ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၂ ရက်သတင်းများအနှစ်ချုပ် - မြန်မာ့နွေဦးဆုရတဲ့ ဒီမိုကရေစီဆုပေးပွဲပြုလုပ်
အမေရိကန်အခြေစိုက် National Endowment for Democracy အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူကိုနန်းလင်းက အွန်လိုင်းကတဆင့် ကိုယ်စား လက်ခံရယူတယ်လို့ NED က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဆုဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း လူထုအခြေပြုဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ရည်ရွယ်ပေးအပ်တာဖြစ်ပြီး ကိုနန်းလင်းက အားလုံးကိုယ်စားလက်ခံရ ယူခဲ့တာဖြစ်ပါတယ်။
ဒီဆုပေးပွဲကို အမေရိကန် ပထမဆုံးသမ္မတဟောင်း ဂျော့ချ် ဝါရှင်တန်ရဲ့ သမိုင်းဝင်အိမ်ရာဖြစ်တဲ့ မောင့်ဗာနွန်မှာ စက်တင်ဘာ ၁၀ ရက်တုန်းက ပြုလုပ်ခဲ့တာပါ။
"ဖြတ်သန်းနေတဲ့ ၅ နှစ်တာခရီး လူထုရဲ့ တိုက်ပွဲဝင်မှုကို ဂုဏ်ပြုတဲ့ ဆုလို့မြင်တယ်။ မြန်မာပြည်သူတွေကိုပိုပြီးတော့ အသိအမှတ်ပြုဂုဏ်ပြုလို့ အားဖြစ်ရသလို လုပ်မယ့်အလုပ်တွေအတွက်လည်း အထောက်အပံ့ဖြစ်စေတာပေါ့ဗျာ" လို့ ဆုကြေညာတဲ့ဇူလိုင်လတုန်းက ကိုနန်းလင်းက ဘီဘီစီကိုဖြေထားပါတယ်။
၂၀၂၆ ခုနှစ် ဒီမိုကရေစီတွေကို မြန်မာ့နွေဦးတော်လှန်ရေးလူထုအခြေပြုဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ရရှိတဲ့ လွတ်လပ်စွာစုဝေးခွင့်အပြင် လွတ်လပ်စွာကိုးကွယ်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင်ဆု ၅ ခုကိုလည်း ပေးအပ်တာပါ။
ဘယ်လာရုစ် လူ့အခွင့်အရေးလှုပ်ရှားသူ Ales Bialiatski က ၂၀၂၆ Democracy Service Medal ကိုရသလို အီသီယိုးပီးယား သတင်းဌာန Addis Standard ကလည်း ၂၀၂၆ Democracy Award for Freedom of the Press ကို ရရှိပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် Chris Coons၊ ရုရှားအရပ်ဘက်အဖွဲ့အစည်း Peace Unto All(Mir Vsem) နဲ့ ကျူးဘားဒီမိုကရေစီရေးလှုပ်ရှားသူတွေဖြစ်တဲ့ Luis Manuel Otero Alcántara, Maykel Castillo Pérez နဲ့ Félix Navarroတို့လည်း ဒီမိုကရေစီဆုတွေ အသီးသီးရရှိတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နေတယ်လို့ ဟွန်ဆင်ပြော
လက်ရှိမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့နေရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ယာယီအကြီးအကဲဟွန်ဆင်က ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားမှာ တွေ့ဆုံစဥ်ပြောလိုက်ပါတယ်။
သူပြောခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာပဲ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ဖြစ်ပြီး စီးပွားရေးကျဆင်းနေတဲ့ မြန်မာကို တိုးတက်နေတယ်လို့ပြောတာက ဟွန်ဆင်ရဲ့ သံတမန်ရေးအရ ချဲ့ကားပြောဆိုမှုလို့ နိုင်ငံတကာဆက်ဆံရေးလေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ပါတယ်။
မနေ့က ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဥ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၄ ခုလက်မှတ်ရေးထိုးတယ်လို့ ဒီနေ့နိုင်ငံပိုင်သတင်းက ထုတ်ပြန်ပါတယ်။
ဒီခရီးစဥ်ကို ကမ္ဘောဒီးယားဘုရင်ရဲ့ဖိတ်ကြားချက်နဲ့သွားရောက်ခဲ့ပေမဲ့ ဦးမင်းအောင်လှိုင် မနေ့ကရောက်ချိန်မှာ ဘုရင်နဲ့မိဖုရားက ပြည်ပရောက်နေကြတာပါ။
ရင်းနှီးမြှုပ်နှံမှုအပြန်အလှန်မြှင့်တင်ရေးနဲ့ အကာကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေး၊ ယဥ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်တွေနဲ့ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတွေ ဖြစ်ပါတယ်။ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကဏ္ဍအလိုက်တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့တာပါ။
နေပြည်တော်သမ္မတက ကမ္ဘောဒီးယားနိုင်ငံရဲ့ယာယီအကြီးအကဲဟွန်ဆင်နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာက ထားဝယ်အထူးရေနက်ဆိပ်ကမ်းအပါအဝင် အထူးစီးပွားရေးဇုန်တွေမှာ အကောင်အထည်ဖော်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ဖို့လည်း ပြောခဲ့တာပါ။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာဟာ ကမ္ဘောဒီးယားအတွက် ယုံကြည် စိတ်ချရတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ပြောပြီး ဦးမင်းအောင်လှိုင်က လည်း ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းနိုင်ငံအဖြစ်ဆက်ရပ်တည်မယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံကို အခြေပြုလုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပပျောက်ရေးနဲ့ ပတ်သက်လို့ မြန်မာဘက်ကသတင်းမှာဖော်ပြပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူအပြီး သွားရောက်ခဲ့တဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ ရောမသဘောတူညီမှုမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဒီခရီးစဥ်အတွက် တဖက်နိုင်ငံရဲ့ အာမခံချက်အများအပြားရထားလို့သာ သွားရောက်တာဖြစ်နိုင်တယ်လို့ အင်ဒိုပစိဖိတ်ရေးရာကျွမ်းကျင်သူ မစ္စတာချွန်ပေါ့အုန်းက ဘီဘီစီကိုပြောထားပါတယ်။
ကျောက်မဲ၊ ရွှေမိုးရွှေဆိုင် ဓားပြတိုက်ခံရ ရွှေ ၈၀ သားပါသွား
ဆိုင်ရှင်နဲ့ စည်ပင်ဝန်ထမ်း ၁ ဦး သေနတ်ထိမှန်
ကျောက်မဲမြို့၊ မြို့မဈေးတောင်ဘက်တိုက်တန်းမှာဖွင့်ထားတဲ့ ရွှေမိုးရွှေဆိုင် ဒီမနက်ဆိုင်ခင်းဖို့လုပ်နေချိန်မှာပဲ ဓားပြတိုက်ခံရပြီး ရွှေ ၈၀ သားပါသွားတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သေနတ်ကိုင်ထားသူ ၃ ဦးက ဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သွားတာလို့ သူက ပြောပါတယ်။
"ဆိုင်ခင်းနေတုန်းဆိုတော့ အထုပ်လိုက်ပါသွားတာ။ ဆိုင်ရှင်က လက်မောင်းကျည် ထိတယ်။ ကြားထဲကနေ ဆိုင်ကယ်နဲ့ဝင်တားတဲ့ စည်ပင်ဝန်ထမ်းကောင်လေးက ခြေထောက်ကျည်ထိတယ်" လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီမနက်ဖြစ်သွားတဲ့ ကျောက်မဲမြို့မဈေးဓားပြတိုက်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ လုပ်နေဆဲ ဖြစ်ပါတယ်။