပွန်းအရှိန်အဝါကို သုံးတတ်ကြတာဟာ တပ်မှာအမြစ်တွယ်နေပြီဖြစ်ပေမဲ့ အရင်တပ်ချုပ်တွေတုန်းက အခုလိုလူသိရှင်ကြားထုတ်မပြောခဲ့ကြဘူး လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။
အရင်တပ်ချုပ် လက်ထက်မှာ တပ်မှူးဇနီးတွေရဲ့ ပါဝင်ပက်သက်မှုက အတော်များလာတယ် လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
" ကတော်တွေအပြင်ထွက်ချင်ရင် အထက်အရာရှိကတော်ကို သတင်းပို့ရတယ်။ စစ်ရုံးကနေအောက်ကတပ်တွေအထိ အဲဒီလိုပုံစံရှိတယ်" လို့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။
တပ်ရင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီ(စည်းထိန်း) ဆိုတဲ့ ခေါင်းစဉ်ကနေ တပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ တပ်တွင်းနေရာတာဝန်ပေးတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ကြတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
အသက်ကြီးတာ ငယ်တာ အဓိကမဟုတ်ဘဲ တပ်မှူးနဲ့ တပ်မှူးဇနီးက တပ်ရဲ့အမိအဖဖြစ်လို့ တပ်ထဲလိုက်နေဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။
အမျိုးသမီးစစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီးလည်းပြောခဲ့ပြီး အမျိုးသမီးစစ်မှုထမ်းတွေဟာ တပ်မတော်ရဲ့အဓိက အင်အားလို့ပြောပါတယ်။
တစ်ဖက်ကလည်း ရုံး/ ဌာနတွေက အမျိုးသမီးအရာရှိတွေနဲ့ အရပ်ဘက်တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ အမျိုးသမီးအရာရှိတွေ Social Media Network တွေမှာ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ်ဖို့လိုတယ်လို့ သူကပြောပါတယ်။
တပ်မှာ သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနဲ့ မူးယစ်ဆေးဝါးမှုတွေက လုံးဝခွင့်လွှတ်လို့မရတဲ့အမှုတွေဖြစ်လို့ ထိရောက်စွာအရေးယူသွားမယ်လို့ တပ်ချုပ်ကပြောပါတယ်။
ဒုတိယတပ်မှူးတွေဟာ တပ်မှူးတွေရဲ့မူဝါဒကို အကောင်အထည်ဖော်ဖို့နဲ့ တပ်မှူးတွေအတွက် အထောက်အပံ့ကောင်းပေးနိုင်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်က အရာရှိတွေကို တွေ့ဆုံတဲ့ပွဲမှာ "နေရာတစ်နေရာတည်းမှာ အမြဲတမ်းတာဝန်ထမ်းဆောင်ရမယ်လို့ မှတ်ယူထားလို့မရဘဲ စေလွှတ်တဲ့နေရာကိုသွားဖို့ အမြဲအသင့်ဖြစ်နေဖို့လိုတယ် လို့ တပ်ချုပ်က ပြောပါတယ်။
ကယား(ကရင်နီ) နဲ့ ရခိုင်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ အရပ်သား ၃ ဦးဒဏ်ရာရ
ကယား(ကရင်နီ)ပြည်နယ်ထဲက ဖရူဆိုမြို့နယ် နဲ့ ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်းကြား နေရာတွေကို မြန်မာစစ်တပ်က ဒီနေ့ လေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ ဒေသအခြေအနေ သိရှိသူတချို့က ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတစ်ခုက နာရေးအိမ်မှာ လူစုလူဝေး ရှိနေတဲ့အချိန် နေ့လယ်ပိုင်းက လေကြောင်းဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"နာရေးရှိတဲ့ အိမ်နားကို ဗုံးကျတာ။ အဖေ့နာရေးမှာ သမီးက ဒဏ်ရာရတာ၊ တော်တော် ပြင်းထန်တယ်"လို့ သူက ပြောပါတယ်။
တရက်တည်းမှာပဲ ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ်ထဲက ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်နဲ့ ရေကျော်ရွာ ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၂၆ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ရခိုင် စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
နေ့လယ်ပိုင်းမှာလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားကို ဗုံးထပ်ကြဲသွားတယ်လို့လည်း သိရပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အလုပ်သမားတစ်ထောင်ကျော်ရှိတဲ့ ရွှေပြည်သာက တရုတ်အထည်ချုပ်စက်ရုံ ပိတ်မယ်
အလုပ်သမား တစ်ထောင်ကျော်ရှိတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)ထဲက တရုတ်နိုင်ငံသားပိုင် Sunrise (Myanmar) Fashion Co., Ltd အထည်ချုပ်စက်ရုံက ပိတ်သိမ်းတော့မယ့်အကြောင်း အလုပ်သမားတွေကို အသိပေးလာတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူက ပြောပါတယ်။
စက်ရုံပိတ်သိမ်းမယ့်အကြောင်းနဲ့ စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ အသိပေးကာလ သတ်မှတ်ထားတဲ့အကြောင်း အလုပ်သမားတွေကို စက်ရုံဘက်က အသိပေးခဲ့တာလို့ သိရပါတယ်။
အဲဒီအသိပေးချက်ကို သိရှိကြောင်း လက်မှတ်ထိုးပေးဖို့လည်း အလုပ်သမားတွေကို ပြောထားတယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံမှာ ၆ လမပြည့်သေးသူ ၅၀၀ ကျော် ရှိပြီး နစ်နာကြေး ခံစားခွင့်ပေးဖို့ လိုလားနေကြတယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
စက်ရုံဘက်က အသိပေးကာလ သတ်မှတ်ထားပြီးနောက် စည်းကမ်းချက်တွေကို ပိုမိုတင်းကျပ်လာပြီး အလုပ်မရှိချိန် ဖုန်းကြည့်တာ၊ သွားလာတာ၊ မုန့်စားတာ၊ ကွမ်းစားတာတွေကို တွေ့ရှိရင် သတိပေးစာပေးမယ်လို့ ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
Sunrise (Myanmar) Fashion Co., Ltd ဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အရင်ကလည်း သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ အခြေခံလုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲက ၃၀၀ နီးပါး အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်။
ဒါ့အပြင် နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်အပ်တာ၊ အချိန်ပိုအလုပ်ဆင်းခိုင်းတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။
စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်းမှာရှိပြီး BURTLE၊ ZEROSTAGE နဲ့ AIRRICH FWANNEL စတဲ့ အမှတ်တံဆိပ်တွေအတွက် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်ရုံပိတ်သိမ်းမယ့်ကိစ္စနဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအပေါ် Sunrise (Myanmar) Fashion Co., Ltd ဘက်ကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ထန်းတပင်မြို့နယ်ထဲက အလုပ်သမား ၃,၀၀၀ ကျော်ရှိတဲ့ တရုတ်ပိုင် ထိန်ဟွေ့သိုးမွေးစက်ရုံကလည်း အခု စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။
မြန်မာမူးယစ်တရားခံပြေးကို ဗီယက်နမ်ဖမ်းပြီး ပြန်လွှဲပေး
ဗီယက်နမ်နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ မြန်မာမူးယစ်တရားခံပြေး ဦးဝေထွန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲပေးခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက (CCDAC Myanmar)က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
သူဟာ ကျပ် ၂၀ ဘီလျံကျော်တန်ဖိုးရှိတဲ့ အိုက်စ် ၈၁၀ ကီလိုကို ပင်လယ်ရေကြောင်းအသုံးပြုပြီး နိုင်ငံဖြတ်ကျော် သယ်ဆောင်ရောင်းဝယ်မှုနဲ့ ဆက်နွှယ်တယ်လို့ မြန်မာအာဏာပိုင်တွေက စွပ်စွဲထားတဲ့ အလိုရှိတရားခံ ဖြစ်တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်အရ ဇူလိုင် ၆ ရက်က လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာအနီးမှာ အိုက်စ် ၅၀၀ ကီလိုနဲ့ လူ ၂ ဦးကို ဖမ်းမိခဲ့တာကနေ စစ်ဆေးဖော်ထုတ်ချက်အရ ဒလမြို့ ရန်ကုန်မြစ်ကမ်းဘေးရှိ မိဘမေတ္တာစက်လှေပေါ်ကနေ အိုက်စ် ၃၁၀ ကီလိုနဲ့ လူ ၁၀ ဦးကို ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ အမှုနှစ်ခုရဲ့ အဓိကတရားခံလို့ သတ်မှတ်ခံထားရတဲ့ ဦးဝေထွန်းဟာ ဇွန် ၂၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇူလိုင် ၈ ရက်မှာ မလေးရှားနိုင်ငံရှိ Ferry Port ဆိပ်ကမ်းကနေ ထပ်ထွက်ခွာသွားတာကို သိရှိခဲ့တာကြောင့် မြန်မာရဲတပ်ဖွဲ့က မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁ ရက်မှာ ဟိုချီမင်းမြို့ မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိပြီးနောက် စက်တင်ဘာ ၂၄ ရက် ညပိုင်းမှာ ဟနွိုင်းမြို့၊ နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
NUG အထူးတိုင်းစစ်ဌာနကို အတွင်းသတင်းပေးတွေအကူအညီနဲ့ တိုက်ခဲ့တာလို့ စစ်တပ် ထုတ်ပြန်
စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာလို့ NUG တုံ့ပြန်
ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ NUG ရဲ့ အထူးတိုင်းစစ်ဌာန နေရာကို
အတွင်း သတင်းပေးတွေရဲ့ အကူအညီနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဒေသခံပြည်သူတချို့နဲ့ အဖွဲ့အတွင်းကတချို့ သတင်းပေးပို့ခဲ့ပြီး အဲဒီသတင်းတွေကို စိစစ်ပြီးနောက် ဝေဟင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း CDM တပ်ကြပ်ကြီး နေဝင်းအောင်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး CDM ဗိုလ်မှူး တင်လင်းအောင် နဲ့ NUG ဘက်က တာဝန်ရှိသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကတော့ စစ်တပ်ရဲ့ အတွင်းသတင်းပေးဆိုတဲ့ ပြောဆိုချက်ကို လက်မခံဘဲ အခုလို တုံ့ပြန်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေကို ဘယ်နေရာဖြစ်ဖြစ် လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုတွေ အမြဲလုပ်နေတာပါပဲ။ တော်လှန်ရေးတပ်တွေ ဘယ်နေရာတွေကို စိုးမိုးထားတယ်ဆိုတာကို သိဖို့ ဘာသတင်းပေးမှ မလိုပါဘူး။ လေကြောင်းလက်နက်ကြီး တိုက်ခိုက်မှုတွေနဲ့ အတူ စိတ်ဓာတ်စစ်ဆင်ရေးကိုပါ တွဲလုပ်တဲ့ သဘောလို့ပဲ သုံးသပ်ချင်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
အထူးတိုင်းစစ်ဌာန လေကြောင်းဗုံးကြဲခံရတာဟာ ဆက်သွယ်ရေးစက်ကနေ သတင်းပေါက်ကြားတာကြောင့်လို့ တော်လှန်ရေးထောက်ခံသူတချို့ရဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။
ဒါ့ကြောင့် သတင်းကျိုးပေါက်မှု ရှိ/မရှိ စစ်ဆေးနေလားလို့ ဦးနေဘုန်းလတ်ကို မေးမြန်းတဲ့အခါ လတ်တလောမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေလို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံက လေဖိအားနည်းရပ်ဝန်းတိမ်တွေ ရွေ့လာနိုင်ပြီး မြန်မာဘက်မှာမိုးကြီးနိုင်
ထိုင်းနိုင်ငံပေါ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက တိမ်တိုက်တွေဟာ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၁ ရက်အတွင်း မြန်မာနိုင်ငံဘက်ကို ရွေ့လာနိုင်တယ်လို့ ထိုင်းနဲ့ မြန်မာ မိုးလေဝသဌာနနှစ်ခုလုံးက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံက ရွှေ့လာတဲ့ လေဖိအားနည်းရပ်ဝန်းတိမ်တွေအပြင် မြန်မာနိုင်ငံရဲ့ မိုးရွာသွန်းမှုကို သက်ရောက်စေတဲ့ ကပ္ပလီပင်လယ်ပြင်ထဲမှာ လေထုမငြိမ်မသက်ဖြစ်နေတာ၊ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့်လည်း မြန်မာနိုင်ငံအတွင်း မိုးကြီးနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လေဖိအားနည်းတိမ်တွေရွေ့ပြီး မြန်မာနိုင်ငံဘက် ရောက်လာချိန်မှာတော့ ထိုင်းနိုင်ငံမှာ မိုးကြီးတာတွေ တဖြည်းဖြည်း အားလျော့သွားမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံဘက်မှာတော့ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်မိုးကြီးမယ်လို့ နေပြည်တော် မိုးဇလက သတိပေးထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာ စက်တင်ဘာ ၂၆ ရက်ကနေ စက်တင်ဘာ ၃၀ အတွင်း နေရာအနှံ့မိုးရွာနိုင်သလို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်တွေမှာတော့ နေရာကွက်ပြီးမိုးကြီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပင်လယ်ပြင်အခြေအနေမှာလည်း ရာသီဥတု မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့ သတိထားသွားလာကြဖို့ အသိပေးထားပါတယ်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကြီးနေတဲ့ ထိုင်းနိုင်ငံမှာ ဘန်ကောက်အပါအဝင် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်အထိ မိုးကြီးနိုင်တယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားတာပါ။
ဘန်ကောက်မြို့အနှံ့မှာ စက်တင်ဘာ ၂၅ ရက်က မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် လမ်းတွေမှာ ရေဝပ်ရေတင်ဖြစ်ခဲ့ပြီး သွားလာရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ ဘန်ကောက်ရောက် မြန်မာတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာလည်း မြန်မာအများစုနေထိုင်တဲ့ ဘန်ကောက်မြို့ ဘန်ဂပိလမ်းဆုံနဲ့ အနီးဝန်းကျင်လမ်းတွေမှာ ရေမြင့်တက်နေတဲ့အတွက် ကားငယ်တွေ မဖြတ်သန်းဖို့နဲ့ လမ်းကြောင်းပြောင်းသွားလာဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။
တချို့နေရာတွေမှာ တူးမြောင်းရေ မြင့်တက်လာတာကြောင့် လူနေအိမ်တွေထဲအထိ ရေဝင်ရောက်တဲ့ ရုပ်သံတွေကိုလည်း လူမှုကွန်ရက်မှာတွေ့ရပါတယ်။
ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) ကလည်း စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းမှာ လက်ကိုင်ဖုန်းတွေကို ရေကြီးမှု သတိပေးချက် စာတိုတွေပေးပို့ထားပါတယ်။
ဘန်ကောက်မှာ တူးမြောင်းရေတွေ စိုးရိမ်ရတဲ့အဆင့်အထိ တက်လာပြီး ရေထပ်မြင့်လာနိုင်တာကြောင့် တူးမြောင်းဘေး မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိထားကြဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားတာပါ။
ပစ္စည်းတွေကို အမြင့်ကို ရွှေ့ထားဖို့နဲ့ သွားလာတဲ့အခါ လမ်းအခြေအနေကို စစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။