မလေးရှားမှာ တရားမဝင် မြန်မာတွေကိုပြစ်ဒဏ်တိုးမြှင့်ချမှတ်

စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လဝက

ဓာတ်ပုံ ပုံစာ, စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာလည်း တရားမဝင် နေထိုင်သူ နိုင်ငံခြားသားတွေကို ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ပိုမိုချမှတ်လာပါတယ်။

ထိုင်းမှာလည်း ဥပဒေချိုးဖောက်တဲ့နိုင်ငံခြားသားတွေကို အပြည့်အဝအရေးယူဖို့ ဝန်ကြီးချုပ်ကအမိန့်ပေးထားပါတယ်။

ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံသား အများအပြား ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီးနိုင်ငံခြားသားတွေအပေါ် အရေးယူမှုတွေ တင်းကျပ်လာတာဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအကြား ဖမ်းဆီးခံရမှု၊ နေရပ်ပြန်ပို့ခံရမှုနဲ့ အလုပ်အကိုင် ထိခိုက်လာနိုင်မယ့် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ဖမ်းမိရင် ထောင်၊ ဒဏ်ငွေ၊ ကြိမ်ဒဏ် ပေးတဲ့ မလေးရှား

စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လဝက

ဓာတ်ပုံ ပုံစာ, စက်တင်ဘာအတွင်း မလေးရှားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ

"စစ်ဆေးရေးအဖွဲ့ ဆိုင်ထဲဝင်လာတော့ ဆိုင်နောက်က အမှိုက်ပုံကိုဖြတ်ပြီး ပြေးဖို့လုပ်တာ၊ အမှိုက်ပုံနားက လမ်းကြားမှာလည်း ရဲနှစ်ယောက်က ရှိနေတယ်။ ဆိုင်ထဲလည်း ပြန်ဝင်လို့မရဘူး၊ ကြောက်လွန်းလို့ လက်တွေလည်း ချွေးစေးတွေပြန်နေတာ" လို့ မလေးရှားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကမှ ရောက်နေတဲ့ မမိုးမိုးအေးက ပြောပါတယ်။

အဲဒီနေ့က မလေးရှား လှည့်ကင်းရဲနှစ်ယောက်ရှေ့ကနေ ပုံမှန်အတိုင်း လမ်းလျှောက်သလို ဖြတ်သွားပြီး လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၅ ကြိမ်ထက်မနည်း ထွက်ပြေးခဲ့ရပြန်ပါတယ်။

တရားမဝင်အထောက်အထားမဲ့တစ်ယောက်အတွက် လစာခံစားခွင့်နဲ့ အတွေ့အကြုံကောင်းတဲ့ စားသောက်ဆိုင်ဖြစ်ပေမဲ့ အဖမ်းအဆီးဆက်တိုက်ရှိနေတာကြောင့် အလုပ်အကိုင်ကောင်းကို လက်လွှတ်ခဲ့ရတယ်လို့ မမိုးမိုးအေးက ပြောပါတယ်။

နောက်ထပ်ပြောင်းတဲ့အလုပ်တွေမှာလည်း ဒီလိုအခြေအနေတွေ ထပ်ကြုံရတာကြောင့် အလုပ်ပြောင်းရတာလည်း တစ်နှစ်တည်းမှာတင် ၃ နေရာရှိနေပါပြီ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆိုင်အတွင်း ဝင်စစ်တာ၊ လမ်းသွားလမ်းလာရင်း စစ်တာသာမက အခု လပိုင်းမှာဆိုရင် MRT ရထားလိုမျိုး အများပြည်သူသုံး ယာဉ်တွေမှာပါ စစ်ဆေးတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ မလေးရောက် မြန်မာအလုပ်သမားတချို့ဆီကနေ သိရပါတယ်။

"ဘယ်လောက်အထိ စစ်လဲဆိုရင်လေ၊ နိုင်ငံခြားသားနဲ့ဆင်တဲ့ ကျွန်မသူငယ်ချင်း မလေးနိုင်ငံသားပါ အစစ်ခံရတာ၊ သူ့မှတ်ပုံတင် အထောက်အထားတွေပါ ပြရတာ"လို့ မလေးရှားနိုင်ငံက လက်ရှိ အခြေအနေတွေကို မမိုးမိုးအေးက ပြောပြပါတယ်။

မလေးရှားမှာ စက်တင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်က ဖမ်းဆီးမှုအတွင်း တရားမဝင် မြန်မာနိုင်ငံသား ၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် လမ်းကြောင်းကနေ မြန်မာနိုင်ငံသားတွေ ဝင်ရောက်တာတွေလည်း ပိုများလာသလို ဖမ်းဆီးမှုတွေကလည်း ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ မြင့်တက်လာတယ်လို့ မလေးရှား-မြန်မာ လူမှုရေးအသင်း (MMA) တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မလေးရှား-မြန်မာ လူမှုရေးအသင်း(MMA) ဟာ မလေးရှားရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အတွေ့အကြုံ ၁၀ နှစ်ကျော်ကြာရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃ အရ တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်သူတွေ၊ သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်သူတွေ၊ နေထိုင်ခွင့် စည်းကမ်းချက်တွေကို ချိုးဖောက်သူတွေကို ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်အထိ ချမှတ်နိုင်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ကြေညာထားတာပါ။

တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးမှုမှာ ပါဝင်တဲ့ မလေးရှား တာဝန်ရှိသူတွေ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လဝက

ဓာတ်ပုံ ပုံစာ, တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးမှုမှာ ပါဝင်တဲ့ မလေးရှား တာဝန်ရှိသူတွေ

မလေးရှားတရားရုံးရဲ့ ကြိမ်ဒဏ် ကို အထင်ရှားဆုံး ဝေဖန်ထားတဲ့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မလေးရှားမှာ နှစ်စဉ် လူထောင်ချီ ကြိမ်ဒဏ်ခံနေရပြီး ဒီပြစ်ဒဏ်ဟာ ညှဉ်းပန်းနှိပ်စက်မှု နဲ့ လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ဆက်ဆံမှု အမျိုးအစားဖြစ်တယ်လို့ ဝေဖန်ထားပေမဲ့ မလေးရှား တရားစီရင်ရေးမှာ ဆက်သုံးနေတာပါ။

လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေ အများအပြား ပါဝင်နေပါတယ်။

အများစုက အထောက်အထား မပြည့်စုံတာ၊ ဗီဇာသက်တမ်း ကျော်လွန်တာ ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရတာတွေ ဖြစ်တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေ ရင်ဆိုင်ရတဲ့ ပြစ်ဒဏ်တွေကလည်း အရင်နှစ်တွေနဲ့ ယှဉ်ရင် ပိုမိုကြီးမားလာတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

ပီနန် ပြည်နယ်၊ ဂျာဝီးတရားရုံးရဲ့ စက်တင်ဘာ ၁၇ ရက် အမိန့်ချမှတ်မှုမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံထားရသူတွေကို အရင်ကထက်ပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အမျိုးသမီးတွေကို ဒဏ်ငွေ ရင်းဂစ် ၁၀,၀၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်)ချမှတ်ခဲ့ပြီး မပေးနိုင်ရင် ထောင်ဒဏ် ၈ လ၊ အမျိုးသားတွေကိုတော့ ဒဏ်ငွေ မပေးနိုင်ရင် ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၂ ချက် ချမှတ်ခဲ့တယ်လို့ မလေးရှား-မြန်မာ လူမှုရေးအသင်း (MMA) တာဝန်ရှိသူက ပြောပါတယ်။

အရင်ကဆိုရင် ထောင်ဒဏ် ၂ လ၊ ဒဏ်ကြေး ၆၀၀၀ ဝန်းကျင်သာ ရှိခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီလောက်ကစပြီး ပြစ်ဒဏ်တွေ မြင့်လာတာလို့လည်း သူက ပြောပါတယ်။

လက်ရှိ မလေးရှားနိုင်ငံက ပြည်နယ် ၁၁ ခုက အကျဉ်းထောင်တွေတိုင်းမှာ မြန်မာနိုင်ငံသားတွေ ရှိနေပြီး လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မလေးရှားအစိုးရက ထုတ်ပြန်ထားတာ မရှိဘူးလို့ MMA တာဝန်ရှိသူက ပြောပါတယ်။

"တနိုင်ငံလုံးအတိုင်းအတာနဲ့ တခါဖမ်းရင် နိုင်ငံခြားသားတွေ ထောင်ချီမိတယ်၊ အဲဒီထဲမှာ မြန်မာက ရာချီပါနေကျဆိုတော့ ပြည်နယ် ၁၁ ခုဆိုရင် ထောင်ဂဏန်းကတော့ အသာလေးရှိတယ်"လို့ သူက ခန့်မှန်းပါတယ်။

ဖမ်းဆီးခံရသူတွေ လက်ရှိဒဏ်ကြေးဆောင်ရတဲ့ ပမာဏဟာ မလေးရှားအစိုးရသတ်မှတ်ထားတဲ့ အခြေခံလစာ ရင်းဂစ် ၁,၆၀၀ ကနေ ၁၈,၀၀ ဝန်းကျင်သာရတဲ့ မြန်မာအလုပ်သမားတွေအတွက် ပေးဆောင်ဖို့မလွယ်တဲ့ အတိုင်းအတာဖြစ်တယ်လို့ မမိုးမိုးအေးက ပြောပါတယ်။

MMA တာဝန်ရှိသူကတော့ နိုင်ငံခြားသားအလုပ်သမားတွေ များလာတာနဲ့အမျှ စီးပွားရေးကျဆင်းမှုနဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကို နိုင်ငံခြားသားတွေနဲ့ ချိတ်ဆက်မြင်လာသူ ပိုများလာတယ်လို့ သုံးသပ်ပါတယ်။

"မလေးနိုင်ငံသားတွေက နိုင်ငံခြားသားတွေကြောင့် သူတို့အလုပ်ရှားပါတယ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်တဲ့နေရာ၊ နေထိုင်တဲ့နေရာတွေကို သတင်းပေးပြီး ဖမ်းခိုင်းတာ ပိုများလာတယ်"လို့ MMA တာဝန်ရှိသူက ပြောပြပါတယ်။

နိုင်ငံခြားသားတွေအပေါ် မလေးရှားရဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေ ပိုပြင်းထန်လာချိန်မှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေအတွက် စိုးရိမ်မှုတွေဟာ အချိန်နဲ့အမျှ ဖြစ်နေတာပါ။

"အလုပ်၊ အိမ်၊ လမ်းသွားရင်းရော၊ ဘယ်နေရာမှာမှ မလုံခြုံဘူး" ဆိုတဲ့ မမိုးမိုးအေးရဲ့ စကားကတော့ အခု မလေးရှားရောက် မြန်မာအလုပ်သမားတချို့ရဲ့ စိုးရိမ်မှုကို ထင်ဟပ်ပြနေတဲ့ စကားတစ်ခွန်း ဖြစ်နေပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် တင်းကျပ်လာတဲ့ ထိုင်း

မဲဆောက်မှာ ဇူလိုင်တုန်းက ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, တက်ခ်ခရိုင် လဝက

ဓာတ်ပုံ ပုံစာ, မဲဆောက်မှာ ဇူလိုင်တုန်းက ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် စစ်ဆေးအရေးယူမှုတွေ တင်းကျပ်လာတာဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကိုသာ ပစ်မှတ်ထားတဲ့ အဆင့်ကို ကျော်လွန်လာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် Happio ရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံသား ၄ သန်းကျော် နေထိုင်နေတယ်လို့ ဖော်ပြထားပါတယ်။

အရင်က "တရားမဝင် အလုပ်သမား" ဆိုတဲ့ အမျိုးအစားအောက်မှာ အလုပ်လုပ်ခွင့်လက်မှတ် (work permit) မရှိသူတွေ၊ အထောက်အထားမရှိသူတွေ ဒါမှမဟုတ် နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူတွေကို အဓိက အရေးယူလေ့ရှိခဲ့ပေမဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်ဆေးမှုတွေရဲ့ အာရုံစိုက်မှုက ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ "အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်သူတွေ" သာမက "ခွင့်ပြုထားတဲ့ အလုပ်အကိုင်နဲ့ မကိုက်ညီတဲ့ အလုပ်ကို လုပ်နေသူတွေ" ကိုပါ အရေးယူမယ်လို့ တိတိကျကျ ဖော်ပြလာပါတယ်။

"အထောက်အထားမရှိတုန်းကလည်း အဖမ်းခံထိပြီး မိတ်ဆွေတွေက ဒဏ်ကြေးဆောင်ပေးလို့ လွတ်လာတယ်၊ အခု ပန်းရောင်ကတ်လုပ်ထားပါရဲ့ အလုပ်ရှင်နာမည်ကို မနည်းမှတ်ထားရတယ်။ မပြောနိုင်ရင် အဖမ်းခံရမှာ"လို့ မဲဆောက်မှာရှိတဲ့ အသက် ၄၀ ကျော်အရွယ် မြန်မာအမျိုးသားတစ်ယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအထိ မြန်မာအလုပ်သမားတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြပါတယ်။

တစ်ဖက်မှာလည်း ထိုင်းအစိုးရက တရားမဝင် နေထိုင်မှု၊ တရားမဝင် အလုပ်လုပ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူမှုတွေ တိုးမြှင့်နေသလို နိုင်ငံခြားသားတွေကို ပြန်ပို့နိုင်တဲ့ စည်းမျဉ်းအသစ်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ ဒီတင်းကျပ်မှုတွေဟာ ယာယီစီမံချက်တစ်ခုထက် ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနောက်ခံတွေ ရှိနေတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်တွေထဲ လိုက်စစ်ဆေးတာကြောင့် ဖမ်းခံရတဲ့ တရားမဝင် အလုပ်သမားတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တက်ခ်ခရိုင် လဝက

ဓာတ်ပုံ ပုံစာ, လုပ်ငန်းခွင်တွေထဲ လိုက်စစ်ဆေးတာကြောင့် ဖမ်းခံရတဲ့ တရားမဝင် အလုပ်သမားတချို့ (ပုံဟောင်း)

သူ့အဆိုအရ ထိုင်းနိုင်ငံထဲ စီးပွားရေးအခက်အခဲတွေ၊ အမျိုးသားရေးဝါဒ မြင့်တက်လာတာတွေနဲ့ နိုင်ငံရေးအားပြိုင်မှုတွေကြားမှာ နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပိုမိုဖိအားပေးခံလာရတဲ့ အခြေအနေကို ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျတာရော၊ နိုင်ငံရေးအားပြိုင်မှုတွေကြားမှာ အမှီခိုမဲ့တဲ့၊ အားနည်းတဲ့ နိုင်ငံခြားသားတွေက ပိုပြီး ပစ်မှတ်ဖြစ်လာတယ်"လို့ ဦးမိုးကြိုးက ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ထိုင်းအစိုးရက နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ စစ်ဆေးအရေးယူမှုတွေ ပိုမိုတင်းကျပ်လာပြီး အလုပ်လုပ်ခွင့်စည်းမျဉ်းချိုးဖောက်တဲ့ အလုပ်သမားတွေအပေါ် ဒဏ်ငွေချမှတ်တာ၊ နေရပ်ပြန်ပို့တာနဲ့ အလုပ်လုပ်ခွင့် ပြန်လည်လျှောက်ထားခွင့် ကန့်သတ်တာတွေ ပြုလုပ်မယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ထိုင်းအလုပ်ရှင်တွေကိုပါ တင်းကျပ်လိုက်ပါတယ်။

စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေကို ခန့်ထားတာ ဒါမှမဟုတ် ခွင့်ပြုထားတဲ့ အလုပ်နဲ့မကိုက်ညီတာ လုပ်ခိုင်းရင်လည်း ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့် ပိတ်ပင်ခံရတဲ့အထိ အရေးယူခံရနိုင်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံဖြစ်တာကြောင့် အခုလို တရစ်ရစ် တင်းကျပ်လာတဲ့ စည်းမျဉ်းတွေဟာ မြန်မာ အလုပ်သမားတွေ အပေါ် တိုက်ရိုက် သက်ရောက်နေပါတယ်။

ဒါကြောင့် တရားမဝင် အလုပ်သမားတွေတင်မကဘဲ အလုပ်လုပ်ခွင့် ရှိပေမယ့် လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ ပါမစ်ပါ အချက်အလက် မကိုက်ညီတဲ့ အလုပ်သမားတွေကပါ ဖမ်းဆီးခံရမှာ၊ အလုပ်လက်လွတ်မှာနဲ့ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

ကြောက်ရွံ့မှုအောက်က မြန်မာအလုပ်သမားတွေ

စက်တင်ဘာ ၉ ရက်က ဖမ်းဆီးမှုတွေကြောင့် အိမ်သာထဲပုန်းနေတဲ့ နိုင်ငံခြားသား အလုပ်သမားတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လဝက

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၉ ရက်က ဖမ်းဆီးမှုတွေကြောင့် အိမ်သာထဲပုန်းနေတဲ့ နိုင်ငံခြားသား အလုပ်သမားတစ်ယောက်

မလေးရှားရော ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ ဖမ်းဆီးခံရတာအပြင် နှစ်နိုင်ငံလုံးရဲ့ ဥပဒေအရ နေရပ်ပြန်ပို့ခံရမှာ ဖြစ်တာကြောင့် အလုပ်ဆုံးရှုံးတာနဲ့ မိသားစုဝင်ငွေ ရပ်တန့်သွားမှာကို စိုးရိမ်နေကြရတာပါ။

မြန်မာနိုင်ငံတွင်း မတည်ငြိမ်သေးတဲ့ အခြေအနေတွေကြောင့် နေရပ်ပြန်ဖို့ အခက်အခဲရှိနေသူတွေအတွက်တော့ ထိုင်းနဲ့ မလေးရှားမှာ ဆက်နေဖို့ကလည်း မလုံခြုံ၊ ပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘဲ "ရှေ့တိုးလည်းချောက်၊ နောက်ဆုတ်လည်း ကျား" ဆိုတဲ့ စကားပုံအတိုင်း ကြောက်ရွံ့စိုးရိမ်မှုတွေကြားမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

မမိုးမိုးအေးကလည်း အလုပ်သွားအလုပ်ပြန် ငါးမိနစ်ခရီးလေး သွားရတာတောင် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

နားရက်တွေမှာအပြင်သွားတဲ့အခါ MRT စီးရင် စစ်ဆေးခံရမှာ စိုးရိမ်ရသလို Grab စီးရင်လည်း ယာဉ်မောင်းတချို့က မလေးရှားရဲလက်ထဲ အပ်တယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံစိတ်ချလို့မရဘူးလို့ သူက ဆိုပါတယ်။

ဝတ်စုံပြည့်ဝတ်ထားတဲ့ ရဲတွေကို တွေ့ရုံနဲ့ ကြောက်ရတာသာမက ရဲလို့ ထင်ရတဲ့ သူတွေကိုလည်း လန့်နေရပါတယ်။

သူငယ်ချင်းတွေစုထိုင်ပြီး စကားပြောနေတာမျိုး၊ အိမ်မှာ အနားယူနေတာမျိုးမှာတောင် စိတ်မလုံမခြုံ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ဖမ်းဆီးမှုတွေ၊ ဒဏ်ငွေတွေ၊ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ပိုမိုတင်းကျပ်လာနေတဲ့ အခြေအနေအောက်မှာ ထိုင်းနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားအများစုအတွက် ရွေးချယ်စရာက သိပ်မရှိပါဘူး။

နေရပ်ကို ပြန်ဖို့ မဖြစ်နိုင်သေးသလို လက်ရှိနေထိုင်ရာ နိုင်ငံတွေမှာလည်း မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် မိသားစုအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက် နေ့စဉ် စိုးရိမ်မှုတွေကို သယ်ပိုးရင်း ဆက်လက် ရုန်းကန်ကျော်ဖြတ်နေကြရဆဲ ဖြစ်ပါတယ်။

"ပြန်ဖို့ဆိုတော့လည်း လာခဲ့တဲ့ အရင်းအနှီးနဲ့ အကြွေးတွေ ရှိသေးတယ်။ ဒီတော့ ရုန်းကန်လို့ရသလောက် ကြိုးစားပြီး ဆက်လုပ်နေရတာပဲပေါ့" လို့ မမိုးမိုးအေးက ပြောပါတယ်။