ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၉ ရက် သတင်းများ အနှစ်ချုပ် - ခွင့်ပြန်အလုပ်သမားတွေ မိသားစုထံလွှဲပို့ငွေနဲ့ဝင်ငွေခွန် အထောက်အထားပြရမယ်
မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ မိသားစုဆီလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အထောက်အထားတွေပါတင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်ချန်နယ်က ကြေညာပါတယ်။
စက်တင်ဘာ ၁၉ ရက် ဒီနေ့ကစပြီး ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC)လျှောက်ရာမှာ ဒီစာရွက်စာတမ်းတွေကိုပါ ပူးတွဲတင်ပြရမယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ် ၂၈ ရက်ကစပြီး နိုင်ငံခြားထွက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့တရားဝင်ငွေလွှဲလမ်းကြောင်းအတိုင်း မိသားစုဆီလွှဲပို့ဖို့ အမိန့်ကြေညာစာထွက်ခဲ့တာဖြစ်လို့ အဲဒီကာလကစတင်တဲ့ အထောက်အထားတွေ ပြရမယ်လို့ ဆိုပါတယ်။
ခွင့်ပြန်လာတဲ့ အလုပ်သမားတွေဟာ OWIC ကတ်ထဲက အလုပ်ရှင်နဲ့မတူညီနေရင်လည်း အသစ်ကလည်း ပြန်လည်လျှောက်ထားနေရတာပါ။ ဒီလိုလျှောက်ထားရာမှာ ဝင်ငွေခွန် ပေးဆောင်ထားတဲ့စာရွက်စာတမ်းပါ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုလာတာဖြစ်ပါတယ်။
မိသားစုလွှဲပို့ငွေအတွက် MoU အလုပ်သမားတွေကို အလုပ်အကိုင်အေဂျင်စီတွေ ကတဆင့်တင်းကျပ်နေပေမဲ့ MoU မဟုတ်တဲ့အလုပ်သမားတွေကို တင်းကျပ်လို့မရ ဖြစ်နေတာပါ။
ဒါကြောင့်နိုင်ငံထဲ ပြန်လာချိန်မှာ ဒီလိုအထောက်အထားတွေတောင်းပြီးတင်းကျပ်လိုက်တာလို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုသတ်မှတ်ချက်မတိုင်ခင်ကလည်း ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ နိုင်ငံကိုပြန်မလာခင် သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးထောက်ခံစာယူဖို့လည်း လိုအပ်လာတာပါ။ လေဆိပ်က အလုပ်သမားဝန်ကြီးဌာနကောင်တာမှာ ခွင့်နဲ့ပြန်လာကြောင်း သတင်းပို့ထားမှသာ ပြန်ထွက်ခွင့်ပေးမယ်လို့လည်း ဒီနှစ်ဇန်နဝါရီလကတည်းက အလုပ်သမား ဝန်ကြီးဌာနက တင်းကျပ်ကန့်သတ်ထားပါတယ်။
ဂူဂဲရဲ့ Gemini AI က ကုမ္ပဏီသုံးခုကို ဖောက်ထွင်းဝင်ရောက်
ဂူဂဲနည်းပညာကုမ္ပဏီကြီးက ထုတ်လုပ်ထားတဲ့ Gemini AI မော်ဒယ်ဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာစွမ်းရည်စမ်းသပ်မှုတစ်ခုအတွင်း လူသားရဲ့ လမ်းညွှန်မှုမပါဘဲ ကုမ္ပဏီသုံးခုကို သူ့ဘာသူ ထိုးဖောက်ခဲ့တယ်လို့ ဂူဂဲက ပြောပါတယ်။
Gemini AI ဟာ ဒီလိုလုပ်ရပ်မျိုးကိုပထမဆုံးလုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။
The Wall Street Journal ရဲ့ စတင်ဖော်ပြချက်အရ ပြီးခဲ့တဲ့ မေလတုန်းက ဆိုက်ဘာလုံခြုံရေးတွေကို စစ်ဆေးပေးတဲ့ လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုရဲ့ စမ်းသပ်မှုအတွင်းမှာ ဖြစ်ခဲ့တာပါ။
"Gemini က အွန်လိုင်းပေါ်မှာရှိတဲ့ အချက်အလက်တွေကို ရှာတွေ့သွားပြီး အဲဒီဝက်ဘ်ဆိုက်တွေကိုပါ စမ်းသပ်မှုရဲ့တစ်စိတ်တစ်ပိုင်းလို့ ထင်သွားပြီး စကားဝှက်တွေကို ခန့်မှန်းဝင်ရောက်ခဲ့တာပါ" လို့ ဂူဂဲရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါပေမယ့် ထိုးဖောက်တိုက်ခိုက်ပြီးနောက်မှာ အေအိုင်မော်ဒယ်ဟာ ဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရပ်တန့်ခဲ့တယ်လို့ သူကဆိုပါတယ်။
လုံခြုံရေးကျိုးပေါက်မှုနဲ့ပတ်သက်လို့ တိုက်ခိုက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေကို အသိပေးပြီးပြီလို့ သိရပါတယ်။
အေအိုင်ဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်လို့ အများပြည်သူက စိုးရိမ်ကြောင်း ပြောဆိုမှုတွေ ပိုမိုများပြားလာချိန်မှာ အခုလို ထိုးဖောက်တိုက်ခိုက်မှုရှိလာခဲ့တာဖြစ်ပါတယ်။
နည်းပညာကုမ္ပဏီတချို့ကလည်း လူသားမျိုးနွယ်အပေါ် အန္တရာယ်ရှိနိုင်တာမို့ အေအိုင်ဖွံ့ဖြိုးရေးကို အရှိန်လျှော့ချဖို့ တိုက်တွန်းနေသလို ဒီလိုတိုက်တွန်းတာဟာ အဓိပ္ပါယ်မရှိဘူးလို့လည်း ကုမ္ပဏီတချို့ကပြောဆိုနေပြန်ပါတယ်။
"စွမ်းဆောင်ရည်မြင့်တဲ့ အေအိုင်မော်ဒယ်တွေကို တာဝန်သိသိ ပြုမူတတ်အောင် လေ့ကျင့်ပေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ဒီကိစ္စတွေက မီးမောင်းထိုးပြနေတယ်" လို့ ဂူဂဲက လုံခြုံရေးအင်ဂျင်နီယာဆိုင်ရာဒုတိယဥက္ကဋ္ဌ ဟီသာ အက်ကင်စ် ကပြောပါတယ်။
မကြာသေးမီကလည်း တခြားအေအိုင်စနစ်တွေက အလားတူချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သတင်းတွေဖော်ပြခဲ့ပြီးပါပြီ။
OpenAI က သူတို့ထုတ်လုပ်ထားတဲ့ အေအိုင်မော်ဒယ်တွေဟာ အများပြည်သူဆိုင်ရာလုပ်ငန်းတချို့ကို သူ့နည်းသူ့ဟန်နဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဇူလိုင်လကလည်း Anthropic ကုမ္ပဏီရဲ့ Claude ဟာ သူ့ရဲ့စမ်းသပ်မှုနယ်ပယ်ကနေ ထွက်ခွာပြီး အဖွဲ့အစည်းသုံးခုကို သူ့နည်းသူ့ဟန်နဲ့ ထိုးဖောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုနည်းပညာတွေ ထုတ်လုပ်မှုရဲ့ လုံခြုံမှုနဲ့သာမက ဒီနည်းပညာတွေနဲ့ပတ်သက်လို့ စည်းကြပ်မှုတွေအတွက်ပါ အများပြည်သူက ပြောဆိုနေကြပြီး ဆွေးနွေးမှုတွေက ပြင်းထန်လာခဲ့ပါပြီ။
Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟုန်နဲ့ OpenAI ရဲ့ အကြီးအကဲ ဆမ် အော့တ်မန်းတို့ဟာ လာမယ့်သောကြာနေ့မှာ တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်မယ့် အိမ်ဖြူတော်ညစာစားပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။
အော့တ်မန်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း လာမယ့်အပတ်မှာ အစီရင်ခံဖို့ရှိနေပါတယ်။
အေအိုင်ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ အမြန်ဆုံးသွားနိုင်သမျှ သွားကြရမယ်လို့ ဂျန်ဆင်ဟုန်က ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက် စီဘီအက်စ်သတင်းဌာနကို သောကြာနေ့က ပြောပါတယ်။
မြန်မာအလုပ်သမားအလောင်းကို ထိုင်းဘုန်းကြီးကျောင်းမှာ လာပစ်သူတွေ အဖမ်းခံရ
ဓားဒဏ်ရာတွေနဲ့ မြန်မာနိုင်ငံသားအလောင်းကို ရယောင်း ခရိုင်၊ နခွန်ပထနာနယ်ထဲက ဝက်မက်ခ ဘုန်းကြီးကျောင်းဝင်းမှာ ဒီမနက်စွန့်ပစ်ခဲ့တဲ့ တရုတ် ၂ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မနက် ၁ နာရီလောက်မှာ တရုတ်နိုင်ငံသား ၄ ဦးဝန်းကျင်က ကားနဲ့ ရောက်လာပြီး အလောင်းလို့ယူဆရတဲ့အရာကို ကျောင်းဝင်းထဲပစ်ဖို့လုပ်တယ် ဆိုတဲ့ တိုင်ချက်ကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပါတယ်။
ဖြစ်စဥ်ကတော့ ညအချိန်မတော်ကျောင်းဝင်းထဲကို ကားတစ်စီးဝင်ရောက်လာသံကို ကျောင်းထိုင်ဆရာတော်က ကြားပြီး တရုတ်တွေ အလောင်းပစ်ဖို့ လုပ်နေတာကို လှမ်းတွေ့လိုက်တာပါ။
အဲဒီနောက်မေးမြန်းဖို့သွားတဲ့ ဆရာတော်နဲ့ ရွာသားတချို့ရောက်လာတာကို တရုတ်တွေ တွေ့ပြီး အမှောင်ထဲ ထွက်ပြေးသွားတယ်လို့သတင်းမှာဖော်ပြပါတယ်။
ရဲတပ်ဖွဲ့က သတင်းရပြီး လိုက်လံဖမ်းဆီးချိန်မှာ တရုတ် ၂ ဦးကိုဖမ်းဆီးရမိထားပါတယ်။
သူတို့ထွက်ဆိုချက်အရ အလုပ်သမားတန်းလျားမှာ အလုပ်သမားချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပြီး သေဆုံးသူကို ဘယ်လိုဆက်လုပ်ရမှန်းမသိဖြစ်ကာ ဘုန်းကြီးကျောင်းကို လာပစ်ဖို့ လုပ်ခဲ့တာလို့ပြောကြောင်း သတင်းက ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့က အလုပ်သမားတန်းလျားကိုသွားချိန်မှာတော့ အလုပ်သမားတစ်ယောက်မှမရှိတော့ဘဲ တိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ ထိုင်းသတင်းကဆိုပါတယ်။
သက်တော်ရှည် ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ
ပြည်တွင်းသာမက ပြည်ပမှာပါ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ပျံလွန်တော်မူသွားပြီလို့ ချမ်းမြေ့ရိပ်သာ(ရန်ကုန်)က ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ ဂရန်းဟံသာဆေးရုံမှာ ပျံလွန်တော်မူတာဖြစ်ပြီး ပျံလွန်ချိန်မှာ သက်တော် ၉၉ (ဝါတော် ၇၉) နှစ်ရှိပြီ ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ ဈာပနကျင်းပမယ့် အချိန်ဇယားအသေးစိတ်ကိုတော့ ရိပ်သာက ထပ်မံကြေညာပေးသွားမှာပါ။ ဆရာတော်ကြီးဟာ သာသနာတော်ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပယောဂီတွေ တရားအားထုတ်နိုင်အောင် ချမ်းမြေ့ရိပ်သာကို မြန်မာသာမက ပြည်ပနိုင်ငံ အများအပြားမှာပါ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
တောင်တွင်းကြီးဇာတိဖြစ်တဲ့ ဆရာတော်ဟာ တောရဗိမာန်ကျောင်းတိုက်မှာ သက်တော် ၁၅ နှစ်ကတည်းက ရှင်သာမဏေအဖြစ် ခံယူခဲ့တယ်လို့ ဦးစောလှိုင်ပြုစုတဲ့ ၂၀၀၁ ခုနှစ်ထုတ် ချမ်းမြေ့ဆရာတော်ထေရုပ္ပတ္တိအကျဥ်းမှာ ဖော်ပြပါတယ်။
မဟာစည်ဆရာတော်ဘုရားကြီးထံမှာ ၁၉၅၃ ခုနှစ်ကတည်းက ဝိပဿနာတရားကို အားထုတ်ပြီး ပဋိပတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အမိန့်အရ နာယကဆရာတော်တစ်ပါး အဖြစ်နဲ့ ပရိယတ်၊ ပဋိပတ်လုပ်ငန်းတွေကို ကူညီခဲ့တယ်လို့ စာအုပ်မှာဖော်ပြပါတယ်။
၁၉၇၇ ခုနှစ်မှာ ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းမှုနဲ့ ချမ်းမြေ့ရိပ်သာကျောင်းကို ရွှေ့ပြောင်းသီတင်းသုံးရာကနေ ချမ်းမြေ့ရိပ်သာစတင်ခဲ့တာဖြစ်ပါတယ်။
တာချီလိတ်-မယ်ဆိုင်တံတား(၁)ကနေ မြန်မာဘက်ကို ကုန်သယ်ခွင့်တင်းကျပ်
ထိုင်းကနေ မြန်မာဘက်ကို သယ်ဆောင်မယ့်အသားငါးနဲ့ ဟင်းသီးဟင်းရွက်ကစလို့ ထိုင်းကုန်တွေ သယ်ယူခွင့်ကို မြန်မာဘက်က တင်းကျပ်လိုက်တယ်လို့ တာချီလိတ်မြို့ခံတချို့ဆီကနေ စုံစမ်းသိရှိရပါတယ်။
ချင်းရိုင်နဲ့ မယ်ဆိုင်အခြေစိုက်ထိုင်းသတင်းတွေမှာလည်း ဒီသတင်းကိုဖော်ပြနေပြီး အမိန့်တစုံတရာမထုတ်မချင်း ကန့်သတ်ထားမယ်လို့ သိရကြောင်းဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက်က တရားမဝင်အေးခဲအသားနဲ့ ဟင်းသီးဟင်းရွက် ၁၂ တန် ကျော်ကို တင်ဆောင်လာတဲ့ကားနဲ့ သုံးဘီးဆိုင်ကယ်တွေ မြန်မာဘက်မှာ ဖမ်းဆီးခံရမှုအပြီး တင်းကျပ်မှုတွေ လုပ်လိုက်တာလို့ မြို့ခံတွေကပြောပါတယ်။
"ခုက ကားတွေနဲ့အများကြီးသယ်ခွင့်ပိတ်လိုက်ပြီး တနိုင်တပိုင်အနည်းအကျဥ်းပဲ သယ်လို့ရမယ်ပေါ့" လို့ မယ်ဆိုင်ဘက်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စားသောက်ကုန်၊ လူသုံးကုန်နဲ့ အထွေထွေလိုအပ်ချက်တွေအတွက် ထိုင်းဘက်ကိုသာ အလုံးစုံမှီခိုနေရတဲ့ တာချီလိတ်မြို့အတွက် အခုလိုတင်းကျပ်မှုက မြို့ခံလူထုကိုသာ အခက်တွေ့စေပြီး တရားမဝင်သယ်ဆောင်တာ ကာကွယ်တားဆီးနိုင်ခြင်းမရှိဘူးလို့ တာချီလိတ်မြို့ခံတစ်ဦးကဘီဘီစီကို ပြောပါတယ်။
"ဒီနယ်မှာက ဘာမှမစိုက်ဘူး။ နံနံပင်ကအစ ထိုင်းက ဝယ်နေရတာလေ။ အခုပုံစံက ထိုင်းကုန်မသုံးရ၊ ထုတ်ကုန် ၂ ဆတိုးမြှင့်ကြဆိုတဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကို ခေတ်နောက်ပြန်ဆွဲသလိုဖြစ်နေတယ်။ ဒီလိုသယ်တာပိတ်ရင် မရရအောင်သယ်တဲ့ သူတွေပိုများလာမှာပဲ"လို့ သူကပြောပါတယ်။ ဒါအပြင် တာချီလိတ်မြို့ထဲမှာ တရားမဝင်တင်သွင်းလာတဲ့ ထိုင်းအရက်၊ ဘီယာအပါအဝင် နိုင်ငံခြားအရက်တွေ တင်ရောင်းတာမလုပ်ဖို့ အုပ်ချုပ်ရေးဘက်က သတိပေးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
သြဂုတ်လတုန်းက ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်မှာ မြဝတီ- မဲဆောက်၊ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်တွေဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးစီးဆင်းမှုအတွက် အဓိက အသက်သွေးကြောတွေလို့ဆိုပြီး တရားမဝင် ကုန်သွယ်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။
ဒါပေမဲ့ တရားဝင်ကုန်သွယ်ရေးအတွက် ထိုင်းဘက်ကနေ ကုန်ပစ္စည်းတင်သွင်းတာကို မြန်မာဘက်က သွင်းကုန်မူဝါဒနဲ့ ကန့် သက်ထားတာကြောင့် ကုန်းလမ်းကဝင်လာတဲ့ ပစ္စည်းအများအပြားဟာ တရားမဝင်ကုန်အဖြစ် ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ထိုင်းကုန်သည်တွေဘက်ကတော့ မြန်မာက သွင်းကုန်မူဝါဒနဲ့ နိုင်ငံခြားငွေထိန်းချုပ် တင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့ တိုက်တွန်းတာတွေလုပ်နေပါတယ်။
ကုန်သွယ်ယူခွင့် တင်းကျပ်တာနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
တပ်ပိုင်းဆိုင်ရာ ရာထူးတွေ အပြောင်းအလဲဖြစ်
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအပြောင်းအလဲဖြစ်ပြီးနောက်မှာ တပ်ထိပ်ပိုင်းရာထူးတွေ ဆက်တိုက်အပြောင်းအလဲဖြစ်နေပါတယ်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်(တစစချုပ်) နေရာကိုရောက်သွားပါတယ်။
လက်ရှိတစစချုပ် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက အရန်အင်အားကို အပို့ခံရပါတယ်။
သူက ၁၀၂၇ စစ်ဆင်ရေးမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုးကန့်တပ်တွေလက်ထဲကို ဆုံးရှုံးလိုက်ရတုန်းက တာဝန်ရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး လက်ရှိဒုချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ စစ်တက္ကသိုလ်အပတ်စဥ်တူပါတယ်။
စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး (ကကနက်) နေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်၀င်းမြတ် အရန်အင်အားရောက်သွားပါတယ်။
သူ့နေရာကို ဂျပန်စစ်သံမှူး ဗိုလ်မှူးချုပ်မျိုးမင်း ရောက်လာပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးနေရာကို ကိုရီးယားစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူ ရောက်လာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး ပြည်ထဲရေးဝန်ကြီးဖြစ်ပြီးနောက်မှာ တပ်ထိပ်ပိုင်းရာထူးတွေ ဆက်တိုက်အပြောင်းအလဲဖြစ်နေတာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ရွေးချယ်မှု ဦးသန်းရွှေရဲ့ လူဟောင်းတွေ ဦးဆောင်
ကြံ့ခိုင်ရေးပါတီညီလာခံကို ဒီနေ့ စတင်ကျင်းပနေပြီး ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုဗဟိုကော်မတီနဲ့ ကော်မရှင်ကိုဖွဲ့စည်းထားတယ်လို့ ပါတီသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကော်မရှင်ကို ပါတီဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ဦးလှထွန်းကဦးဆောင်မှာဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်နဲ့ သမ္မတဦးသိန်းစိန်လက်ထက်က အစိုးရအဖွဲ့ဝင်တွေ ပါဝင်နေတာတွေ့ရပါတယ်။
ဒီအငြိမ်းစားစစ်ဗိုလ်ချုပ်တွေက အငြိမ်းစားဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် စီနီယာကျသူတွေဖြစ်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်လှထွန်းက ဦးသန်းရွှေအစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့မှာ သမ္မတရုံးဝန်ကြီးဖြစ်ပါတယ်။
အဖွဲ့ဝင်တွေထဲမှာ ဦးသိန်းစိန်အစိုးရလက်ထက်က နောက်ထပ်သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းလည်းပါဝင်နေပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ နောက်ထပ်သမ္မတရုံးဝန်ကြီးဖြစ်တဲ့ ဦးတင်နိုင်သိန်းလည်း အဖွဲ့ထဲမှာပါနေပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်လည်းပါဝင်လာပြီး သူက လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းရဲ့အဖေဖြစ်ပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်တွေထဲမှာ ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ပါဝင်လာပြီး သူက စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ဟောင်းဖြစ်ပါတယ်။
မနေ့ကစတင်ကျင်းပနေတဲ့ ကြံ့ခိုင်ရေး ဗဟိုကော်မတီအစည်းအဝေးကို သူတို့တွေလာတက်ကြတာတွေ့ရပါတယ်။
ဦးသန်းရွှေလက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းကိုပါ ညီလာခံမှာ ပြန်တွေ့ရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့မှာ ပါတီခေါင်းဆောင်ပိုင်းတွေ တာဝန်ပြန်အပ်နှံရမှာဖြစ်ပြီး ရွေးချယ်တင်မြှောက်ရေးကော်မရှင်က ဗဟိုအလုပ်အမှုဆောင်လူစာရင်းအသစ်ကို တင်ပြစိစစ်ရွေးချယ်ပြီး ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတွေရွေးချယ်မှာဖြစ်ပါတယ်။
ရန်ကုန်မှာ ၁၆ နှစ်မိန်းကလေးကို သေနတ်အတုနဲ့ ငွေညှစ်၊ အဓမ္မပြုကျင့်သူကို ဖမ်းမိ
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို စက်တင်ဘာ ၁၆ ရက်ညပိုင်းက ငွေညှစ်၊ အဓမ္မပြုကျင်တဲ့ တရားခံ သီဟအောင်ကို နောက်တစ်ရက် မှာ ဖမ်းမိတယ်လို့ ဒီနေ့နိုင်ငံပိုင်သတင်းစာက ကြေညာပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးဟာ စက်တင်ဘာ ၁၆ ရက်ညပိုင်းမှာ သူငယ်ချင်းနဲ့အတူ ဟော့ပေါ့စားပြီးပြန်လာတဲ့လမ်းမှာ ဒီဖြစ်စဥ်ကြုံရတာပါ။
ဟော့ပေါ့ဆိုင်ကနေ လမ်းလျှောက်ပြန်လာတဲ့ မိန်းကလေး ၂ ဦးကို တရားခံက အသက်ဘယ်လောက်ရှိပြီလဲ၊ ဘယ်ကပြန်လာလဲလို့မေးပြီး အသက်မပြည့်သေးတဲ့အတွက် အိမ်ပြန် ပို့ပေးမယ်လို့ ယုံကြည်အောင်ပြောကာ ကားနဲ့ခေါ်ဆောင်ခဲ့တာလို့ မိန်းကလေးတွေ ဘက်က ထွက်ဆိုပါတယ်။
ဒါပေမဲ့ အိမ်ပြန်မပို့ပေးဘဲ ကားပတ်မောင်းနေပြီးမှ ပါလာတဲ့သေနတ်နဲ့ ဓားပြကာ ငွေ ၁၀ သိန်းတောင်းတယ်လို့ဆိုပါတယ်။
ငွေရမှ အိမ်ပြန်ပို့ပေးမယ်လို့ မိဘတွေဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့တာပါ။ ည ၁၁ နာရီဝန်းကျင်မှာတော့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးကို မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းမှာချထားခဲ့တယ်လို့ မိန်းကလေးတွေက ထွက်ဆိုပါတယ်။
ဒါပေမဲ့ ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ နှစ်ကြိမ်အဓမ္မပြုကျင့်ပြီး မနက် ၄ နာရီဝန်းကျင်မှာ အဲဒီလမ်းမှာ ထားခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၇ ရက်ညပိုင်းက တရားခံသီဟအောင်ကို ဖမ်းဆီးရမိချိန်မှာတော့ မိန်းကလေးတွေကို တင်ခေါ်ခဲ့တဲ့ကားနဲ့အတူ ခြိမ်းခြောက်ရာမှာသုံးခဲ့တဲ့ ကော် သေနတ်နဲ့ ဓားတို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။