အောက်တိုဘာ ၁၀ ရက် သတင်းအနှစ်ချုပ်- SCEF နဲ့ အေအေ အွန်လိုင်းကနေ ဒုတိယအကြိမ် ထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, Screen Grab,NUG
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့ အောက်တိုဘာ ၈ ရက်မှာ အွန်လိုင်းကနေ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့တယ်လို့ SCEF က အောက်တိုဘာ ၁၀ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ၊ SCEF ရဲ့ လက်ရှိလုပ်ငန်းစဉ်တွေနဲ့ တိုးတက်မှု၊ နိုင်ငံရေးမျှော်မှန်းချက်တွေအပြင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုကို နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး SCEF ဘက်က ဒေါက်တာဇော်ဝေစိုးနဲ့ အလှည့်ကျသဘာပတိ ခူဦးရယ်တို့ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ULA/AA ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ SCEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချသွားမယ်လို့ SCEF ဘက်က ပြောထားပါတယ်။
SCEF နဲ့ AA တို့ဟာ အခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပထမဆုံးအကြိမ် အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ လက်ရှိနိုင်ငံရေးအခြေအနေ၊ ရှေ့ဆက်လုပ်ဆောင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ SCEF ကထုတ်ပြန်ခဲ့ပါတယ်။
SCEF ဟာ ဖွဲ့စည်းပြီးနောက် ကောင်စီမှာ ပါဝင်ခြင်းမရှိသေးတဲ့ စစ်ရေးနဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ဟာ SCEF အဖွဲ့ဝင်တွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
၃ ပတ်အတွင်း ခွင့်ပြန်အလုပ်သမား ၃၀၀ ကျော် ပြည်ပပြန်ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, Getty
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြည်ပအလုပ်တွေကနေ မြန်မာကို ခွင့်ပြန်ကြသူတွေထဲက အလုပ်သမား ၃၀၀ ကျော်ဟာ OWIC နဲ့ ပြည်ပထွက်ခွာခွင့် လျှောက်ထားမှုမှာ မပြည့်စုံမှုဆိုတဲ့ အကြောင်းပြချက်ကြောင့် ပြန်ထွက်မရဖြစ်နေတယ်လို့ Safe Migration ရဲ့ အအချက်အလက်တွေအရ တွေ့ရှိရပါတယ်။
OWIC နဲ့ ပြည်ပထွက်ခွင့်လျှောက်ထားမှုအတွက် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပါ တင်ပြဖို့ ထပ်မံတင်းကျပ်လာတဲ့ လတ်တလော ၃ ပတ်အတွင်းမှာပြည်ပထွက်ဖို့ အခက်အခဲဖြစ်တဲ့အလုပ်သမား ၃၂၄ ဦးရှိလာတာဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်ချန်နယ်ကနေ သတ်မှတ်ထားတဲ့ တရားဝင်လမ်းကြောင်းကနေ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ၂၀၂၄ ခုနှစ်ကတည်းကလွှဲခဲ့တဲ့အထောက်အထား၊ ဝင်ငွေခွန်တို့ကို စက်တင်ဘာ ၁၈ ရက်ကစပြီး တင်ပြရမယ်လို့ ကြေညာထားပါတယ်။
စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၉ ရက်အထိ ကြေညာတဲ့စာရင်းထဲမှာ ခွင့်ပြန် အလုပ်သမားတွေရဲ့ တင်ပြလာတဲ့စာရွက်စာတမ်းမှာ လွှဲပို့ငွေအထောက်အထားဟာ လနဲ့ချီလိုနေတာ၊ ဝင်ငွေခွန်လိုနေတာ၊ အလုပ်ရှင်ခွင့်စာ၊ သံရုံးထောက်ခံစာစသဖြင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့များပြားလှတဲ့ အထောက်အထားတွေလိုနေတယ်လို့ အကြောင်းပြန်ထားတာတွေ့ရပါတယ်။
ဒီလိုအပ်ချက်တွေကို အချိန်ယူပြန်လည်တင်ပြရတာကြောင့် အလုပ်သမားတွေဘက်က ပြည်ပက အလုပ်တည်မြဲရေးအပေါ်မှာ စိန်ခေါ်မှုတွေ ရှိလာကြပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းဘဏ်ကနေ မိုဘိုင်းလ်ဘဏ်အက်ပလီကေးရှင်းသုံးခွင့်မပေးတာကြောင့် မြန်မာကဘဏ်နဲ့ချိတ်ဆက်ပြီးတရားဝင်လွှဲပို့ဖို့ အခက်အခဲရှိတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"မြန်မာငွေလွှဲသမားတွေနဲ့ပဲလွှဲတယ်လေ။ စက်ရုံအလုပ်နဲ့ ဘဏ်လည်းသွားမအားဘူး။ အပေါ်လမ်း(တရားဝင်)က အဲ့လိုခက်ရင်တော့ အောက်လမ်း(တရားမဝင်)ကပဲ ပြန်တော့မယ်" လို့ ငါးသေတ္တာစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ MoUအလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း လစဥ်ပြည်တွင်းကို ပြန်လွှဲဖို့အတွက် အေဂျင်စီတွေကတဆင့် တင်းကျပ်နေပြီး စာရင်းမပြနိုင်တဲ့ အေဂျင်စီတွေကို အရေးယူတာလည်းလုပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် အသစ်ထွက်ခွာမယ့်ကျွမ်းကျင်အလုပ်သမားတွေလည်း OWIC လျှောက်ထားရာမှာ စာရွက်စာတမ်း လိုအပ်တာကြောင့် ပြန်လည်တင်ပြဖို့တောင်းခံရသူတွေလည်းပါဝင်ပါတယ်။
နာမည်ကြီးထိုင်းအလှကုန် တံဆိပ်တွေကို အတုထုတ်တဲ့လုပ်ငန်းကို ထိုင်းရဲဝင်စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army Radio and Television
Vaseline အသားလှခရင်မ်၊ Clear ခေါင်းလျှော်ရည်နဲ့ Garnier အသားလှခရင်မ်အပါအဝင် မြန်မာမှာ လူသုံးများတဲ့ အလှကုန်ပစ္စည်းတွေကို အတုထုတ်လုပ် ရောင်းချတဲ့ ဂိုဒေါင်တချို့ကိုအောက်တိုဘာ ၉ ရက်က ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဂိုဒေါင်တွေဟာ ဘန်ကောက်မြို့အနီးစမွတ်ဆာခွန်ခရိုင်ထဲက နဒီခရိုင်ခွဲ၊ ဘန်ပလာလမ်းပေါ်က ဂိုဒေါင် ၂ လုံးဖြစ်တယ်လို့ဆိုပြီး ဝင်ရောက်စီးနင်းချိန်မှာ အလှကုန်အတုအများအပြားကို တွေ့ရတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
အဲဒီအလှကုန်အတုထုတ်လုပ်တာကို တရုတ်နိုင်ငံသားတစ်ဦးကလုပ်ကိုင်နေတာဖြစ်ပြီးအဲဒီတရုတ်အလုပ်ရှင်နဲ့အတူ မြန်မာ အလုပ်သမား ၃ ဦးပါ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာ ၃ ဦးနဲ့ နိုင်ငံအထောက်အထားမပြနိုင်သူ ၂ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။
ဒီအလှကုန်တွေကို ထိုင်းက အွန်လိုင်းစီးပွားရေးပလက်ဖောင်းတွေဖြစ်တဲ့ Lazada၊ Shopee နဲ့ TikTokကနေ 9.9 နဲ့ 10.10 လို လျှော့ဈေးနဲ့ အရောင်းမြှင့်တင်တဲ့ကာလမှာ ဈေးပေါပေါနဲ့ရောင်းချနေတာလို့ ဆိုပါတယ်။
ထိုင်းရဲဝင်ဖမ်းချိန်မှာလည်း ဒီပစ္စည်းတွေကို ဝယ်ယူသူတွေဆီ ပို့ဆောင်ဖို့ ထုပ်ပိုးနေခဲ့ကြတာပါ။
ဂိုဒေါင်အတွင်းဖမ်းမိတဲ့ ပိုင်ရှင်တရုတ်နိုင်ငံသားကိုပစ္စည်းအတုအပထုတ်လုပ်မှုနဲ့အရေးယူမှာဖြစ်ပြီး မြန်မာနိုင်ငံသားနဲ့ နိုင်ငံမဲ့တွေကိုတော့ တရားမဝင်အလုပ်လုပ်ကိုင်မှု၊ အလုပ်ရှင်အပြောင်းအလဲကို ၁၅ ရက်အတွင်း အကြောင်းကြားဖို့ပျက်ကွက်မှုတွေနဲ့ အရေးယူမယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဒီလိုအတုအပပြုလုပ်ထားတဲ့ အလှကုန်တွေမှာ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နိုင်တာကြောင့် ဝယ်ယူရာ မှာသတိပြုကြဖို့ ထိုင်းအာဏာပိုင်တွေဘက်က သတိပေးထားပါတယ်။
အိန္ဒိယ ဒေလီမှာ "ပိုးဟပ်ပါတီ" ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ ဖြိုခွင်း

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ခေါင်းဆောင်တွေနဲ့ အတိုက်အခံပါတီခေါင်းဆောင်ဟောင်း ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လူငယ်ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့နေပြီး လှုပ်ရှားမှုခေါင်းဆောင်တွေအပါအဝင် လူရာနဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ အဲဒီလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။
ဆန္ဒပြပွဲကျင်းပဖို့ စီစဉ်ထားတဲ့ Jantar Mantar နေရာအနီးကို ဆန္ဒပြသူအများအပြား မရောက်နိုင်ခဲ့ပေမဲ့ လူရာနဲ့ချီက ဒေလီမြို့လယ်ပိုင်းကို ရောက်ရှိဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။ ရဲတပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ဝင် အများအပြားကို မြို့အနှံ့ ချထားပြီး လမ်းတွေကိုလည်း အတားအဆီးတွေနဲ့ ပိတ်ဆို့ထားပါတယ်။
ဆန္ဒပြလှုပ်ရှားမှုကို စတင်ခဲ့သူ အဘီဂျစ် ဒီပ်ကေး (Abhijeet Dipke) အပါအဝင် လူရာနဲ့ချီကို အောက်တိုဘာ ၉ ရက် သောကြာနေ့ညကစပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အဲဒီလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။
ဒီလှုပ်ရှားမှုဟာ အိန္ဒိယတရားသူကြီးချုပ် ဆူရယာ ကန့် (Surya Kant) က အလုပ်လက်မဲ့လူငယ်တွေကို "ပိုးဟပ်" လို့ ခိုင်းနှိုင်းပြောဆိုခဲ့တဲ့ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလမှာ စတင်ခဲ့တာပါ။ အစပိုင်းမှာ သရော်စာဆန်ဆန် စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အလုပ်လက်မဲ့ပြဿနာ၊ စာမေးပွဲမေးခွန်းလွှာ ပေါက်ကြားမှုတွေနဲ့ အစိုးရရဲ့ တာဝန်ခံမှုဆိုင်ရာ မကျေနပ်ချက်တွေကြောင့် နောက်ပိုင်းမှာ အရှိန်ရလာခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို Cockroach Janta Party (ပိုးဟပ်ပါတီ) လို့ ခေါ်ဆိုကြပေမဲ့ ဒီပါတီဟာ တရားဝင်နိုင်ငံရေးပါတီတစ်ခု မဟုတ်ဘဲ လူငယ်တွေဦးဆောင်တဲ့ အွန်လိုင်းကစတင်တဲ့ ဆန္ဒပြလှုပ်ရှားမှုဖြစ်ပါတယ်။
အခုတစ်ကြိမ် ဆန္ဒပြပွဲမှာတော့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့နဲ့ အိန္ဒိယရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဂျန်နက်ရှ် ကူးမားရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။
အဲဒီနေ့မှာပဲ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ Trinamool Congress ပါတီခေါင်းဆောင် မာမတာ ဘန်နာဂျီ ကိုလည်း ဒေလီမြို့ South Avenue မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ PTI သတင်းဌာနက ဖော်ပြပါတယ်။
သူနဲ့ ပါတီခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဒေလီမြို့လယ်ပိုင်းကို ချီတက်ဖို့ ကြိုးစားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က တားဆီးခဲ့တာကြောင့် ထိုင်သပိတ်ပြုလုပ်ခဲ့ကြတာပါ။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူ နီဟာ ဘိုရာ ကလည်း မြို့တော်ရဲ့ အရေးပါတဲ့ သွားလာရေးလမ်းဆုံတစ်ခုဖြစ်တဲ့ Safdarjung flyover အနီးမှာ စုဝေးပြီး ထိုင်သပိတ်ဆင်နွှဲဖို့ ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။
"ဖမ်းဆီးထိန်းသိမ်းခံထားရပေမဲ့ လှုပ်ရှားမှုက ဆက်ရှိနေတယ်။ လာနိုင်ရင် လာခဲ့ကြပါ။ တားဆီးခံရရင် ကိုယ်ရောက်နေတဲ့နေရာမှာပဲ ထိုင်ပြီး ဆက်လက်ရပ်တည်ကြပါ" လို့ ဘိုရာက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ X ပို့စ်ကို ဘယ်နေရာကနေ ရေးသားခဲ့တာလဲဆိုတာတော့ မသိရသေးပါဘူး။
ဝူဟန်မြို့တော်ဝန်ဟောင်း အကျင့်ပျက် ခြစားမှုနဲ့ ထောင်ချခံရ

ဓာတ်ပုံ ရင်းမြစ်, CCTV
တရုတ်နိုင်ငံမှာတော့ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်ဝမ် ကို အကျင့်ပျက် ခြစားမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ် လိုက်ပါတယ်။ ကျိုးရှန်ဝမ် ဟာ ဝူဟန် မြို့တော်ဝန် နေရာကို ကိုဗစ်ရောဂါ စဖြစ်ချိန်မှာ ရောက်ရှိလာတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။
အဲဒီနောက်တော့ ကိုဗစ်ဟာ ကမ္ဘာ့ ကပ်ရောဂါ အသွင်ကို ပျံ့နှံ့ခဲ့ပါတယ်။ အကျင့်ပျက်မှု စွဲချက်တွေကတော့ ကိုဗစ်နဲ့ မဆိုင်ဘဲ လာဘ်ငွေ ယူမှုဖြစ်ပါတယ်။
သူဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး၊ လာဘ်ငွေ အမေရိကန်ဒေါ်လာ ကိုးသန်းကျော်ဖိုး အထိအောင် လက်ခံရယူခဲ့တဲ့ အတွက် ဆိုပြီး ထောင်ဒဏ် ၁၄ နှစ် တရားရုံးက ချမှတ် ပါတယ်။
သူ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေဟာ၊ ဝူဟန် မြို့တော်ဝန် ရာထူးနေရာမှာ ရှိတုန်း ကျူးလွန်ခဲ့တာ တွေတင်မက၊ ဆယ်စုနှစ် နှစ်ခုကျော် အတွင်း အဆင့်မြင့် ရာထူးကြီး အမျိုးမျိုး ထမ်းဆောင်ခဲ့ချိန်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာရ ကွန်မြူနစ်ပါတီအတွင်း အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုကို တင်းတင်းကျပ်ကျပ် နှိမ်နင်းတဲ့ လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်နေပါတယ်။
မိဖုရားကြီး ကမီလာက စာဖတ်ခြင်းရဲ့ ကောင်းကျိုးတွေ မှတ်တမ်းရုပ်ရှင်ထဲပြော

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဗြိတိန်၊ ချားလ်စ် ဘုရင်မင်းမြတ်ရဲ့ မိဖုရားကြီး ကမီလာ "Queen Camilla" က စာဖတ်ခြင်းရဲ့ စွမ်းအားနဲ့ ကောင်းကျိုးတွေ အကြောင်း ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင် အသစ်တစ်ခု ထဲမှာ ချီးကျူး ပြောဆိုပါတယ်။
"The Book That Changed My Life" "ဘဝကို ကိုယ်တွေ့ ပြောင်းလဲစေတဲ့စာအုပ်" လို့ နာမည် ပေးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်မှာ အကျဉ်းထောင်က လွတ်မြောက်လာသူ တစ်ဦး၊ ကုန်တင်ကားမောင်းသူ တစ်ဦး၊ လမ်းဘေး ကဖေးဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အိမ်ပြင်ထွက်ဖို့တောင် ကြောက်ရွံ့နေသူတစ်ဦးတို့နဲ့အတူ မိဖုရားကြီး ကမီလာက စာအုပ်တွေကြောင့် သူ့ဘဝ ဘယ်လို ပြောင်းလဲလာခဲ့သလဲဆိုတာ ပြောပြ ထားပါတယ်။
သူ အကြိုက်ဆုံး စာအုပ် အမျိုးအစားတွေကတော့ သည်းထိတ်ရင်ဖိုဝတ္ထုတွေနဲ့ သမိုင်းနောက်ခံ ဝတ္ထုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မိဖုရားကြီး ကမီလာက သူနဲ့ ချားလ်စ်ဘုရင်တို့ဟာ ညစာမစားခင် စာဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူကတော့ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်တတ်သူဖြစ်ပေမဲ့၊ ခင်ပွန်းဖြစ်သူ ချားလ်စ်ဘုရင်ကတော့ သူအကြိုက်ဆုံး စာရေးဆရာ ပီဂျီ ဝုဒ်ဟောက်စ်ရဲ့ ဟာသ ဝတ္ထုတွေကို ဖတ်တဲ့အခါ တဝါးဝါး တဟားဟားနဲ့ တစ်ယောက်တည်း ရယ်မောနေတဲ့ အသံကို မကြာခဏ ကြားရတတ်တယ်လို့ မိဖုရားကြီးက ပြောပါတယ်။
မြန်အောင်က မမြဆည် တမံမြေသားပြိုကျမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဆည်ရေဝင်နိုင်တဲ့ ရွာတွေက လူဦးရေ ၉၀၀ အရေးပေါ်ရွှေ့ပြောင်း
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲက မမြဆည်ရဲ့ မြေသားတမံလျှောကျလာတာကြောင့် ရေပိုလွှဲကနေ ရေထုတ်လွှတ်ချိန် ဆည်ရေဝင်နိုင်တဲ့ ရွာ ၆ ရွာက လူဦးရေ ၉၀၀ ဦးဟာ ကုန်းမြင့်ဘက်ကို ဒီမနက် ကြိုတင်ရွှေ့ပြောင်းရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ပါတယ်။
မမြဆည်ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်း ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စုနဲ့ ရေနံချက်ဖိုကုန်းကျေးရွာက ရွာသားတွေရွှေ့ပြောင်းရတာပါ။
အောက်တိုဘာ ၇ ရက်မှာ ဆည်ရဲ့ မြေသားတမံထိပ်ဘက်အက်ကြောင်းစဖြစ်လာခဲ့ပြီး မြေသားလျှောကျလာလို့ သဲဖြည့်တာနဲ့ ပလက်စတစ်နဲ့အုပ်တာတွေလုပ်ခဲ့တယ်လို့ အစိုးရအဖွဲ့က ဆိုပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၉ ရက်မှာ အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်ရဲ့ အောက်ဘက်ကို ၂၅ပေခန့် နိမ့်ကျခဲ့ပါတယ်။
ဒါကြောင့် ဆည်ထဲက သိုလှောင်ရေ ၁၀ ပေ လျှော့ချဖို့အတွက် အရေးပေါ် ရေပိုလွှဲကနေ ရေထုတ်ဖို့ ရှိနေတာပါ။
ဒီရေတွေဟာ ရေဝါချောင်းကတဆင့် မမြချောင်း၊ မမြချောင်းက တစ်ဆင့်ငဝန်မြစ်အတွင်း စီးဆင်းသွားမှာ ဖြစ်ပြီး စိုက်ပျိုးဧကတွေမထိခိုက်နိုင်ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဆည်ကလွှတ်ချမယ့် ရေဆင်းလမ်းကြောင်းမှာ ရွာပေါင်း ၃၅ ရွာရှိတယ်လို့ Psc Myanmar Offroad က လွန်ခဲ့တဲ့ မိနစ်ပိုင်းက တွက်ချက်ထုတ်ပြန်ပါတယ်။
ကြိုတင်သတိထားနိုင်အောင်ဖော်ပြတာဖြစ်ပြီး ရေဝင်ချိန်၊ ရေအနက်နဲ့ ရေလွှမ်းမိုးမယ့်နယ်နိမိတ်တို့ကို အတည်ပြုထားတာတော့ မဟုတ်ဘူးလို့ အဖွဲ့က ဆိုပါတယ်။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံမြန်မာလုပ်ငန်းရှင်ရဲ့ သမီးကို အရေးယူမှုစာရင်းကနေ အမေရိကန်ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, Getty
မြန်မာစစ်တပ်နဲ့ အကျိုးစီးပွားဆက်နွှယ်မှုရှိတယ်လို့ အမေရိကန်က သတ်မှတ်ထားတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီး မသိမ့်ဝင်းထက်ကို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ထုတ်ပြန်ချက်မှာ မသိမ့်ဝင်းထက်ရဲ့ အမည်ကို အထူးသတ်မှတ်ထားသော နိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများစာရင်း (SDN List) ကနေ ပယ်ဖျက်ခဲ့ကြောင်း ဖော်ပြထားပေမဲ့ ဘာကြောင့် ဖယ်ရှားခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းပြထားတာ မရှိပါဘူး။
အမေရိကန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ရွှေဗျိုင်းဖြူလုပ်ငန်းစု၊ တည်ထောင်သူ ဦးသိန်းဝင်းဇော်နဲ့ သူ့မိသားစုဝင်တချို့ကို ပိတ်ဆို့အရေးယူခဲ့တာပါ။
ရွှေဗျိုင်းဖြူလုပ်ငန်းစုဟာ လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုရှိခဲ့ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ အကျိုးအမြတ်ခွဲဝေတဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတဲ့ အချက်နဲ့ အဲဒီအချိန်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူခဲ့တာလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
မသိမ့်ဝင်းထက်ဟာ ၂၀၂၄ ခုနှစ်မှာ သူ့ အပေါ် ပိတ်ဆို့အရေးယူမှုကို ပယ်ဖျက်ပေးဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုခဲ့ပေမဲ့ အဲဒီအမှုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။
မသိမ့်ဝင်းထက်ဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ထပ်မံတရားစွဲဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်မှာ ပညာသင်ကြားရေးနဲ့ ဘဏ်ဝန်ဆောင်မှုတွေ အသုံးပြုရေး ထိခိုက်ခဲ့တယ်လို့ ဆိုသလို သူဟာ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်က သူ့ကို ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ရှားပြီးနောက် အောက်တိုဘာ ၉ ရက်မှာ သူ့ရဲ့ရှေ့နေ အဲရစ် ဖာရာရီ (Erich Ferrari) က ကိုလံဘီယာခရိုင် ဖက်ဒရယ်ခရိုင်တရားရုံးကို အမှုကို ဆန္ဒအလျောက် ရုပ်သိမ်းကြောင်း အကြောင်းကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်က မသိမ့်ဝင်းထက်ကို ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ရှားခဲ့တာဟာ နေပြည်တော်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြန်လည်စတင်လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေပေမဲ့ အဲဒီဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖယ်ရှားခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ ရိုက်တာသတင်းဌာန အတည်ပြုနိုင်တာမရှိဘူးလို့ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း အမေရိကန်ဟာ မြန်မာစစ်တပ်ကို ကူညီပံ့ပိုးမှုနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ မြန်မာနိုင်ငံသားတချို့နဲ့ ကုမ္ပဏီတစ်ခုကို အရေးယူမှုစာရင်းကနေ ဖယ်ရှားပေးခဲ့ပါတယ်။
နေပြည်တော်ကို ODA အကူအညီမပေးရေး ဂျပန်၊မြန်မာ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Mekong Watch
ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (Official Development Assistance – ODA) မပေးဖို့ဆိုပြီး ဂျပန်အခြေစိုက် မြန်မာနဲ့ ဂျပန်အရပ်ဘက်အဖွဲ့ ခြောက်ဖွဲ့က အောက်တိုဘာ ၉ ရက်မှာ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ တောင်းဆိုခဲ့ကြတယ်လို့ ဂျပန်ရောက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဂျပန်သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း FoE Japan ရဲ့ ထုတ်ပြန်ချက်အရ စစ်မှန်တဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဟာ ပြည်သူတွေအကျိုးအတွက် ဖြစ်သင့်ပြီး မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်ပေးအပ်ဖို့ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ လေးသန်းကျော်နဲ့ ဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိနေတဲ့အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ဖမ်းဆီးခံထားရမှုနဲ့ စစ်တပ်က အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းနေမှုတွေကိုလည်း ဖော်ပြထားပါတယ်။
ဂျပန်အစိုးရဟာ မြန်မာစစ်အစိုးရကို တရားဝင်အသိအမှတ်မပြုသလို အတိအလင်း ငြင်းဆိုထားတာလည်း မရှိဘူးလို့ FoE Japan က ဆိုပါတယ်။ ဒီနှစ် ဇွန်လအတွင်း နေပြည်တော်ဘက်က ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်ပေးအပ်ဖို့ ပြောဆိုခဲ့ကြောင်းကိုလည်း ဂျပန်မီဒီယာတွေမှာ ဖော်ပြခဲ့တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဂျပန်လွှတ်တော်အမတ်တွေက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့ တွေ့ဆုံခဲ့တဲ့အပေါ် ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း FoE Japan က ဖော်ပြထားပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံကြား လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်နဲ့ အမျိုးသမီးရေးရာ၊ နည်းပညာနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝါတာနာဘေးကလည်း လွှတ်တော်ချင်း ဆက်ဆံရေးကနေတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်မြှင့်တင်ပြီး တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) စီမံကိန်းတွေ ပြန်လည်စတင်ဖို့ ရည်ရွယ်ကြောင်း နေပြည်တော်ကသတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ဂျပန်-မြန်မာဆက်ဆံရေးအကဲခတ်တစ်ဦးကတော့ ဂျပန်အစိုးရဟာ ODA ကို သံတမန်ရေးရာမှာ လက်နက်သဖွယ်အသုံးပြုလေ့ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်စေလိုတဲ့အခါ အကူအညီပေးရေးကို အသုံးချတတ်တယ်လို့ ပြောပါတယ်။
"နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် မူတည်ပြီး အကူအညီတွေကို ရပ်တန့်တာ၊ ပေးအပ်တာတွေ လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရှိနေသေးတဲ့အတွက် ဆက်မပေးသင့်ဘူးလို့ မြင်ပါတယ်။ အခြေအနေ တိုးတက်လာမှုအပေါ် မူတည်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်" လို့ အဲဒီအကဲခတ်က ပြောပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်ကစပြီး ODA အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ စီမံကိန်းအသစ်တွေအတွက် အကူအညီပေးတာကို ရပ်တန့်ထားပြီး အရင်အရပ်သားအစိုးရလက်ထက်က ချထားပေးခဲ့တဲ့ ချေးငွေစီမံကိန်းတွေကိုသာ ဆက်လက်ဆောင်ရွက်နေပါတယ်။
ODA ဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရတွေက ပေးအပ်တဲ့ အကူအညီဖြစ်ပြီး အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ၊ ပြန်ဆပ်စရာမလိုတဲ့ ထောက်ပံ့ငွေတွေနဲ့ နည်းပညာအကူအညီတွေ ပါဝင်ပါတယ်။
မြန်မာက ထင်ရှားတဲ့ ODAတစ်ခုကတော့ ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် ၃ ဟာ ODA ချေးငွေနဲ့ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ဆရာဝန် ကျန်းမာရေးဝန်ကြီးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, MOI
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်က ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး အငြိမ်းစားဗိုလ်ချုပ်စိုးဝင်း ကျန်းမာရေးဝန်ကြီးဖြစ်လာပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ အတွင်းလူတွေဖြစ်တဲ့ စစ်ဗိုလ်ဆရာဝန်တွေဟာ တပ်ရာထူးက အနားယူချိန်မှာတောင် ဝန်ကြီးရာထူးတွေ ဆက်ရကြပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဦးစိုးဝင်းက ဦးမင်းအောင်လှိုင်ရဲ့ လူယုံတစ်ဦးလည်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနဲ့ ဒုဝန်ကြီးဒေါက်တာအေးထွန်းတို့ကို အောက်တိုဘာ ၉ ရက်မှာ တာဝန်ကအနားပေးပြီးတဲ့နောက် သူက ကျန်းမာရေးဝန်ကြီးဖြစ်လာတာပါ။
စစ်တပ်ရဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတွေဟာ ဝန်ကြီးဖြစ်တဲ့အစဥ်အလာရှိပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဆရာဝန် ဗိုလ်ချုပ်သန်းအောင်လည်း ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။
လစ်လပ်သွားတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးနေရာကိုလည်း ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတစ်ဦးကိုပဲ ခန့်လိမ့်မယ်လို့နေပြည်တော်မှာသုံးသပ်နေကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နောက်ထပ်ဆရာဝန်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကိုကိုလွင်ရောက်လာမယ်လို့ ရေပန်းစားနေပါတယ်။
သူက လက်ရှိ သမ္မတရုံး လူမှုရေးနဲ့ကျန်းမာရေးဗျူရိုအမှုဆောင်ချုပ်ဖြစ်ပါတယ်။
စစ်မှုထမ်းပါသူတွေကို ပြန်ထုတ်ပေးမယ်ဆိုပြီး လိမ်လည်သူ ၃ ဦးကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, MOI
TikTok မှာ စစ်တပ်အရာရှိတွေအဖြစ် အယောင်ဆောင်ပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံထားရသူတွေကို ပြန်ထုတ်ပေးမယ်ဆိုကာ ငွေကြေးလိမ်လည်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ "ဗိုလ်ကြီးသူရဇော်" အကောင့်ပိုင်ရှင် တိုးလှိုင်ဝင်း၊ "မင်းကိုကို" အကောင့်ပိုင်ရှင် စိုးသူရအောင်နဲ့ "ဗိုလ်ကြီးထက်ကောင်းနိုင်" အကောင့်ပိုင်ရှင် နိုင်လင်းဦးတို့ဖြစ်ပြီး စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုးလှိုင်ဝင်းဟာ တောင်ငူမြို့ကဖြစ်ပြီး စိုးသူရအောင်က ရွှေကျင်မြို့နယ်၊ နိုင်လင်းဦးကတော့ မြောင်းမြမြို့က ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်တပ်အရာရှိတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သူတို့ရဲ့ ကိုယ်ပိုင် TikTok အကောင့်တွေမှာ တင်ပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံထားရသူတွေကို ပြန်လည်ထုတ်ပေးနိုင်သူတွေအဖြစ် အယောင်ဆောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီလို ဆက်သွယ်လာသူတွေဆီက ငွေကြေးလိမ်လည်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ TikTok အကောင့်တချို့ကို ရှာမတွေ့တော့ပေမဲ့ တချို့အကောင့်တွေမှာတော့ အကောင့်ပိုင်ရှင်ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဓာတ်ပုံနဲ့အတူ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ TikTok လူမှုကွန်ရက်မှာ ဘီဘီစီက လိုက်လံကြည့်ရှုရာမှာလည်း အလားတူပုံစံနဲ့ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံထားရသူတွေကို ပြန်လွတ်အောင် လုပ်ပေးမယ်ဆိုတဲ့ TikTok အကောင့်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ဒီလိုငွေကြေးလိမ်လည်မှုတွေအပြင် လမ်းပေါ်သွားလာရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရပြီး စစ်မှုထမ်းဖို့ စေလွှတ်ခံရတာ၊ စစ်မှုထမ်းမပါဝင်ရဖို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက လစဉ်ကြေး တောင်းခံတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေနဲ့ မိသားစုဝင်တွေက ဘီဘီစီကို ပြောထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေဟာ ငွေကြေးနဲ့ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ ထောက်ပြထားကြပါတယ်။
ဒေါ်လာ၊ယူရိုတွေနဲ့ရောင်းတဲ့ နေပြည်တော်ကျောက်မျက်ပြပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI
နေပြည်တော်က ကျောက်စိမ်းနဲ့ ကျောက်မျက်ပြပွဲမှာ ကျောက်မျက်စုံ တွဲပေါင်း ၃,၉၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၊ယူရို အပါအဝင် နိုင်ငံခြားငွေမျိုးစုံနဲ့ ရောင်းချမယ်လို့ အောက်တိုဘ ၉ ရက်က စတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ က ကြေညာထားပါတယ်။
ပြပွဲမှာ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း စုစုပေါင်းအတွဲ ၃,၉၃၃ တွဲ ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းမယ်လို့ဆိုပြီး ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၃,၀၇၃ တွဲ ပါဝင်တယ်လို့ ဆိုပါတယ်။
ပုလဲအတွဲတွေအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ထားပြီး ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲတွေအတွက်တော့ ယူရိုငွေနဲ့ သတ်မှတ်ထားပါတယ်။ ငွေပေးချေမှုအနေနဲ့ ပြည်ပရတနာကုန်သည်တွေဟာ ပုလဲအတွက် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေတို့ကို အသုံးပြုနိုင်ပြီး ကျောက်မျက်နဲ့ ကျောက်စိမ်းအတွက် အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေတို့နဲ့ ပေးချေရမယ်လို့ဆိုပါတယ်။
ပြည်တွင်းရတနာကုန်သည်တွေကတော့ ကျပ်ငွေနဲ့ ပေးချေရမယ်လို့ဆိုပါတယ်။
ပုလဲအတွဲတွေအတွက် အနိမ့်ဆုံးအခြေခံဈေးကို အမေရိကန်ဒေါ်လာ ၁,၀၀၀ သတ်မှတ်ထားပြီး ကျောက်မျက်အတွဲတွေအတွက် ယူရို ၅၀၀ သတ်မှတ်ထားတာတွေ့ ရပါတယ်။ ကျောက်စိမ်းအချောထည်အတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ ကျောက်စိမ်းအရိုင်းအတွဲတွေအတွက် အမေရိကန်ဒေါ်လာ ၅,၀၀၀ ကို အနိမ့်ဆုံးအခြေခံဈေးအဖြစ် သတ်မှတ်ထားတာတွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့ကျောက်စိမ်းရဲ့ အဓိကဝယ်လက်ဈေးကွက်ဖြစ်ပြီး မြန်မာ့ကျောက်စိမ်းတွေကို တရုတ်ဈေးကွက်မှာ အများအပြား ရောင်းဝယ်ကြပါတယ်။ ဒါပေမဲ့ ပတ္တမြား၊ နီလာအပါအဝင် အရောင်အသွေးရှိတဲ့ ကျောက်မျက်တွေအတွက်တော့ တရုတ်အပြင် အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့လည်း အရေးပါတဲ့ ဈေးကွက်တွေဖြစ်နေပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံခရီးစဥ်တွေမှာလည်း တရုတ်က ကျောက်မျက်လုပ်ငန်းတွေ မြန်မာကကျောက်မျက်ပြပွဲနဲ့ မိုးကုတ်မြို့က ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ဆိုပြီး ပြောဆိုလေ့ရှိပါတယ်။
တစ်ဖက်မှာလည်း မြန်မာ့ကျောက်မျက်လုပ်ငန်း (Myanmar Gems Enterprise – MGE) ကို ဗြိတိန်အစိုးရက ၂၀၂၁ ခုနှစ် မေလကစပြီး ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့ပြီး လက်ရှိအချိန်အထိ အရေးယူမှုစာရင်းမှာ ဆက်လက်ထည့်သွင်းထားပါတယ်။
MGE ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်မှာ လုပ်ကိုင်ပြီး ကျောက်မျက်ရတနာပြပွဲတွေ ကျင်းပရေးနဲ့ ကျောက်မျက်ကဏ္ဍကို ကြီးကြပ်ရေးတို့မှာ ပါဝင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။
ဗြိတိန်ရဲ့ အရေးယူမှုဟာ MGE အပေါ် သာရည်ရွယ်ထားတာဖြစ်ပြီး မြန်မာ့ကျောက်မျက်အားလုံးကို တင်သွင်းခွင့် ပိတ်ပင်ထားတာမဟုတ်ပေမဲ့ မြန်မာ့ကျောက်မျက်တွေ ဝယ်ယူတင်သွင်းရာမှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေဆီ ငွေကြေးအကျိုးအမြတ် မရောက်ရှိစေဖို့ ကုန်သွယ်မှုကွင်းဆက်ကို စစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။
ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက အွန်လိုင်းဝန်ဆောင်မှုစနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အစိုးရဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေနဲ့ ပုဂ္ဂလိက အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတချို့ကို ဆိုက်ဘာတိုက်ခိုက်ပြီး အချက်အလက်တွေ ခိုးယူကာ ငွေညှစ်တောင်းခံမှုတွေစွဲချက်တွေနဲ့ ဝေဖြိုးအောင် (ခ) အောင်မျိုး ဆိုသူအမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အောက်တိုဘာ ၁၀ ရက်မှာ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူဟာ ၂၀၂၆ ခုနှစ် ဇွန်လကနေ စက်တင်ဘာလ ၄ လအတွင်း ဝက်ဘ်ဆိုက်အမျိုးမျိုးကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ပထမပတ်မှာ နိုင်ငံတကာကောလိပ်တစ်ခုက ကျောင်းသားတွေရဲ့ အကောင့်အချက်အလက်တွေနဲ့ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုက အချက်အလက်တွေကို ရယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇွန်လ ဒုတိယပတ်မှာတော့ မြန်မာအခြေစိုက်ပြည်ပတက္ကသိုလ်တစ်ခုက ကျောင်းသားတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ဒုတိယပတ်မှာ ကားငှားရမ်းရေးလုပ်ငန်း ဝက်ဘ်ဆိုက်တစ်ခု၊ ဩဂုတ်လ ဒုတိယပတ်မှာ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနဲ့ ပုဂ္ဂလိက ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခုရဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
စက်တင်ဘာလ ပထမပတ်မှာတော့ အစိုးရရဲ့ အွန်လိုင်းဝန်ဆောင်မှု ဝက်ဘ်ဆိုက်တစ်ခုကအချက် အလက်တွေကို ရယူခဲ့တယ်လို့ ဆိုပါတယ်။
စွဲချက်တွေ အရ ဖမ်းဆီးခံရသူဟာ သူ ရရှိထားတဲ့ အချက်အလက်တွေပြန်ရလိုတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို ငွေကြေးတောင်းခံတာနဲ့ ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းပေါ် ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ နေပြည်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် သက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေအပေါ် ဘယ်လောက်အထိ ထိခိုက်မှုရှိခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိမှာ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖြိုးအောင် (ခ) အောင်မျိုး ဆိုသူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်မှာ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဆိုက်ဘာပြစ်မှုအမျိုးအစားအလိုက် ပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။
အရေးကြီးအမျိုးသားအဆင့် သတင်းအချက်အလက်အခြေခံစနစ်နဲ့ဆိုင်တဲ့ ဆိုက်ဘာပြစ်မှု ထောင် ၆ လမှ ၃ နှစ်အထိ၊ ဒဏ်ငွေ ကျပ်သိန်း ၅၀ မှ သိန်း ၂၀၀ အထိ၊ သို့မဟုတ် နှစ်ရပ်စလုံး၊ ဆိုက်ဘာလိမ်လည်မှု (Cyber fraud) ထောင် ၂ နှစ်မှ ၇ နှစ်အထိနှင့် ဒဏ်ငွေ၊ အီလက်ထရွန်နစ်မှတ်တမ်း၊ ဒေတာ သို့မဟုတ် ကွန်ပျူတာပရိုဂရမ်ကို မရိုးမသား ရယူခြင်း၊ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်း စတဲ့ ပြစ်မှုများ Electronic Transactions Law ပုဒ်မ ၃၄ အရ ဒဏ်ငွေ ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ အထိ၊ မပေးဆောင်နိုင်ပါက ထောင် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
တဖက်မှာလည်း အခုထုတ်ပြန်ချက်မတိုင်ခင်က မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေရဲ့သုံးစွဲသူတွေ အချက်အလက်တွေကို ခိုးယူရောင်းစားတဲ့ DYSPHOR1A လို့ နာမည်ယူထားတဲ့အဲဒီအဖွဲ့ကို စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရှိရကြောင်း ဘီဘီစီက သတင်းဖော်ပြခဲ့ပါတယ်။
ဘီဘီစီက ရရှိခဲ့တဲ့စာရွက်စာတမ်းတွေအရ ဒီအဖွဲ့ဟာ သူတို့ ခိုးယူထားတဲ့အချက်အလက်တွေကို အမေရိကန် ဒေါ်လာ ၅၀၀ ကနေ ၈၅,၀၀၀ အထိ ဈေးခေါ်ပြီး ပြန်ရောင်းစားနေတာ တွေ့ခဲ့ရပါတယ်။
အဲဒီအချက်အလက်တွေကို ပြည်တွင်းက ဆိုက်ဘာလုံခြုံရေးအဖွဲ့ဖြစ်တဲ့ White Tigers အဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့မှာ DYSPHOR1A နဲ့ ပတ်သက်တဲ့ အွန်လိုင်းအစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့တာကနေ သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။
DYSPHOR1A ကို ဖော်ထုတ်ခဲ့တဲ့ White Tigers အဖွဲ့ဟာ အချက်အလက်ခိုးယူခံရတဲ့လုပ်ငန်းတွေက နည်းပညာသမားတွေ စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်နိုင်တယ်လို့ မြန်မာပြည်တွင်းမှာ ဆိုက်ဘာလုံခြုံရေးအကြံပေးလုပ်နေသူ တစ်ဦးက ဘီဘီစီကို အစောပိုင်းသတင်းမှာကတည်းက ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီအစီရင်ခံစာကိုထုတ်ပြန်ပြီးနောက်မှာ White Tigers အဖွဲ့က ခြေရာလက်ရာဖျောက်သွားခဲ့ပါတယ်။
White Tigers အဖွဲ့ရဲ့ အစီရင်ခံစာမှာ DYSPHOR1A အဖွဲ့ကို ဦးဆောင်လည်ပတ်သူဟာ လူတစ်ယောက်တည်းဖြစ်တယ်လို့ က ဖော်ထုတ်ခဲ့ပြီး ပြည်တွင်းက Cyber Insights Forum (CIF)ရဲ့တည်ထောင်သူ ကိုဝေဖြိုးအောင် ဆိုသူနဲ့တိုက်ဆိုင်နေတာကို တွေ့ရှိခဲ့တယ်လို့ ပြောထားပါတယ်။























