ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ် - လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ
ဂွီဒို ပီရယ်တာဟာ စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး အာဂျင်တီးနားအမျိုးသားဘောလုံးအသင်းကို ဘ၀တစ်လျှောက်လုံး အားပေးလာသူပါ။ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်ကနေစပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက်လက်မှတ်ဝယ်ဖို့ ပိုက်ဆံစစုခဲ့ပါတယ်။
ဒါပေမဲ့ အခုလို အများကြီး စုရလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ကာတာကမ္ဘာ့ဖလားတုန်းက ကျွန်တော့်လက်မှတ်တွေအတွက် ဒေါ်လာ ၁,၄၇၀ ပဲကုန်ခဲ့ပါတယ်။ ဒီတစ်ခါကမ္ဘာ့ဖလားအတွက်တော့ လက်မှတ်တင်ပဲ ဒေါ်လာ ၆,၉၆၀ ပေးပြီးပါပြီ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲတိုင်းအတွက် လက်မှတ်တွေ ဝယ်ထားတာပါ။
လက်ရှိ ကမ္ဘာ့ဖလာချန်ပီယံအသင်းက နောက်ဆုံးဗိုလ်လုပွဲအထိ မရောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သူ့လက်မှတ်တချို့အတွက် နောက်ပိုင်းမှာ ပိုက်ဆံပြန်ရနိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲအထိ ရောက်သွားခဲ့မယ်ဆိုရင်တော့ ဂွီဒိုက လက်မှတ်ဖိုးတင် ကာတာကမ္ဘာ့ဖလားတုန်းက စုစုပေါင်းအသုံးစရိတ်နဲ့ တန်းတူလောက် သုံးရမှာ ဖြစ်ပါတယ်။
"ဘောလုံးက စီးပွားရေးတစ်ခုလို့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ လွန်လွန်းသွားပြီ။ ဒီကမ္ဘာ့ဖလားက တကယ့် စီးပွားရေးကမ္ဘာ့ဖလား ဖြစ်သွားပါပြီ" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဂွီဒိုတို့လို အမာခံပရိသတ်တွေက ကံကောင်းပါတယ်။ သူတို့လို ဘောလုံးအရူးအမူး အားပေးသူတွေကို နိုင်ငံအလိုက် ဘောလုံးအဖွဲ့အစည်းတွေက စျေးပိုသက်သာတဲ့ လက်မှတ်တွေကို ပိုစောစော ဝယ်ခွင့်ပေးပါတယ်။
ပုံမှန်ပရိသတ်တွေကတော့ လက်မှတ်အတွက် ပိုပြီး ငွေကုန်ကြပြီး နေရာထိုင်ခင်းနဲ့ ခရီးစရိတ်အတွက်ပါ စီစဥ်သုံးစွဲရပါတယ်။
ဒါကြောင့် ပရိသတ်တွေက စျေးကြီးလို့ ပြိုင်ပွဲကို လာမကြည့်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဝေဖန်မှုတွေ ကျယ်ပြန့်လာပါတယ်။
သမိုင်းတစ်လျှောက် စျေးအကြီးဆုံး ကမ္ဘာ့ဖလား
၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကတိုက်တစ်လွှားက ကွင်း ၁၆ ကွင်းမှာ ပွဲတွေ ကျင်းပမှာဖြစ်ပြီး အများစုကတော့ အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလအစောပိုင်းမှာ လက်မှတ်မဲနှိုက်ခွင့် ထုတ်ပြန်လိုက်တာက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အင်မတန်မျှော်လင့်နေကြတဲ့အခိုက်အတန့် ဖြစ်ပါတယ်။
အရင်လိုပဲ လက်မှတ်အမျိုးအစားတွေကို အဆင့်လိုက်ခွဲထားပြီး လူမှုရေးနဲ့ စီးပွားရေးနောက်ခံ မတူညီတဲ့ ပရိသတ်တွေပါ ပွဲလာကြည့်နိုင်အောင် စီစဉ်ထားပါတယ်။
ဒါပေမဲ့ အရင်ပွဲတွေထက်စာရင် အနိမ့်ဆုံးအဆင့်လက်မှတ်တွေပါ စျေးမြင့်နေတဲ့အတွက် ပရိသတ်အများစု အံ့အားသင့်သွားကြပါတယ်။
လက်မှတ်အားလုံးကို ဖီဖာက ခွဲဝေပြီး စျေးနှုန်းသတ်မှတ်ထားတာပါ။ အဆင့် ၁ (စျေးအမြင့်ဆုံး) ကနေ အဆင့် ၄ (စျေးအနည်းဆုံး) အထိ အဆင့်လိုက် ခွဲထားပါတယ်။
အမျိုးအစားတိုင်းအတွက် အရေအတွက် တိတိကျကျကို မသိရပေမဲ့ ဖီဖာက ပေးထားတဲ့ ကွင်းမြေပုံအခြေပြု ခန့်မှန်းချက်တွေအရ လက်မှတ်အများစုက စျေးအမြင့်ဆုံး အဆင့်နှစ်ခုဖြစ်တဲ့ အဆင့် ၁ နဲ့ ၂ ထဲမှာ ပါနေပါတယ်။
ဒေသခံတွေအတွက် အရင်ပွဲတွေက စျေးသက်သာတဲ့ အဆင့်ဖြစ်ခဲ့တဲ့ အဆင့် ၄ လက်မှတ်တွေကို အခုအခါ "ပရိသတ်အားလုံးအတွက် ၀ယ်ယူနိုင်တဲ့ ဝင်ပေါက်တစ်ခု" လို့ ဖီဖာက ဆိုပါတယ်။
ဒါပေမယ့် ပရိသတ်အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ဥရောပ ဘောလုံး ပရိသတ်များ အဖွဲ့ (FSE) ကတော့ "အဲဒီလိုလက်မှတ် အခွင့်အရေးတွေ တကယ်ရှိနေသေးလားဆိုတာကို ကြည့်နေရတုန်းပါပဲ" လို့ ပြောပါတယ်။
အခုလက်မှတ် မဲစနစ် ပိတ်သွားပြီဆိုတော့ ဖီဖာရဲ့ တရားဝင်လက်မှတ်ဝယ်တဲ့ဆီကနေ ဒီလိုလက်မှတ်တွေကို လျှောက်ထားလို့ မရတော့ပါဘူး။ နောက်ပြီး မနှစ်ကအောက်တိုဘာလအစောပိုင်းမှာ ရောင်းကတည်းကပဲ အားလုံး ရောင်းကုန်သွားတာ ဖြစ်နိုင်ပါတယ်။
လက်ရှိမှာ ရနိုင်သေးတဲ့ စျေးအသက်သာဆုံးအဆင့်ကတော့ အဆင့် ၃ လက်မှတ်တွေ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲတစ်ပွဲအတွက် လက်မှတ်စျေးက ပွဲရဲ့ လူကြိုက်များနိုင်ခြေပေါ် မူတည်ပြီး ဒေါ်လာ ၁၄၀ ကနေ ၁,၁၂၀ အထိရှိပြီး နောက်ဆုံးဗိုလ်လုပွဲအတွက်ဆိုရင် ဒေါ်လာ ၄,၁၈၅ အထိ တက်နိုင်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးဗိုလ်လုပွဲအတွက် အဆင့် ၄ လက်မှတ်ကို ပြန်ရောင်းနေတဲ့ ပရိသတ်တစ်ယောက်ယောက်ဆီကနေ ဝယ်လို့ရနိုင်ပါတယ်။ လက်ရှိ ဖီဖာတရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာတော့ စျေးနှုန်းတွေက ဒေါ်လာ ၈,၇၄၉ ကနေ ၄၆,၀၀၀ အထိ အမျိုးမျိုးရှိနေပါတယ်။
FSE ကတော့ "စျေးမြင့်လွန်းသွားတဲ့ လက်မှတ်စျေး" တွေကို အံ့အားသင့်နေကြောင်း ပြောခဲ့ပါတယ်။
ဂွီဒိုလိုပရိသတ်တွေအတွက် ကာတာ ၂၀၂၂ ပြိုင်ပွဲနဲ့ စာရင် ငါးဆနီးပါး စျေးတက်လာတယ်လို့တွက်ချက်ထားပါတယ်။
ဒါပေမဲ့ ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက ဒီဇင်ဘာလကုန်မှာ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အားကစားဆွေးနွေးပွဲမှာ လက်မှတ်စျေးနှုန်းတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
"ဖီဖာမရှိဘူးဆိုရင် ကမ္ဘာပေါ်က နိုင်ငံ ၁၅၀ မှာ ဘောလုံး မရှိနိုင်ပါဘူး။ ကမ္ဘာ့ဖလားကနေ ရတဲ့ ဝင်ငွေတွေကြောင့်ပဲ ဘောလုံးရှိလာတာပါ။ အဲဒီဝင်ငွေတွေကိုလည်း ကမ္ဘာတဝန်း ပြန်ရင်းနှီးမြှုပ်နှံနေပါတယ်" လို့ သူက ပြောပါတယ်။
အဓိက လက်မှတ်မဲစနစ်ပိတ်သွားပြီးနောက် ထုတ်ပြန်ချက်တစ်ခုထဲမှာ ဖီဖာက လက်မှတ်လျှောက်ထားမှု သန်း ၅၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။
"ဒီပြိုင်ပွဲက ကမ္ဘာတဝန်းကလူတွေ အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ လုပ်မပေးနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ပရိသတ်အားလုံးကို ကွင်းထဲ ဝင်ခွင့်မပေးနိုင်တာပါပဲ" လို့ အင်ဖန်တီနိုက ပြောပါတယ်။
ဝေဖန်မှုတွေကို တုံ့ပြန်တဲ့ ဖီဖာရဲ့ ဒေါ်လာ ၆၀ အစီအစဉ်
ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဖီဖာက "Supporter Entry Tier" လို့ ခေါ်တဲ့ ဒေါ်လာ ၆၀ တန် လက်မှတ် အမျိုးအစားအသစ်တစ်ခု ထပ်ထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလက်မှတ်တွေကို နိုင်ငံအသင်းပရိသတ်အဖွဲ့ဝင်တွေ ဝယ်နိုင်ပါလိမ့်မယ်။
ဖီဖာကတော့ ဒီလက်မှတ်တွေကြောင့် အမာခံ ပရိသတ်တွေဟာ ဒေါ်လာ ၄,၁၈၅ မပေးရဘဲ ဒေါ်လာ ၆၀ နဲ့တောင် နောက်ဆုံးဗိုလ်လုပွဲကို ၀င်ကြည့်နိုင်မယ်လို့ အခိုင်အမာ ပြောပါတယ်။
ဒီနှစ်မှာ ဖီဖာက ပြိုင်ပွဲဝင်နိုင်ငံတစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေက ပရိသတ်တွေ အတွက် ကွင်း ၀င်ခွင့် စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းကို ခွဲဝေမယ်လို့ ကတိပြုထားပါတယ်။ ပြီးတော့ အဲ့ဒီလက်မှတ်တွေထဲက ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၆၀ နဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။
FSE ကတော့ ဒီအစီအစဉ်ကို "ကမ္ဘာတဝန်းက မကြိုက်ဘူးဆိုတဲ့ ဝေဖန်သံတွေကြောင့် နှစ်သိမ့်ပေးရုံ လုပ်ပေးတာ" လို့ ဆိုပြီး ပယ်ချလိုက်ပါတယ်။
"ဒါက ဖီဖာရဲ့ လက်မှတ်မူဝါဒဟာ တိတိကျကျ မရှိသေးဘူး၊ အလျင်စလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သက်ဆိုင်သူတွေနဲ့ သေချာမတိုင်ပင်ထားကြဘူးဆိုတာကို ပြနေပါတယ်" လို့ FSE က ထပ်ပြောပါတယ်။
ဖီဖာက လက်မှတ်စျေးနှုန်းအဆင့်တစ်ခုချင်းစီအတွက် အရေအတွက်ကို တိတိကျကျ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် သူတို့ဝက်ဘ်ဆိုက်ပေါ်က မြေပုံတွေက ခန့်မှန်းနိုင်စေတဲ့ အချက်အလက်တချို့ ပေးနေပါတယ်။
ဘီဘီစီက တက္ကဆက်ပြည်နယ်က ဒါးလက်စ် အေတီအန်တီကွင်းကို နမူနာ လေ့လာကြည့်ခဲ့ပါတယ်။ အဲ့ဒီကွင်းမှာ အာဂျင်တီးနားအသင်းက အုပ်စုအဆင့်ပွဲတွေဖြစ်တဲ့ ဂျော်ဒန်နဲ့ သြစတြီးယားတို့နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲတွေ ကျင်းပမှာဖြစ်ပြီး ဂွီဒိုလည်း သွားကြည့်ဖို့ စီစဉ်ထားပါတယ်။
ဖီဖာဝက်ဘ်ဆိုက်အရ ဒါးလက်စ် ကွင်းရဲ့ ပရိသတ်ဝင်ဆံ့နိုင်စွမ်းကို ၇၀,၁၂၂ နေရာလောက်ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ နေရာဖွဲ့စည်းပုံအပေါ်မူတည်ပြီး အဲဒီကိန်းဂဏန်း ပြောင်းလဲနိုင်ပါတယ်။ အပိုင်း ၄၀၁၊ ၄၂၄၊ ၄၃၁ နဲ့ ၄၅၄ တွေကိုတော့ လက်မှတ် အဆင့် ၄ အဖြစ် အစိမ်းရောင်နဲ့ အမှတ်အသားလုပ်ထားပါတယ်။
ဖီဖာဝက်ဘ်ဆိုက်မှာ အဲဒီအဆင့်တွေထဲက ထိုင်ခုံအရေအတွက် အတိအကျကို ဖော်ပြမထားသလို ဒါးလက်စ်ကွင်း ဘက်ကလည်း ဘီဘီစီကို အဲ့ဒီအချက်အလက် မပေးနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဒါးလက်စ်ကွင်းနဲ့ တရားဝင်ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်မှတ်ဝက်ဘ်ဆိုက် Seatgeek ကို သုံးပြီး ဘီဘီစီက အဆင့် ၄ အတွက် ထားထားတဲ့ နေရာထိုင်ခုံအရေအတွက်ကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၅၅၈ ခုံလောက် ရှိတယ်လို့ တွက်ချက်နိုင်ပါတယ်။
အပိုင်းတစ်ခုချင်းစီရဲ့ တစ်ဝက် ဒါမှမဟုတ် တစ်ဝက်အောက်ကိုပဲ အဆင့် ၄ အဖြစ် သတ်မှတ်ထားတာဖြစ်လို့ ဘီဘီစီက အဲဒီ အရေအတွက်ကို တစ်ဝက်ခွဲပြီး ၂၇၉ လို့တွက်ခဲ့ပါတယ်။ ဒီလိုဆိုရင် ကွင်းထိုင်ခုံ စုစုပေါင်းရဲ့ ၀.၃၉ ရာခိုင်နှုန်းပဲ စျေးအသက်သာဆုံး ရှိနေတယ်လို့ ဆိုလိုပါတယ်။
ကွင်းအရဆိုရင် အပြာရောင်နေရာတွေကို ဒုတိယစျေးသက်သာဆုံး အဆင့် ၃ အဖြစ် သတ်မှတ်ထားပါတယ်။ အဆင့် ၂ (အနီရောင်) နဲ့ အဆင့် ၁ (ရွှေရောင်)တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စျေးသက်သာတဲ့လက်မှတ်တွေဟာ ရနိုင်တဲ့ ထိုင်ခုံတွေထဲမှာ အနည်းစုသာ ဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
လက်မှတ်စျေးအပြင် တခြားကုန်ကျစရိတ်များ
ဝင်ခွင့်လက်မှတ်စရိတ်နဲ့ပဲ မပြီးသေးပါဘူး။ ဂွီဒိုက ကာတာပြိုင်ပွဲအတွက် ကွင်းဝင်ခွင့်လက်မှတ်၊ လေယာဉ်လက်မှတ်၊ နေရာထိုင်ခင်းနဲ့ နေ့စဉ်အသုံးစရိတ်အားလုံးကို ထည့်တွက်ပြီး ဒေါ်လာ ၅,၀၀၀ လောက် သုံးစွဲဖို့ စီစဉ်ခဲ့တယ်လို့ ပြန်ပြောပြပါတယ်။
"အဲဒီတုန်းကတော့ ပိုက်ဆံနည်းနည်းတောင် ပိုပါသေးတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၆ အတွက်ကတော့ အခြေအနေက ကွာခြားနေပါတယ်။ ပြိုင်ပွဲမစခင် ၆ လအလိုမှာတောင် နေရာထိုင်ခင်းက မသေချာသေးပါဘူး။
Booking.com အရ ၂၀၂၆ ဇွန် ၂၂ ရက်နေ့အတွက် ဒါးလက်စ်မြို့မှာ စျေးအနည်းဆုံး ဟိုတယ် တစ်ညတည်းခိုဖို့ကို ဒေါ်လာ ၁၉၀ ရှိပါတယ်။ Skyscanner အရ ဗွေနိုဆိုင်းရပ်စ် ကနေ ဒါးလက်စ်ကို သွားတဲ့ တိုက်ရိုက်လေယာဉ်ထဲမှာ စျေးအနည်းဆုံးက အမေရိကန်အဲလိုင်း နဲ့ ဒေါ်လာ ၁,၂၆၀ လောက် ရှိပါတယ်။
ပွဲနေ့တွေ နီးလာတာနဲ့အမျှ ၀ယ်သူတွေများလာတာကြောင့် ဒီစျေးနှုန်းတွေကလည်း လက်မှတ်စျေးတွေလိုပဲ တက်သွားနိုင်ပါတယ်။
အဝေးကလာစရာမလိုတဲ့ ပရိသတ်တွေတောင် စျေးကြီးတာကြောင့် ပြိုင်ပွဲကို မကြည့်နိုင်တော့တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။
ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို နယူးဂျာစီပြည်နယ်က မက်လိုက်ဖ်ကွင်းမှာ ကျင်းပမှာပါ။ အဲ့ဒီကွင်းဟာ အမေရိကန်ဘောလုံး အသင်းတွေဖြစ်တဲ့ New York Giants နဲ့ New York Jets တို့ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။
နယူးယော့ခ်မြို့ခံ အသက် ၂၃ နှစ်အရွယ် ရှားလက် ဘာဝေါလ်က သူမဝယ်နိုင်တဲ့ လက်မှတ်စျေးနှုန်းတွေကြောင့် စိတ်ပျက်နေတယ်လို့ ပြောပါတယ်။
"ကျွန်မ ကမ္ဘာ့ဖလားကို ကြိုက်ပါတယ်။ ဒါပေမယ့် စျေးတွေကတော့ တကယ် လွန်လွန်းပါတယ်။ တကယ်ကို မဖြစ်သင့်တဲ့ စျေးတွေပဲ" လို့ ဘီဘီစီကို ပြောပါတယ်။
"ကျွန်မတို့ကို ပယ်ထားသလို ခံစားရပါတယ်။ ကျွန်မတို့မြို့မှာ ပွဲကြီးရှိနေပေမဲ့ အဲ့ဒီမှာ ကျွန်မတို့ မပါရဘူးလို့ ခံစားရသလိုပါပဲ" လို့ သူက ပြောပါတယ်။
ကမ္ဘာရဲ့ တခြားနေရာတွေက ပရိသတ်တွေလည်း ဒီလို မကျေနပ်တာတွေ ရှိနေပါတယ်။
"ဂါနာအသင်းက တိုရန်တို၊ ဘော့စတွန်နဲ့ ဖီလာဒယ်ဖီးယားတို့ မှာကစားမှာဆိုတော့ ပွဲတွေကို သွားကြည့်နိုင်ဖို့ဆိုရင် ဒေါ်လာ ၁၅,၀၀၀ လောက်ကုန်မယ်ထင်ပါတယ်" လို့ ဂါနာအားကစားသတင်းထောက် မက်တာ၀ူ အဘက်ဒူလိုင်းက ဘီဘီစီကို ပြောပါတယ်။
"နေရာထိုင်ခင်း၊ အစားအသောက်နဲ့ မြို့တွင်း သွားလာစရိတ်တွေ တွက်လိုက်ရင် ဒေါ်လာ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ လောက် ကုန်မယ်ထင်ပါတယ်" လို့ သူက ပြောပါတယ်။
"စျေးတင်လိုက်တာကို လက်မခံနိုင်ပါဘူး။ ဂါနာနဲ့ အာဖရိကရဲ့ စီးပွားရေးကို ကမ္ဘာရဲ့ အခြားနေရာတွေနဲ့ ယှဥ်လို့ မရဘူးလေ။ ကျွန်တော်တို့ ဘောလုံးကိုချစ်ပေမဲ့ အရင်ဆုံး အခြေခံလိုအပ်ချက်တွေကို လုပ်ရသေးတယ်" လို့ သူက ပြောပါတယ်။