ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေပိတ်ဆို့မှုက ကမ္ဘာတစ်ဝန်းမှာ ရေနေကျူးကျော်မျိုးစိတ်တွေ ပျံ့နှံ့မှု ဖြစ်နိုင်- သိပ္ပံပညာရှင်များ

ဇွန်လ ၂၁ ရက်က အိုမန်နိုင်ငံ၊ မတ်စ်ကတ်မြို့ရှိ စူလ်တန် ကာဘူးစ် ဆိပ်ကမ်း မှာ ကျောက်ချထားတဲ့ သင်္ဘောတွေ

ဓာတ်ပုံ ရင်းမြစ်, Elke Scholiers/Getty Images

    • ရေးသားသူ, ဆိုဖီ အဘ်ဒူလာ
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာ့တလွှား၊ ရာသီဥတုနှင့် သိပ္ပံကဏ္ဍ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ဟော်မုဇ်ရေလက်ကြား ပိတ်သွားရင် ပင်လယ်ဂေဟစနစ်အတွက် ကြီးမားတဲ့ ''စီးပွားရေးအကျပ်အတည်း'' ဖြစ်လာနိုင်သလို၊ "နိုင်ငံတကာ ဇီဝလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်" ပါရှိလာနိုင်တယ်လို့ နိုင်ငံတကာ ပင်လယ်ရေဇီဝဗေဒပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ကိုတော့ Biological Invasions ဂျာနယ်မှာ ဖော်ပြထားတဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

ရေလက်ကြားမှာ သင်္ဘောတွေ လနဲ့ချီ ရပ်တန့်နေတဲ့အတွက် တခြားဒေသက ရေနေသက်ရှိမျိုးစိတ်တွေ သင်္ဘောကိုယ်ထည်မှာ ကပ်တွယ်ပြီး တခြားဒေသတွေဆီ ပါသွားနိုင်တဲ့ အချိန်အလုံအလောက် ရရှိနေတဲ့ အခြေအနေလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အကယ်လို့ ဒီသင်္ဘောတွေ ကမ္ဘာ့နေရာအသီးသီးကို ပြန်လည်ထွက်ခွာတဲ့ အခါ ပင်လယ်ရေကြောင်းလမ်း တလျှောက် မရေတွက်နိုင်တဲ့ ကျူးကျော်မျိုးစိတ် ရေနေသတ္တဝါတွေ ပျံ့ပွားသွားနိုင်ပါတယ်။

ဖေဖော်ဝါရီလကစလို့ ပါရှန်းပင်လယ်ကွေ့မှာ ခန့်မှန်းခြေ သင်္ဘောအစင်းရေ ၁,၅၀၀ ဝန်းကျင် သောင်တင်နေပြီ အိုမန်ပင်လယ်ကွေ့မှာ တော့ သင်္ဘောအစင်းရေ ရာနဲ့ချီပိတ်မိနေတယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြပါတယ်။


ပါရှန်းပင်လယ်ကွေ့ / အာရေဗျပင်လယ်ကွေ့ နဲ့ ဟော်မုဇ် ရေလက်ကြားပြမြေပုံ
ဓာတ်ပုံ ပုံစာ, ပါရှန်းပင်လယ်ကွေ့ / အာရေဗျပင်လယ်ကွေ့ နဲ့ ဟော်မုဇ် ရေလက်ကြားပြမြေပုံ

အဆိုးဆုံးဖြစ်နိုင်ခြေတစ်ခု

သင်္ဘောတွေ အချိန်ကြာကြာ မရွေ့ဘဲ ရပ်နေရင် ပင်လယ်ထဲက အဏုဇီဝပိုးတွေ၊ ရေညှိတွေ၊ ကျောရိုးမဲ့ ရေနေသတ္တဝါတွေက သင်္ဘောကိုယ်ထည်မှာ လျင်လျင်မြန်မြန် ကပ်တွယ်ပြီး ပေါက်ပွားကြီးထွားလာတတ်ပါတယ်။ ဒါကို ဇီဝကပ်တွယ်မှု (Biofouling) လို့ လည်း ခေါ်ပါတယ်။

"ရေညှိတွေနဲ့ ကျောရိုးမဲ့ ရေနေသတ္တဝါလို မျိုးစိတ်အများစုဟာ သူတို့ဘဝတစ်လျှောက်လုံး မျက်နှာပြင်တစ်ခုခုမှာ ကပ်တွယ်ပြီး အသက်ရှင်နေကြတာပါ" လို့ အမေရိကန်နိုင်ငံ၊ မယ်ရီလန်းတက္ကသိုလ်က ပင်လယ်ဂေဟဗေဒပညာရှင်နဲ့ ဒီသုတေသနရဲ့ ဦးဆောင်ရေးသားသူ ပါမောက္ခ မာရီယို တမ်ဘူရီက ပြောပါတယ်။

ဒီသတိပေးချက်ကိုတော့ အမေရိကန်၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ နယူးဇီလန်၊ ဖင်လန်၊ တောင်အာဖရိက၊ ကနေဒါနဲ့ အစ္စရေးနိုင်ငံတွေက သိပ္ပံပညာရှင်တွေနဲ့အတူ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခ တမ်ဘူရီက ပင်လယ်ထဲကို အဆောက်အအုံ ဒါမှမဟုတ် သင်္ဘောလို မျက်နှာပြင်မာမာတစ်ခု ရောက်လာတာနဲ့ အဲဒီမျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားနဲ့ အဏုဇီဝပိုးတွေ အရင်ဆုံး ကပ်တွယ်လာကြပြီး ဇီဝအလွှာ (biofilm)တစ်ခု ဖြစ်ပေါ်လာတယ်လို့ ရှင်းပြပါတယ်။

အဲဒီနောက်မှာတော့ ကဲလ်ပ်လို ပင်လယ်ရေညှိကြီးတွေရဲ့ မျိုးပွားအမှုန်တွေ၊ ဘားနကယ်လို ကျောရိုးမဲ့ ရေနေသတ္တဝါတွေရဲ့ လောင်းကောင်တွေနဲ့ ပိုးကောင်မျိုးစုံက အဲဒီဇီဝအလွှာပေါ်မှာ ဆက်ပြီး ကပ်တွယ်လာကြပါတယ်။ အဲဒီလိုနဲ့ ရေနေသက်ရှိအစုအဝေးတွေဟာ တဖြည်းဖြည်း ကြီးထွားလာကြတာ ဖြစ်ပြီး၊ သူတို့အတွက် အသက်ရှင်နေထိုင်ဖို့ ဒီလို မာကျောတဲ့ မျက်နှာပြင်တွေ လိုအပ်တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရေငုပ်သမားတစ်ဦး ပင်လယ်ထဲက သင်္ဘောအပျက်အစီးတစ်ခုဘေးမှာရှိနေတာပါ။ အဲဒီအပျက်အစီး အပိုင်းအစပေါ်မှာ ရေနေ သက်ရှိသတ္တဝါတွေရှင်သန်ကြီးထွားနေတာမြင်တွေ့ရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Lokman lhan/Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, အဏ္ဏဝါအဏုဇီဝ ပိုးမွှားတွေ၊ ရေညှိတွေ နဲ့ ကျောရိုးမဲ့သတ္တဝါတွေဟာ များသောအားဖြင့် ပင်လယ်ထဲမှာ နစ်မြုပ်နေတဲ့ မာကျောတဲ့မျက်နှာပြင်ရှိ အပျက်အစီးတွေ မှာ ရှင်သန်ကြီးထွားပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပါမောက္ခ တမ်ဘူရီက ပါရှန်းပင်လယ်ကွေ့ရဲ့ ပင်လယ်ကြမ်းပြင်ဟာ အများစုက ရွှံ့၊ နုန်းနဲ့ သဲတွေသာ ဖြစ်ပြီး ရေနေသက်ရှိတွေ ကပ်တွယ်နေထိုင်နိုင်တဲ့ မာကျောတဲ့ မျက်နှာပြင်တွေ အလွန်နည်းတယ်လို့ ရှင်းပြပါတယ်။

ဒါကြောင့် သင်္ဘောလို မာကျောတဲ့ မျက်နှာပြင်တစ်ခု ပေါ်လာတာနဲ့ ရေနေသက်ရှိတွေက အဲဒီပေါ်မှာ ချက်ချင်း ကပ်တွယ်နေထိုင်လာကြတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပါရှန်းပင်လယ်ကွေ့ဟာ ကမ္ဘာ့အရေးပါတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် ကမ္ဘာ့ဒေသအသီးသီးက သင်္ဘောတွေကနေ ပါလာတဲ့ ရေနေသက်ရှိတွေ ဒီဒေသကို ရောက်လာနိုင်သလို၊ သင်္ဘောတွေ အချိန်ကြာကြာ ရပ်နေရင်လည်း အဲဒီရေနေသက်ရှိတွေ သင်္ဘောကိုယ်ထည်မှာ ထပ်ပြီး ကပ်တွယ်ပေါက်ပွားလာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှုကြောင့် အခုဆို အဲဒီမှာ သင်္ဘောတွေ အမြောက်အများ အချိန်အကြာကြီး ရပ်တန့်နေတာပါ။

သုတေသီတွေကတော့ ဒီလိုအခြေအနေမျိုးဟာ ခေတ်သစ်ရေကြောင်းသမိုင်းမှာ မကြုံဖူးသေးတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။

ဥပမာအနေနဲ့ ၂၀၂၁ ခုနှစ်က အီဂျစ်နိုင်ငံ ဆူးအက်ဇ်တူးမြောင်း ပိတ်ဆို့ခဲ့တုန်းက ခြောက်ရက်သာ ကြာခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဘော်လ်တီမိုးဆိပ်ကမ်းမှာ တံတားပြိုကျခဲ့တုန်းကလည်း သင်္ဘောအနည်းငယ်သာ ၁၁ ပတ်လောက် ထိခိုက်ခဲ့တယ်လို့ ပါမောက္ခ တမ်ဘူရီက ထောက်ပြပါတယ်။

ဓာတ်ပုံ ဘယ်ဘက်ခြမ်းမှာ တော့ ကိုယ်ထည် အမဲရောင် နဲ့ အောက်ခြေအနီရောင် ရှိတဲ့ သင်္ဘောအောက်ခြေမှာ ခရင်းကောင်တွေ ကပ်တွယ်နေပါတယ်။ ညာဘက်ခြမ်းမှာတော့ အဲဒီ သင်္ဘောရဲ့ အောက်ခြေကို အနီးကပ် ပုံချဲ့ပြသထားပါ။

ဓာတ်ပုံ ရင်းမြစ်, Mario Tamburri

ဓာတ်ပုံ ပုံစာ, ဘောလ်တီမို ဆိပ်ကမ်းမှာ သီတင်းပတ်တွေအကြာ သောင်တင် နေခဲ့တဲ့ သင်္ဘောတစ်စင်း ရဲ့ အောက်ခြေမှာ ခရင်းကောင်တွေ နဲ့ အဏ္ဏဝါသက်ရှိသတ္တဝါတွေ ကပ်တွယ်နေတာပါ။

သုတေသီတွေပြောတာကတော့ ပုံမှန်အားဖြင့် ပါရှန်းပင်လယ်ကွေ့ဒေသကို ဝင်လာတဲ့ သင်္ဘောတွေဟာ ဆိပ်ကမ်းမှာ တစ်ရက်ကနေ သုံးရက်လောက်ပဲ ရပ်နားလေ့ရှိပါတယ်။

ဒါပေမဲ့ သင်္ဘောတစ်စင်း ၁၀ ရက်ထက်ပိုပြီး ရပ်နားနေရင်တော့ ပြည်ပက ရေနေသက်ရှိမျိုးစိတ်တွေ သင်္ဘောကိုယ်ထည်မှာ လျင်လျင်မြန်မြန် ကပ်တွယ်ပေါက်ပွားလာနိုင်တယ်လို့ သူတို့က သတိပေးထားပါတယ်။

ဒီလိုအန္တရာယ်ကို လျှော့ချနိုင်ဖို့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာရေကြောင်းအဖွဲ့ (IMO) ကလည်း အချိန်အကြာကြီး ရပ်နားထားတဲ့ သင်္ဘောတွေအနေနဲ့ ပြန်မထွက်ခွာခင် biofouling ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

အခုတော့ ပင်လယ်ကွေ့ဒေသမှာ သင်္ဘောတွေ သောင်တင်နေတာ လနဲ့ချီကြာမြင့်လာပါပြီ။

" သင်္ဘောတွေရဲ့ ဇီဝကပ်တွယ်မှု (Biofouling) နဲ့ ပတ်သက်လို့ အဆိုးဆုံးအခြေအနေပြောပါဆိုရင် ကျူးကျော်မျိုးစိတ်တွေ ပျံ့ပွားမှုပဲဖြစ်တယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေလည်းမရှိတော့ဘူး" လို့ တမ်ဘူရီက ထောက်ပြပါတယ်။

နောက်ထပ် ပိုဆိုးတဲ့ အချက်ကတော့ အဏ္ဏဝါ ကျောရိုးမဲ့သတ္တဝါတွေ နဲ့ ရေညှိတွေဟာ ပတ်ဝန်းကျင်အပြောင်းအလဲကို တုံ့ပြန်ဖို့ မျိုးပွားတတ်ကြတာပါ။

ဟော်မုဇ်ရေလက်ကြားပိတ်လိုက်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းဟာ နွေဦးရာသီဖြစ်တာကြောင့် ရေလည်း စပြီး ပူနွေးလာတဲ့ အချိန်ပါ။

"အဲဒီပူနွေးမှုကလည်း သက်ရှိသတ္တဝါတွေ မျိုးပွားဖို့၊ ပေါက်ဖွားဖို့၊ ရှင်သန်ကြီးထွားဖို့၊ နေထိုင်ကျက်စားဖို့၊ နေရာသစ်ရှာဖို့ နဲ့ မျက်နှာပြင်အသစ်တစ်ခုမှာ ရှင်သန်ကြီးထွားဖို့ ဖြစ်လာစေပါတယ်။ ရေလက်ကြား ပိတ်ဆို့မှုက ဆောင်းရာသီကာလ ဆိုရင် ဒီလောက် အန္တရာယ်မများပါဘူး" လို့ ပါမောက္ခ တမ်ဘူရီက ရှင်းပြပါတယ်။

အရောင်အသွေးစုံတဲ့ ကျောရိုးမဲ့သတ္တဝါတွေဟာ သင်္ဘောရဲ့ ကိုယ်ထည်မှာ စုဝေး ရှင်သန်နေတဲ့ မြင်ကွင်းမှာ။

ဓာတ်ပုံ ရင်းမြစ်, Kim Holzer, Smithsonian Environmental Research Center

ဓာတ်ပုံ ပုံစာ, ကျောရိုးမဲ့သတ္တဝါ မျိုးစိတ်နှစ်မျိုး ဟာ သင်္ဘောရဲ့ ကိုယ်ထည်မှာ ကပ်တွယ် ကြီးထွားနေတာပါ။

ဥပမာအားဖြင့် ပါရှန်းပင်လယ်ကွေ့မှာလည်း တွေ့ရပြီး သင်္ဘောတွေနဲ့အတူ ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားတဲ့ ပတ်ဝန်းကျင်အမျိုးမျိုး နဲ့ လိုက်လျောညီထွေနေနိုင်တဲ့ ခရင်းကောင်းမျိုးစိတ် - Amphibalanus improvisus ဘားနကယ်မျိုးစိတ်ဟာ ရေအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှာ အရွယ်ရောက်ပြီး အကောင်တစ်ကောင်ကနေ တစ်ရက်ကို သားလောင်း ၃၆ ကောင်လောက်အထိ ထုတ်ပေးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုသောင်တင်နေတဲ့ သင်္ဘောတွေဟာ ဒီလိုသားလောင်းမျိုး သန်းနဲ့ချီကို ပေါက်ဖွားစေနိုင်တယ်လို့ လည်း ဖော်ပြထားပါတယ်။

"ဒီဖြစ်စဉ်ရဲ့ ပမာဏ၊ အတိုင်းအတာနဲ့ သက်ရောက်မှု နယ်ပယ်က အလွန်ကြီးမားတာပါ။ အဓိကကတော့ သင်္ဘောတွေဟာ ကမ္ဘာတစ်ဝန်းကနေရာအနှံ့ကို ထွက်ခွာသွားကြတာမလို့ပါ" လို့ တမ်ဘူရီက ဆိုပါတယ်။

ဧရာမ ထိခိုက်ပျက်စီးမှု

အဲဒီရေနေသက်ရှိတွေက ဒေသအသစ်တွေဆီ ရောက်သွားရင်တော့ ဂေဟစနစ်ကို ထိခိုက်စေတဲ့အပြင် စီးပွားရေးအရလည်း ကြီးမားတဲ့ "ဧရာမထိခိုက်ပျက်စီးမှု" ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ပါမောက္ခ တမ်ဘူရီက ပြောပါတယ်။

အဲဒီမျိုးစိတ်တွေ အခြေချနေထိုင်လာပြီးတာနဲ့ ဒေသခံရေနေသက်ရှိမျိုးစိတ်တွေကို ဖယ်ရှားပစ်တာ၊ တချို့မျိုးစိတ်တွေ မျိုးသုဉ်းသွားတဲ့အထိ ဖြစ်စေတာ၊ ငါးဖမ်းလုပ်ငန်းနဲ့ ရေမွေးမြူရေးလုပ်ငန်းတွေကို ထိခိုက်စေတာအပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ အအေးပေးစနစ်တွေကိုပါ ပိတ်ဆို့သွားစေနိုင်တယ်လို့ သူက ပြောပါတယ်။

"အထူးသဖြင့် ပင်လယ်ထဲမှာ ဒီလို ပြည်ပက ရေနေသက်ရှိမျိုးစိတ်တွေ အခြေချနေထိုင်လာပြီးတာနဲ့ ဖယ်ရှားဖို့က အလွန်ခက်ခဲပါတယ်" လို့ ပါမောက္ခ တမ်ဘူရီက ဆိုပါတယ်။

အစီရင်ခံစာရေးသားသူတွေကတော့ ဒီသတ္တဝါတွေဟာ အန္တရာယ်ရှိတဲ့ ကပ်ပါးကောင်တွေ နဲ့ ပိုးမွှားတွေကို သယ်ဆောင်လာနိုင်တယ်လို့ ပြောပါတယ်။ ပင်လယ်ကွေ့ဒေသရဲ့ ပူနွေးတဲ့ ရေထုကလည်း အပူဒဏ်ခံနိုင်တဲ့ မျိုးစိတ်တွေ အတွက် အသာစီးရစေနိုင်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ တခြားနေရာကိုရောက်သွားမယ်၊ နောက်ပြီး အဲဒီ‌ဒေသရဲ့ အပူချိန်ကလည်း ထပ်တက်လာမယ်ဆိုရင် သူတို့က ပိုပြီးခံနိုင်ရည်ရှိလာတော့မှာပါ။

ဇီဝကပ်တွယ်မှုက သင်္ဘောတွေ အတွက်လည်း အကျိုးမရှိပါဘူး။

ဒီသတ္တဝါတွေ ကြီးထွားလာတဲ့အခါ သင်္ဘောရဲ့ အလေးချိန် ပိုစီးလာစေသလို၊ ပိုပြီးလည်း နှေးစေပါတယ်။

"အဲဒီတော့ သင်္ဘောက ပိုရုန်းဖို့အတွက် ဆီလည်း ပိုသုံးရတော့မှာပါ" လို့ တန်ဘာရီက ပြောပါတယ်။

" သင်္ဘောကိုယ်ထည်မှာ ဇီဝအလွှာ (Biofilm) လေးစဖြစ်ရင်တောင် ဆီ ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပိုကုန်စေမှာပါ" လို့ သူကပြောပါတယ်။

"ပိုပြီးကြီးမားတဲ့ ဇီဝကပ်တွယ်မှု (Biofouling) ဖြစ်ပြီဆိုရင်တော့ ဆီ ၂၅ ရာခိုင်နှုန်းလောက် ပိုကုန်တော့မှာပါ"

မေ ၁၇ ရက်က အိုမန်နိုင်ငံ မြောက်ပိုင်း မူဆန်ဒမ်ကျွန်းဆွယ်ရှိ ခါဆဘ်ဆိပ်ကမ်းမြို့အနီး၊ ဟော်မုဇ်ရေလက်ကြားတွင် ကျောက်ချရပ်နားထားတဲ့ သင်္ဘော ဒါဇင်ကျော်ကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ရေလမ်းကြောင်း ကုန်သွယ်ရေးအတွက် ဟော်မုဇ်ရေလက်ကြားက အရေးပါနေသရွေ့ မူရင်းမျိုးစိတ် မဟုတ်တဲ့ သတ္တဝါတွေ ထပ်ရောက်လာတာ၊ တခြားဒေသကို ကူးစက်တာတွေ ဆက်ပြီးဖြစ် နိုင်ပါတယ်။

ဇီဝကပ်တွယ်မှု ကို ကာကွယ်နိုင်တဲ့ သုတ်ဆေးတွေကိုလည်း အခုဆို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ အဲဒီ သုတ်ဆေးဟာ ဇီဝပိုးသတ်ဆေးတွေ ပါဝင်ပြီး မလိုလားအပ်တဲ့ အဏ္ဏဝါဇီဝဖြစ်စဉ်တွေကို တားဆီးနိုင်ပါတယ်။

"သင်္ဘောက အမြဲတမ်းသွားနေရင်တော့ အဲဒီသုတ်ဆေးတွေက တော်တော် အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေရာတည်းမှာ ရပ်နေရင်တော့ သိပ်အလုပ်မဖြစ်ပါဘူး" လို့ တမ်ဘူရီ က ပြောပါတယ်။

"ဇီဝကပ်တွယ်မှုတွေကကြီးထွားလာတဲ့ အခါ အဲဒီသုတ်ဆေးလည်း ဆေးမတိုးတော့ပါဘူး"

သင်္ဘောသွားလာမှု ပမာဏ၊ ခရီးကြာချိန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ကို တွက်ချက်ပြီး အဲဒီကျုးကျော်မျိုးစိတ် အန္တရာယ်ကြုံရနိုင်တဲ့ ဆိပ်ကမ်းတွေကို သုတေသီတွေက ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီဆိပ်ကမ်းတွေကတော့ ဆော်ဒီအာရေးဗျနိုင်ငံက ဂျက်ဒါ ဆိပ်ကမ်း ၊ အိန္ဒိယနိုင်ငံရဲ့ မွမ်ဘိုင်းဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံက ကိုလမ်ဘိုဆိပ်ကမ်း၊ စင်ကာပူဆိပ်ကမ်း၊ အီဂျစ်နိုင်ငံက အလက်ဇန္ဒြီးယားဆိပ်ကမ်း၊ ဂရိနိုင်ငံက ပီရီယပ်စ်ဆိပ်ကမ်း၊ စပိန်နိုင်ငံက အယ်လ်ဂျီစီးရပ်စ်ဆိပ်ကမ်း နဲ့ နယ်သာလန်နိုင်ငံက ရော့တာဒမ် ဆိပ်ကမ်းတွေ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းပါဝင်မှု

ကျောက်ချတဲ့ သင်္ဘောတွေ အနေနဲ့ မထွက်ခွာခင်မှာ သင်္ဘောကို သန့်ရှင်းရေး လုပ်သင့်တယ်လို့ သိပ္ပံပညာရှင်တွေက အကြံပြုပါတယ်။

သင်္ဘောပေါ်က ကြီးမားလှတဲ့ ဇီဝကပ်တွယ်မှုတွေကို ရှင်းတဲ့အခါမှာလည်း စိန်ခေါ်မှု ရှိနိုင်ပါတယ်။

သန့်ရှင်းရေးလုပ်တဲ့အခါ အဲဒီသက်ရှိသတ္တဝါတွေကို ပင်လယ်ထဲ မစွန့်ပစ်ပဲ သေချာ စုဆောင်းပြီး စွန့်ပစ်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။ ဇီဝကပ်တွယ်မှု ကို ကာကွယ်တဲ့ သုတ်ဆေးတွေကိုလည်း ပြန်မခွာမိဖို့ လိုတယ်လို့ ဆိုပါတယ်။

အဝါရောင် အကာအကွယ် ဝတ်စုံ ဝတ်ထားတဲ့ သင်္ဘောအလုပ်သမားတစ်ဦးက သင်္ဘောအောက်ခြေ ကို သန့်ရှင်းရေးလုပ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သင်္ဘောပေါ်က ကြီးမားလှတဲ့ ဇီဝကပ်တွယ်မှုတွေကို ရှင်းတဲ့အခါမှာလည်း စိန်ခေါ်မှု ရှိနိုင်ပါတယ်။

ပါမောက္ခ တမ်ဘူရီကတော့ အထူးပြုသန့်ရှင်းရေးစက်တွေကို အသုံးပြုပြီး သင်္ဘောကိုယ်ထည်မှာ ကပ်တွယ်နေတဲ့ ရေနေသက်ရှိတွေကို သန့်ရှင်းရေးလုပ်ရင်း တစ်ပါတည်း စုဆောင်းဖယ်ရှားနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပါရှန်းပင်လယ်ကွေ့ဒေသမှာ လက်ရှိလုပ်နေတဲ့ ရေအောက်သင်္ဘောသန့်ရှင်းရေး ဝန်ဆောင်မှုအများစုကတော့ အဲဒီအကြွင်းအကျန်တွေကို ပြန်လည်စုဆောင်းတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။ ဒီနည်းပညာကို စတင်အသုံးပြုတာ မကြာသေးတာလည်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ရေနေသက်ရှိတွေ အထူအပါး ကပ်တွယ်နေတဲ့ သင်္ဘောအရေအတွက် အလွန်များပြားနေတာကြောင့် သန့်ရှင်းရေးလုပ်နိုင်တဲ့ စွမ်းဆောင်ရည်ကလည်း မလုံလောက်သေးဘူးလို့ သူက ပြောပါတယ်။

ရေလမ်းကြောင်း ပြန်ဖွင့်ဖို့ နဲ့ သောင်တင်နေတဲ့ သင်္ဘောအဖွဲ့သားတွေ ခေါ်ထုတ်ဖို့ အရေးတကြီးလိုအပ်နေတာ နောက်ပြီး ကုန်သွယ်ရေးပြဿနာတွေ ပါ ထည့်သွင်းစဉ်းစားလိုက်ရင် သင်္ဘောတွေ မထွက်ခွာခင် သန့်ရှင်းရေး လုပ်ဖို့ဆိုတာကလည်း လက်တွေ့မကျပြန်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုကလည်း ဒီနေရာမှာ အရေးတကြီးလိုလာတယ်လို့ ဆိုပါတယ်။ ပင်လယ်ကွေ့ ဒေသက လာတဲ့ သင်္ဘောတွေ ဆိုက်ရောက်မယ့် ဆိပ်ကမ်းတွေဟာ ကျုးကျော်မျိုးစိတ်တွေ ပျံ့ပွားမှု အန္တရာယ်ကို လျှော့ချဖို့ အဲဒီသင်္ဘောတွေ ကို သန့်ရှင်းရေးလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

"ဟော်မုဇ် ရေလက်ကြားပြန်ဖွင့် ပြီ ဆိုတာနဲ့ ကျုးကျော်မျိုးစိတ်အန္တရာယ် တွေ ကြုံရတော့မယ်ဆိုတာ အသေအချာ ပြောနိုင်တယ်" လို့တန်ဘာရီက ပြောပါတယ်။

" တချို့ ကျူးကျော်မျိုးစိတ်တွေက နောက်ကွယ်မှာပဲနေတတ်ကြတယ်။ သူတို့ရှိတော့ ရှိနေတယ်။ ရှိလို့ရှိမှန်းမသိတာ၊ သက်ရောက်မှုကြီးကြီးမားမားမရှိတာမျိုးပေါ့။ ဒါပေမဲ့ တချို့ မျိုးစိတ်တွေကတော့ အဲဒီလို မဟုတ်ပါဘူး"

သုတေသီတွေကတော့ ဒီအခြေအနေဟာ ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားတဲ့ ဇီဝကျူးကျော်မှု အကြီးစားပျံ့နှံ့မှု" အဖြစ် ပြောင်းလဲသွားမလားဆိုတာ သင်္ဘောတွေပေါ်မှာ ရေနေသက်ရှိတွေ ဘယ်လောက်ကပ်တွယ်နေပြီလဲဆိုတဲ့ အချက်ထက်၊ ဒီကိစ္စကို နိုင်ငံတကာအသိုက်အဝန်းက ဘယ်လို တုံ့ပြန်ကိုင်တွယ်မလဲဆိုတဲ့ အချက်က ပိုအရေးကြီးတယ်လို့ ပြောပါတယ်။