အောက်တိုဘာ ၄ ရက်သတင်းများအနှစ်ချုပ်- မိတ္ထီလာမှာ မူးယစ်ဆေးမှုနဲ့၀ရမ်းထုတ်ခံရသူကို ထိုင်းဖမ်းဆီး

အဖမ်းခံရသူ အမျိုသားကို မျက်နှာ၀ါးထား
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁၀

မြန်မာက မူးယစ်ဆေး၀ါးအမှုကြီးတစ်ခုနဲ့ဆက်စပ်တယ်လို့ စွပ်စွဲခံရထားရသူ မြန်မာအမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မြို့တော်ဘန်ကောက်မှာ ဒီနေ့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အဖမ်းခံရသူဟာ ကိုအောင်ဇော်မင်းခန့်ဆိုသူဖြစ်ပြီး သူ့ကို ဘန်ကောက်မြို့ ရာမ ၉ လမ်းမအနီးက အဆင့်မြင့်ကွန်ဒို အခန်းတစ်ခန်းမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးတာကိုတော့ ထိုင်းလူ၀င်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ မူယစ်ဆေး၀ါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

ကိုအောင်ဇော်မင်းခန့်ကို ဖမ်းဆီးမှုအတွင်း ထိုင်းဘတ်ငွေ ၁၀ သန်းနီးပါးရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ထိုင်းအစိုးရ ပြန်ကြားရေးသတင်းက ဆိုပါတယ်။

မြန်မာက မူးယစ်ဆေး၀ါးနှိမ်နင်းရေးအဖွဲ့နဲ့ ထိုင်းမူးယစ်ဆေး၀ါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့ ပူးပေါင်းတောင်းဆိုမှုနဲ့ ကိုအောင်မင်းခန့်ကို ခြေရာခံခဲ့တာလို့ဆိုပါတယ်။

မြန်မာဘက်က သူ့ကို မူးယစ်ဆေး၀ါး ရောင်း၀ယ်ဖောက်ကားမှုကို စီမံညွှန်ကြားသူလို့ စွပ်စွဲထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

ကိုအောင်ဇော်မင်းခန့်ကို သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးပြား ၅ သန်းခန့် ဖမ်းဆီးမှု ဆက်စပ်သံသယတရားခံအဖြစ် မြန်မာဘက်က အလိုရှိနေတာလို့လည်း ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့တော့ ကိုအောင်ဇော်မင်းခန့်ကို မိတ္ထီလာခရိုင်တရားရုံးက ၂၀၂၆ ခုနှစ်၊ ဖေဖော်၀ါရီလဆန်းမှာ ဖမ်း၀ရမ်းထုတ်ထားခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့စုံစမ်းချက်အရ သူဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ကနေ ဘန်ကောက်မြို့ကို လေကြောင်းခရီးနဲ့ ရောက်လာပြီး ထိုင်းမှာ တရား၀င် နေထိုင်ခွင့် ရရှိထားသူလို့လည်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေ ပူးပေါင်း စုံစမ်းချက်အရ ကိုအောင်ဇော်မင်းခန့်ရဲ့ ဘန်ကောက်မြို့က တိုက်ခန်းကို စစ်ဆေးချိန်အတွင်း တန်ဖိုးကြီးနာရီတွေ၊ ဇိမ်ခံအိတ်တွေ၊ Lexus ကားတစ်စီးနဲ့ ကွန်ဒိုတစ်ခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုတော့ ထိုင်းအာဏာပိုင်တွေဟာ သိမ်းဆည်းမိတဲ့ ပိုင်ဆိုင်မှုတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ငွေကြေးခဝါချမှုတို့နဲ့ ဆက်စပ်မှု ရှိ မရှိ စစ်ဆေးနေသလို ငွေကြေးလမ်းကြောင်းတွေနဲ့ ဆက်စပ်သူတွေကိုလည်း ဆက်ပြီး စုံစမ်းဖို့ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်ရေတပ်သား ၅,၀၀၀ နီးပါး ဖူးခက်ရောက်

ဖူးခက်ကျွန်းကို လည်ပတ်ဖို့ လေယာဉ်တင်သင်္ဘောကြီးကနေ ကူးတို့သင်္ဘောနဲ့ ကမ်းဆီသွားနေတဲ့ အမေရိကန်ရေတပ် တပ်ဖွဲ့၀င်တွေကို အရပ်သား၀တ်စုံတွေနဲ့တွေ့ရ
ဓာတ်ပုံ ပုံစာ, ဖူးခက်ကျွန်းကို လည်ပတ်ဖို့ လေယာဉ်တင်သင်္ဘောကြီးကနေ ကူးတို့သင်္ဘောနဲ့ ကမ်းဆီသွားနေတဲ့ အမေရိကန်ရေတပ် တပ်ဖွဲ့၀င်တွေ

အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောကြီး USS George H.W. Bush ဟာ ရေတပ်သားတွေ အပန်းဖြေဖို့ ဒီနေ့မှာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ရေနက်ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ လပေါင်းများစွာတာ၀န်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သား ၅,၀၀၀ နီးပါးဟာ အပန်းဖြေဖို့ ဖူးခက်မြို့မှာ လေယာဉ်တင်သင်္ဘောကြီး ရောက်လာတာဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောကြီးပေါ်က ရေတပ်သားတွေနဲ့အတူ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Delbert D. Black ပေါ်က ၀န်ထမ်း ၂၀၀ ကျော်လည်း ဖူးခက်ကျွန်းကို လည်ပတ်မှာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ၆ ရက်ကြာ အလည်အပတ်ခရီးအတွင်းမှာ အမေရိကန်ရေတပ်သားတွေအနေနဲ့ ကျွန်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်လို့ ပြောပေမဲ့ ယာဉ်ငှားရမ်းစီးနင်းခွင့်တော့ မရှိဘူးလို့ ပြောပါတယ်။

ဒါအပြင် ကျွန်းလုံခြုံရေးအတွက် ဉာဏ်ရည်တု နည်းပညာသုံး စောင့်ကြည့်ရေးကင်မရာစနစ်ကိုလည်း ကျွန်းပေါ်မှာ ဖြန့်ကြက် အသုံးပြုနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း သတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှာ ဖူးခက်ရေနက်ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ USS George H.W. Bush
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှာ ဖူးခက်ရေနက်ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ USS George H.W. Bush

ဒါဟာ အမေရိကန်လေယာဉ်တင် သင်္ဘောကြီးပေါ်က ရေတပ်သားတွေ အပန်းဖြေဖို့ ထိုင်းနိုင်ငံကိုလာတာ ဒုတိယအသုတ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းကလည်း အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Abraham Lincoln က ရေတပ်သား ၅,၀၀၀ နီးပါးဟာ မြို့တော် ဘန်ကောက်အနီးက ကမ်းခြေမြို့ ပတ္တရားကို ရက်ပိုင်း လည်ပတ်ခဲ့ပါသေးတယ်။

အရှေ့အလယ်ပိုင်းမှာ လနဲ့ချီတာ၀န်ချထားခံရလို့ ရေတပ်သားတွေ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှု ဖြစ်စေခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အမေရိကန်ရေတပ်သား ၅,၀၀၀ ရဲ့ စက်တင်ဘာ ခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတစ်ခေါက်တုန်းကတော့ အမေရိကန် တပ်သား ထောင်ချီရဲ့ အလည်အပတ်ခရီးစဉ်မှာ သုံးစွဲခဲ့တဲ့ ငွေကြေးဟာ ထိုင်းဘတ်ငွေ သန်း ၁၀၀ နီးပါးရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းခဲ့ပါတယ်။

လေးရက်အတွင်း မြန်မာအနောက်ခြမ်းမှာ ငလျင်တွေဆက်တိုက်လှုပ်ခတ်

ငလျင်သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, ငလျင်သရုပ်ဖော်ပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အောက်တိုဘာ ပထမလေးရက်အတွင်းမှာပဲ မြန်မာနိုင်ငံအနောက်ခြမ်းလို့ဆိုရမယ့် စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်တို့ကို ဗဟိုပြုပြီး အင်အားအသင့်အတင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ဒီနေ့တစ်ရက်တည်းမှာတင် ချင်းပြည်နယ် မတူပီ နဲ့ ရခိုင်ပြည်နယ် မြောက်ဦး တဝိုက်ကို ဗဟိုပြုပြီး ငလျင်တွေဆက်တိုက်လှုပ်ခဲ့တာပါ။

ဒီနေ့ နေ့လယ် ၁၂ နာရီမှာ မတူပီမြို့တောင်ဘက် ၂၇ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ၄.၅ မဂ္ဂနီကျု အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အရှေ့ - အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ၅.၀ မဂ္ဂနီကျု အင်အားအသင့်အတင့်ရှိတဲ့ငလျင် ဒီနေ့ မနက်အစောပိုင်း ၀၀ နာရီ ၄၂ မိနစ်မှာလှုပ်ခဲ့ပါတယ်။

ဒါအပြင် အောက်တိုဘာ ၂ ရက်ကလည်း စစ်ကိုင်းတိုင်းအနောက်ခြမ်း၊ ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၊ အနက် ၇၇ ကီလိုမီတာမှာ ၄.၄ မဂ္ဂနီကျု အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခဲ့ကြောင်း မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာမှာ ပြတ်ရွေ့ကြီးတွေရှိပြီး ကလေးဝဒေသ ကဘော်ချိုင့်ဝှမ်းတလျှောက်မှာ ကဘော်ပြတ်ရွေ့ တည်ရှိပါတယ်။ အခု ကလေးဝ၊ မတူပီနဲ့ မြောက်ဦးတို့က အင်အားအနည်းငယ်ရှိတဲ့ ငလျင်တွေဟာ ကဘော်ပြတ်ရွေ့နဲ့ ဆက်စပ်နေလားဆိုတာကို ငလျင်ပညာရှင်တွေနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

ကဘော်ပြတ်ရွေ့ဟာ အိန္ဒိယ-မြန်မာနယ်စပ်နဲ့အပြိုင်တည်ရှိပြီး ရခိုင်တောင်တန်းအလယ်ပိုင်း တောင်တွေရဲ့ အောက်ခြေမှာရှိကာ ၁၇၆၂ ခုနှစ်တုန်းက ပြင်းအား ၈.၈ ရစ်ချက်တာစကေးရှိတဲ့ ငလျင်ကြီးဖြစ်ခဲ့ကြောင်း မြန်မာ့ငလျင်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

The Central ကွန်ဒို အချိန်မီ မတည်ဆောက်တဲ့ကိစ္စ စသုံးလုံး စစ်ဆေး

ဆိုရှယ်မီဒီယာမှာ မနေ့က ပြန့်နှံ့နေတဲ့ The Central ရုံးခန်း ချိပ်ပိတ်ထားတဲ့ မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ဆိုရှယ်မီဒီယာမှာ မနေ့က ပြန့်နှံ့နေတဲ့ The Central ရုံးခန်း ချိပ်ပိတ်ထားတဲ့ မြင်ကွင်း

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာ တည်ဆောက်နေဆဲ The Central တန်ဖိုးမြင့်ကွန်ဒိုစီမံကိန်း အချိန်မီ မပြီးတာကြောင့် ကြိုတင်ဝယ်ယူထားတဲ့အခန်းပိုင်ရှင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ အငြင်းပွားပြီး ရက်ပိုင်းအကြာမှာပဲ စ သုံးလုံးက စစ်ဆေးနေပြီလို့ အခန်း၀ယ်ထားကြသူ အသိုင်းအ၀ိုင်းဆီကနေ သိရပါတယ်။

The Central ကွန်ဒိုစီမံကိန်းကို Marga Landmark Development ကုမ္ပဏီလိမီတက်က ဆောင်ရွက်တာဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတချို့နဲ့ အခန်းပိုင်ရှင် ၅ ဦးထက်မနည်းကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ သုံးလုံး) ကနေ မနေ့တုန်းက စစ်ဆေးမှုတွေ စတင်တယ်လို့ ပြောကြပါတယ်။

"လက်ရှိ Central ရုံးက ပစ္စည်းအားလုံးကို စ သုံးလုံးက သိမ်းဆည်းထားပါတယ်။ ဝယ်သူတွေကတော့ ဝယ်တဲ့အချက်အလက်တွေ ပြောပြရတာပေါ့။ သူတို့ (ကုမ္ပဏီ) ဘက်ကို စစ်တာနဲ့ ဟိုဘက်ခန်း၊ ဒီဘက်ခန်းစစ်နေကြတာ" လို့ အခန်းဝယ်ယူထားသူတစ်ဦးက သူသိရှိထားတာကို ပြောပါတယ်။

ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့် အင်းယားကန်ဘေးမှာ တည်ရှိတဲ့ The Central စီမံကိန်းဟာ အခန်း တစ်ခန်းကို မြန်မာကျပ်ငွေ သိန်းသောင်းနဲ့ချီ ပေါက်ဈေးရှိပြီး ၂၀၁၈ - ၂၀၁၉ ကာလတွေထဲက ကြိုတင်အခန်းရောင်းချခဲ့တယ်လို့ အခန်းရှင်တွေရဲ့လူမှုကွန်ရက်ပေါ် ရေးသားချက်တွေအရ သိရပါတယ်။

ငွေသိန်းသောင်းချီ အရစ်ကျပေးသွင်းထားပေမဲ့ R3၊ R8 နဲ့ SOHO Tower တို့က အခန်းတွေကို အချိန်မပြီးတာကြောင့် The Central အရောင်းပြခန်းမှာ စက်တင်ဘာ ၃၀ ရက်တုန်းက အခန်းပိုင်ရှင်တွေ စုဝေးပြီး ဖြေရှင်းဖို့တောင်းဆိုရာကနေ အငြင်းပွားမှုဖြစ်တဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ရောက်ခဲ့ပါတယ်။

Marga Landmark Development ကတော့ ဆောက်လုပ်ရေးလက်ရှိအခြေအနေ၊ ရှေ့လုပ်မယ့် စီမံကိန်း၊ အချိန်ဇယား၊ Force Majeure ဖြစ်ရပ်တွေ၊ နှောင့်နှေးမှုတွေနဲ့ပတ်သက်လို့ အသိပေးမယ့်အပြင် စီးပွားရေးသဘောတူညီချက်တွေနဲ့ သတ်မှတ်ချက်တွေကို ကျေနပ်အောင် ပြန်သုံးသပ်မယ်လို့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

"အခန်းဝယ်တဲ့သူတွေနဲ့ချုပ်တဲ့အင်္ဂလိပ်လိုရေးထားတဲ့ စာချုပ်ထဲမှာပါတာက တရားရင်ဆိုင်ရတဲ့အခြေအနေဖြစ်လာရင် စင်ကာပူနိုင်ငံရဲ့ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေနဲ့ ဆောင်ရွက်မယ်ဆိုတာ ပါတယ်။ အခန်းပိုင်ရှင်တွေဘက်က သူတို့ကို ယုံတော့ ဝယ်တဲ့အချိန်မှာ ရှေ့နေတွေနဲ့စာချုပ်ကို မဆွေးနွေးထားကြဘူး။ အခုတရားမမှုနဲ့ ရှင်းမယ်ဆိုရင် သူတို့ဘက်က ဒီအချက်ကို ကိုင်ပြောတော့ စင်ကာပူအထိ သွားရှင်းရမလိုဖြစ်နေတယ်" လို့ The Central ဖြစ်စဉ်ရဲ့ဥပဒေရေးရာကို သိရှိနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

Marga Landmark Development ကုမ္ပဏီဟာ The Central အပြင် The Park စီမံကိန်းကိုလည်း ဆောင်ရွက်ထားပြီး သတ်မှတ်ကာလ အခန်းပြန်အပ်ရမယ့်အချိန်ထက် ကျော်လွန်လို့ ဖြေရှင်းချက် တောင်းနေသူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ဘီဘီစီက ကနဦးသိထားရပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ကုမ္ပဏီကို ဒီနေ့ ညနေပိုင်းမှာ ဘီဘီစီက အီးမေးလ်ပို့ ဆက်သွယ် မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

မြေပြိုပြီး ရေဘေးသင့်တဲ့ထားဝယ်ကို စစ်တပ်စစ်ကြောင်းထိုး

စက်တင်ဘာလကုန်ပိုင်းက လောင်းလုံးမြို့နယ်တနေရာမှာ တောင်ပြိုခဲ့တဲ့မြင်ကွင်း
ဓာတ်ပုံ ပုံစာ, စက်တင်ဘာလကုန်ပိုင်းက လောင်းလုံးမြို့နယ်တနေရာမှာ တောင်ပြိုခဲ့တဲ့မြင်ကွင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက မြို့နယ်တချို့မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီး မြေပြိုတဲ့ သဘာဝဘေးဒဏ်သင့်နေချိန်မှာ မြန်မာစစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ PDF စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

သရက်ချောင်းမြို့နယ်၊ လဘရွာမှာ မနေ့ မနက် ၉ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကြောင်းထိုးလာတဲ့မြန်မာစစ်တပ်တို့ တစ်နာရီနီးပါးကြာတဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

"လက်ရှိတော့ သရက်ချောင်းမြို့နယ်မှာ ထိုးတဲ့စစ်ကြောင်းက ချောက်ချောင်းရွာကို ရောက်နေပြီ။ လောင်းလုံးဘက်ကတော့ အခု ဂေါ့အင်းရွာမှာ စစ်တပ်စစ်ကြောင်းရောက်နေတယ်" လို့ ထားဝယ်ခရိုင်အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြည်သူတွေသဘာဝဘေးကြုံနေရချိန်ဖြစ်လို့ ထိတွေ့မှုတွေမဖြစ်အောင် တော်လှန်ရေးတပ်တွေ ခေတ္တနောက်ဆုတ်ထားပြီလို့ PDF တနင်္သာရီတိုင်းစစ်ဌာနရဲ့ နည်းဗျူဟာ ၃၃ က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

နည်းဗျူဟာ ၃၃ ထုတ်ပြန်ချက်အရ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ မြန်မာစစ်တပ်ဟာ ညင်းမော်ရွာကတဆင့် ကဒက်ငယ်ရွာကို ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်မယ်လို့ သိရပါတယ်။

ကဒတ်ငယ်ရွာ ပြီးခဲ့တဲ့တစ်ပတ်ကျော်တုန်းက လောင်းလုံးမြို့နယ်မှာဖြစ်ခဲ့တဲ့ မိုးသည်းပြီး လောင်းလုံးတောင်တန်းမြေပြိုကျမှုတွေမှာ သဘာ၀ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတဲ့ကျေးရွာ တစ်ရွာဖြစ်ပါတယ်။

PDF နည်းဗျူဟာ ၃၃ ကတော့ လက်ရှိမှာ တပ်ဖွဲ့တွေကို ယာယီဆုတ်ထားပေမဲ့ စစ်တပ်က ဆက်ပြီး စစ်ကြောင်းထိုးရင်တော့ တော်လှန်ရေးမဟာမိတ်တပ်တွေက ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး သူတို့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြပါတယ်။

စက်တင်ဘာလကုန်ပိုင်းတုန်းက လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများခဲ့ရာကနေ လောင်းလုံးမှာ ရေကြီးမြေပြိုလို့ သေဆုံးသူဦးရေ ၄၀ ကျော်အထိမြင့်တက်ခဲ့ပြီး ပျောက်ဆုံးသူဆယ်နဲ့ချီ ရှိခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းကာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေဆက်လုပ်နေကြောင်း ထားဝယ်ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်တွေအရလည်း သိရပါတယ်။

အခုလို ထားဝယ်ခရိုင်ထဲ စစ်ရေးလှုပ်ရှားတာနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြောတာမရှိပါဘူး။

မလေးရှားက မြန်မာတွေကို ပြန်ခေါ်လာတဲ့ စစ်တပ်သင်္ဘောတွေ ရန်ကုန်ရောက်

ရန်ကုန်ကို ပြန်ရောက်လာတဲ့ မြန်မာတွေ
ဓာတ်ပုံ ပုံစာ, ရန်ကုန်ကို ပြန်ရောက်လာတဲ့ မြန်မာတွေ

မလေးရှားနိုင်ငံက လူ၀င်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကနေ စိစစ်ပြီး နေရပ်ကို ပြန်ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ မြန်မာရေတပ်သင်္ဘောတွေ ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့က သီလ၀ါဆိပ်ကမ်းကို ဆိုက်ကပ်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တင်ဆောင်လာတဲ့ မြန်မာရေတပ်သင်္ဘော သုံးစင်းဟာ အောက်တိုဘာ ၁ ရက်မှာ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်နေပြီလို့ နေပြည်တော်က အစောပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ အဲဒီသင်္ဘောတွေဟာ သန်လျင်မြို့မှာရှိတဲ့ သီလ၀ါဆိပ်ကမ်းက အမှတ် ၃ ဆိပ်ခံတံတားမှာ ဆိုက်ကပ်ပါတယ်။

ရေတပ်သင်္ဘောတွေနဲ့ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုအပါအဝင် တခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့နောက် ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေလို့ ဆိုပါတယ်။

စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နဲ့ စစ်ရေယာဉ် ဆင်ဖြူရှင်တို့က စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့က ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှာ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံသားတွေကို လွှဲပြောင်းလက်ခံခဲ့တာပါ။

မလေးရှားကနေ မြန်မာကို ပြန်ရောက်တဲ့သူတွေကိုတော့ အာဏာပိုင်တွေက မိသားစုတွေကို လာရောက်ကြိုဆိုခွင့်ပေးခဲ့တာတွေ့ရပါတယ်။

ရန်ကုန်ကို ပြန်ရောက်လာသူ ၁၄၇၆ ဦးထဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာနေထိုင်သူတွေလည်း ပါ၀င်တာကြောင့် နေရပ်ချက်ချင်းပြန်လို့မရသေးသူတွေကို ရန်ကုန်က နေရာအချို့မှာ ယာယီနေရာချထားပေးမယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့က သန်လျင်မှာ လာကြိုနေကြတဲ့ မိသားစု၀င်တွေ
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က သန်လျင်မှာ လာကြိုနေကြတဲ့ မိသားစု၀င်တွေ

မြန်မာသင်္ဘောသား ၂၇ ဦး မူးယစ်ဆေးသယ်မှုနဲ့ ထိုင်၀မ်မှာထောင်ဒဏ်ချမှတ်ခံရ

၂၀၁၉ ခုနှစ်တုန်းက ထိုင်၀မ်ရေပိုင်နက်မှာ ကမ်းခြေစောင့်တပ်က ကိုတင်းတွေသယ်လာတဲ့သင်္ဘောတစ်စင်းကို ဖမ်းဆီးမှု (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်တုန်းက ထိုင်၀မ်ရေပိုင်နက်မှာ ကမ်းခြေစောင့်တပ်က ကိုတင်းတွေသယ်လာတဲ့သင်္ဘောတစ်စင်းကို ဖမ်းဆီးမှု (ပုံဟောင်း)

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မူးယစ်ဆေးဝါးသယ်မှုနဲ့ သင်္ဘော ၃ စင်း ထိုင်ဝမ်ရေပိုင်နက်ထဲမှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အဲဒီသင်္ဘောတွေပေါ်မှာ လုပ်ကိုင်နေတဲ့မြန်မာသင်္ဘောသား ၂၇ ဦးဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ ထိုင်ဝမ်ရောက်မြန်မာအသိုင်းအဝိုင်း ဆီကနေ သိရပါတယ်။

ထိုင်ဝမ်က သတ်မှတ်ထားတဲ့အဆင့် ၂ တရားမ၀င် မူးယစ်ဆေးဝါးတွေကို ၂၀၂၄ - ၂၀၂၅ ခုနှစ်တွေအတွင်း သယ်ယူမှုနဲ့ သင်္ဘာတွေ အဖမ်းခံရပြီးတဲ့နောက် မြန်မာသင်္ဘောသားတွေလည်း ထိုင်ဝမ်က အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်ကျရတာဖြစ်ပါတယ်။

အဲဒီထဲ MT KOSHIN အမည်ရ သင်္ဘောပေါ်က သင်္ဘောသားတွေကတော့ မူးယစ်ဆေးဝါးသယ်လာတာကို သိရှိကြောင်းဝန်ခံခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရပြီး ကျန်တဲ့သင်္ဘောသားတွေကတော့ မသိကြောင်း ထွက်ဆိုခဲ့တာကြောင့် ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၇ နှစ်အထိ အသီးသီးချမှတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူ ထိုင်ဝမ်ရောက်မြန်မာ ဦးကိုကိုသူက ပြောပါတယ်။

"အဖမ်းခံရတဲ့သင်္ဘောပေါ်က သင်္ဘောသားအကုန်လုံးက မြန်မာပဲ။ အဲဒီ ၂၇ ယောက်ထဲက ၂ ယောက်ကို ကျွန်တော် ထောင်မှာ တွေ့ခွင့်ရလိုက်တယ်။ ပထမဆုံး သင်္ဘောလိုက်တဲ့ ၂၃ နှစ်နဲ့ ၂၇ နှစ်အရွယ် ရန်ကုန်က ကောင်လေးတွေပါ။ သူတို့သင်္ဘောပေါ်မှာ လက်ဖက်ခြောက်ပါကင်ထုတ်ပေး ဆိုလို့ ထုတ်ပေးကြတာ မူးယစ်ဆေးဝါးမှန်း မသိဘူးလို့ပြောတယ်။ သူတို့ကို ၁၃ နှစ်အမိန့်ချလို့ အခု အလုပ်ကြမ်းနဲ့ထောင်ဒဏ်စကျခံနေရပါပြီ" လို့ ဦးကိုကိုသူက သူသိရှိထားရတဲ့အခြေအနေကို ပြောပါတယ်။

ဦးကိုကိုသူဟာ Taiwan Alliance For Myanmar အဖွဲ့ကို ဦးဆောင်သူတစ်ဦးဖြစ်ပြီး ဘာသာပြန်အဖြစ် လုပ်ကိုင်ရင်း အခုဖြစ်စဉ်က မြန်မာသင်္ဘောသားတချို့နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ သင်္ဘောပိုင်ရှင်တွေရဲ့အထောက်အထားတွေကလည်း လိမ်ညာထားတဲ့ အချက်အလက်တွေဖြစ်နေတာကြောင့် ထိုင်ဝမ်တရားရေးဘက်ကလည်း နောက်ဆက်တွဲကို ဆက်ကိုင်တွယ်ရခက်ခဲနေတယ်လို့ သူကဆက်ပြောပါတယ်။

ဦးကိုကိုသူ စကားပြောခွင့်ရသူတွေဟာ မြန်မာကနေ မလေးရှား၊ မလေးရှားကနေ ဗီယက်နမ်ကို လေကြောင်းနဲ့အဆင့်ဆင့်သွားပြီးမှ ဗီယက်နမ်မှာ တရားဝင်သင်္ဘောပေါ်တက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခုဖမ်းဆီးခံ မြန်မာသင်္ဘောသားတွေဟာ "အမှောက်လိုင်း" လို့ ခေါ်တဲ့ တရားဝင်ရရှိထားတဲ့ သတ်မှတ်ရာထူး မဟုတ်ဘဲ ရာထူးအတုကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်ကြတာဖြစ်ပြီး သူတို့ကို အလုပ်ရှာဖွေပေးတဲ့ မြန်မာသင်္ဘောသား ကုမ္ပဏီတချို့ဘက်ကလည်း တာဝန်ယူမှု မရှိတဲ့အခြေအနေလို့ နားလည်ရပါတယ်။

အ‌မှောက်လိုင်းနဲ့မဟုတ်ဘဲ ကုမ္ပဏီကို သေချာချိတ်ဆက်စာချုပ်ချုပ်ဆိုကာ တရားဝင် လမ်းကြောင်းနဲ့သာ သင်္ဘောလိုက်ကြဖို့ သင်္ဘောသားတချို့ကလည်း သူတို့ရဲ့ဆိုရှယ်မီဒီယာက တဆင့် ရုပ်သံဗီဒီယိုတွေနဲ့ သတိပေးနေကြပါတယ်။

နေပြည်တော်အစိုးရ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲဘက် ကတော့ အခုလိုမြန်မာသင်္ဘောသားတွေ ကြုံနေရတာနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးနေလဲဆိုတာမျိုး ထုတ်ပြောလာတာ မရှိသေးပါဘူး။

ဒါပေမဲ့ လူသစ်သင်္ဘောသား အမျိုးသား၊ အမျိုးသမီးတွေကို သင်္ဘောသား မြန်မာနိုင်ငံကူးလက်မှတ် (PS) အမျိုးအစား ပတ်စ်ပို့နဲ့ ပြည်ပထွက်ခွင့် မပေးကြောင်း ပြီးခဲ့တဲ့စက်တင်ဘာ ၃ ရက်မှာပဲ နေပြည်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်တွင်းက လူမှုစီးပွားအခြေအနေတွေကြောင့် ပင်လယ်ကူး ကုန်တင်နဲ့ ရေနံတင်သင်္ဘောတွေမှာ အလုပ်အကိုင်အခွင့်လမ်းရရှိလိုသူ မြင့်တက်လာချိန်မှာ သင်္ဘောတွေပေါ်က ရပိုင်ခွင့်နဲ့ အခွင့်အရေးချိုးဖောက်ခံရနိုင်ခြေတွေကိုလည်း ထည့်သွင်း စဉ်းစားကြဖို့ ၀ါရင့်သင်္ဘောသားတွေက သတိပေးနေကြပါတယ်။

မဲဆောက်မြို့က မြန်မာလုပ်သားတွေရဲ့အထည်ချုပ်မီးလောင်

မီးလောင်မှု ဖြစ်ချိန် ပစ္စည်းတွေရွှေ့နေကြသူတွေ

ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေလုပ်ကိုင်တဲ့ ကိုစူကီ အထည်ချုပ်စက်ရုံရဲ့ ဝန်ထမ်းလိုင်းခန်းမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြေပြင်မှာရှိနေပြီး ကူညီရေးလုပ်ဆောင်ပေးနေသူတချို့ဆီကနေ သိရပါတယ်။

မဲဆောက်မြို့က ကုလသမဂ္ဂ(UN)ရုံး(ခွဲ)အနီးမှာရှိတဲ့ အထည်ချုပ်စက်ရုံမှာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာကနေ မီးလောင်ကျွမ်းခဲ့တာလို့ကနဦး သိရတဲ့အကြောင်း အခြေအနေ သိရှိသူတွေက ပြောပါတယ်။

မနက် ၁၀ နာရီခွဲခန့်မှာတော့ မီးငြှိမ်းသတ်နိုင်ပြီလို့ မီးဘေးသင့် မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်းတာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောပါတယ်။

"စက်ရုံနောက်ကျောဘက် ဝန်ထမ်းလိုင်ခန်းကနေ စလောင်တယ်။ စက်ရုံနဲ့လိုင်းခန်းက ဆက်နေတော့ အကုန်ပါကုန်တယ်။ တချို့ဝန်ထမ်းတွေက စာရွက်စာတမ်းတွေ ယူလိုက်နိုင်ပေမဲ့ သူတို့ စုဆောင်းထားတဲ့ ပစ္စည်းတွေမီးထဲပါကုန်တယ်" လို့ သူက ဆက်ပြောပါတယ်။

၀န်ထမ်းလိုင်းခန်းမှာဖြစ်တဲ့ ဒီမီးလောင်မှုကြောင့် ၀န်ထမ်းတွေနဲ့ စက်ရုံရဲ့ ပျက်စီးဆုံးရှုံးမှု ဘယ်လောက် ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကိုစူကီ အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားအယောက် ၈၀ ထက်မနည်း အလုပ်လုပ်ကြပါတယ်။

လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံကို ရှင်းလင်းရေးတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံမီးလောင်ကျွမ်းပြီးနောက် မြင်ကွင်း
ဓာတ်ပုံ ပုံစာ, အထည်ချုပ်စက်ရုံမီးလောင်ကျွမ်းပြီးနောက် မြင်ကွင်း

ရခိုင်၊ကျောက်ဖြူတဝိုက်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်နေ

စက်တင်ဘာ ၂၈ ရက် ကျောက်တော်အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၈ ရက် ကျောက်တော်အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက စနဲဒေသတဝိုက်ကို မနေ့ညသန်းခေါင်ချိန်ကစလို့ ဒီနေ့ မနက်အစောပိုင်းအထိ မြန်မာစစ်တပ်က လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (အေအေ) ရဲ့ စစ်ရေး သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီး၊ နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီး၊ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးတို့ကိုသုံးပြီး ည ၁၁ နာရီခွဲ အချိန်မှာရော ဒီနေ့ မနက် ၆ နာရီဝန်းကျင်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

"ကျောက်ဖြူမှာတိုက်ပွဲပြန်ပြင်းထန်နေတယ်။ လေကြောင်းကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက် နေတာ ၃ ရက်လောက်ရှိပြီ" လို့ သူက ပြောပါတယ်။

အဝတောင်စခန်း၊ တောင်မော်ဦး(ကြီး) ကာကင်းစခန်း နေရာသုံးခုထက်မနည်းပတ်ဝန်းကျင်မှာ အေအေနဲ့ စစ်တပ်ကြား မနေ့ကစလို့ တိုက်ပွဲပြန်ပြင်းထန်နေတာလို့ ဒေသအခြေစိုက် သတင်းဌာနတွေမှာလည်း ဖော်ပြပါတယ်။

စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို လေကြောင်းဗုံးကြဲလို့ လူ ၅၀ အစုလိုက်အပြုံလိုက်သေဆုံးပြီးနောက် တစ်နေ့ကို ၂ မြို့နယ်ထက် မနည်း စစ်တပ်ကလေကြောင်းဗုံးကြဲနေကြောင်း အေအေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော၊ အောက်တိုဘာ ၁ ရက်မှာ ကျောက်တော်နဲ့ သံတွဲ၊ အောက်တိုဘာ ၂ ရက်မှာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း အေအေကထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ ထိခိုက်သေဆုံးမှုတွေကို စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာကိုအကောင်းဆုံးကူညီပေးနိုင်ဖို့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးနိုင်အောင်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ပြောလာပါတယ်။

မြန်မာကဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြောခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ ကျောက်တော်က အစုလိုက်အပြုံလိုက်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ကုလသမဂ္ဂရော နိုင်ငံတကာနဲ့ ပြည်တွင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေပါ ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။