ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဦးမင်းအောင်လှိုင်ပြော

နယ်စပ်ကုန်သွယ်ရေးမှာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဝန်ထမ်းတွေရဲ့ လစာနဲ့ စရိတ်တွေကို ခေတ်ကာလ ကုန်ဈေးနှုန်း၊ လူနေမှုစရိတ်တွေနဲ့ ကိုက်ညီတဲ့အထိ တိုးမြှင့်ပေးဖို့အတွက် တိကျတဲ့ ကာလအပိုင်းအခြားနဲ့ စီမံကိန်းအတွက် မေးခွန်းကို အမျိုးသားလွှတ်တော်မှာမေးဖို့ တင်ပြထား
  • နေပြည်တော်ဝန်ကြီးက အာဆီယံ ဘုံ ၅ ချက်အရေး ထိုင်းမှာကျင်းပ အလွတ်သဘောဆွေးနွေးပွဲမှာရှင်းလင်းမယ်လို့ ၂၀၂၆ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်ပြော
  • ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံမှာ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကမ်းဘေး ထိုင်းနယ်စပ်က ပြည်သူတွေကို နေရာရွှေ့ပြောင်းဖို့ ထိုင်းနယ်ခြားစောင့်တပ်အသိပေး
  • လားရှိုးမြို့ပေါ်ကို ဇူလိုင် ၉ ရက် ညနေပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး ရပ်ကွက် ၁၀ က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး သေဆုံး
  • ရခိုင်ပြည်နယ် မြို့နယ် ၈ ခု ထဲက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူတစ်သိန်းဝန်းကျင် ရေဘေးကြုံတွေ့နေပြီး တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့မိုးဇလသတိပေး
  • နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေးမှာ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပြန်သုံးနိုင်တဲ့ဒုံးပျံ လွှတ်တင်နိုင်ပြီ လို့ တရုတ်ထုတ်ပြန်

    တစ်ကြိမ်လွှတ်တင်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးနောက် တရုတ်အာကာသအစီအစဉ်အတွက် ကြီးမားတဲ့ အောင်မြင်မှုအဖြစ် တရုတ်နိုင်ငံမီဒီယာတွေက ဖော်ပြပါတယ်။

    Long March 10B ဒုံးပျံကို သောကြာနေ့က တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကနေ လွှတ်တင်ခဲ့ကြောင်း တရုတ်အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့ပါတယ်။

    ဒုံးပျံရဲ့ အပေါ်အဆင့်ကနေ ခွဲထွက်ပြီး ခြောက်မိနစ်အကြာမှာ ဒုံးပျံရဲ့ တွန်းကန်စက် (booster) ဟာ မြေပြင်ကို ဒေါင်လိုက်ပြန်ကျလာပြီး ရေပေါ်စင်တစ်ခုအပေါ် ပြန်ဆင်းနိုင်ခဲ့ပါတယ်။

    အီလွန်မက်စ်ရဲ့ SpaceX နဲ့ Amazon တည်ထောင်သူ ဂျက်ဘီဇော့ရဲ့ Blue Origin တို့လို ပြန်သုံးနိုင်အောင် တရုတ်ကလုပ်ပြလိုက်နိုင်တာမို့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံနယ်ပယ်မှာ အမေရိကန်ရဲ့လွှမ်းမိုးမှုကို တရုတ်က စိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။

    ဒုံးပျံတွေလွှတ်တင်တဲ့အခါ များသောအားဖြင့် တစ်ခါသုံးအဖြစ်သာ အသုံးဝင်ပြီး အာကာသကို ပျံတက်နေတုန်း အစိတ်အပိုင်းအဆင့်ဆင့်ကို စွန့်ပစ်ဖျက်ဆီးလေ့ရှိတဲ့အတွက် ကုန်ကျစရိတ် ကြီးမားပါတယ်။

    ဒုံးပျံတစ်စင်းရဲ့ တန်ဖိုးအရှိဆုံးအပိုင်းအဖြစ် သတ်မှတ်ခံရတဲ့ ဒုံးပျံတွန်းကန်စက် Booster တွေကို ပြန်လည်အသုံးပြုနိုင်တာက ဒုံးပျံလွှတ်တင်တာနဲ့ အာကာသလေ့လာရေးတွေမှာ ကုန်ကျစရိတ်အများကြီး လျှော့ချနိုင်ပါတယ်။

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ SpaceX ရဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ Falcon 9 ဒုံးပျံဟာ ကမ္ဘာပတ်လမ်းကြောင်းကနေ မြေပြင်ကို ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီး Blue Origin ရဲ့ New Glenn ဒုံးပျံဟာလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ အလားတူဆင်းသက်နိုင်ခဲ့ပါတယ်။

    အခုအချိန်မှာတော့ Falcon 9 ဟာ အကြိမ်ပေါင်းဒါဇင်နဲ့ချီပြီး ပြန်လည်အသုံးပြုနိုင်တဲ့ Boosters တွေနဲ့ တစ်နှစ်ကို အကြိမ် ၁၅၀ လောက် ဒုံးပျံလွှတ်တင်နေပါတယ်။

    တရုတ်ဟာ ဖေဖော်ဝါရီမှာ The Long March 10A ဒုံးပျံနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံကို ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒုံးပျံဟာ ထိန်းချုပ်ထားတဲ့အတိုင်း ပြန်လည်ဆင်းသက်နိုင်ခဲ့ပေမဲ့ ရေပေါ်စင်ဘေးက ရေထဲကို ပြုတ်ကျခဲ့ပါတယ်။

    The Long March 10B ဟာ ကမ္ဘာ့လေထုအောက်ပိုင်းပတ်လမ်းမှာ မက်ထရစ် ၁၆ တန်အထိ သယ်ဆောင်နိုင်လို့ Falcon 9 နဲ့ စွမ်းဆောင်ရည်မှာ နှိုင်းယှဉ်ခံခဲ့ရပါတယ်။

    Falcon 9 နဲ့မတူတာက The Long March 10B ဟာ မြေပြင်က ဒုံးပျံစင် ဒါမှမဟုတ် ဒရုန်းသင်္ဘောပေါ်ကို အလိုအလျောက် ပြန်မကျနိုင်ပါဘူး။ အဲ့ဒီအစား ဒုံးပျံပေါ်က ဆင်းသက်ချိတ်တွေနဲ့ ရေပေါ်စင်ပေါ်မှာ တပ်ထားတဲ့ ပိုက်တွေကို လှမ်းချိတ်ဖမ်းယူရမှာဖြစ်ပါတယ်။

    ဒီသတင်းထွက်လာပြီးနောက် တရုတ်အာကာသကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာပြီး China Spacesat နဲ့ China Satellite Communications ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ ဆယ်ရာခိုင်နှုန်းစီတက်လာခဲ့ပါတယ်။ ဒါဟာ တရုတ်ဘဏ္ဍာရေးဈေးကွက်ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ နေ့စဉ် အမြင့်ဆုံးအကန့်အသတ်လည်းဖြစ်ပါတယ်။

  2. ဝန်ထမ်းလစာတိုးပေးဖို့ အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးမယ်

    နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနဲ့ စရိတ်တွေကို ခေတ်ကာလ ကုန်ဈေးနှုန်း၊ လူနေမှုစရိတ်တွေနဲ့ ကိုက်ညီတဲ့အထိ တိုးမြှင့်ပေးဖို့အတွက် တိကျတဲ့ ကာလအပိုင်းအခြားနဲ့ စီမံကိန်း အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိ/မရှိဆိုတဲ့ မေးခွန်းကို အမျိုးသားလွှတ်တော်မှာမေးဖို့ တင်ပြထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေမင်းက ဘီဘီစီကို ပြောပါတယ်။

    ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ-USDP ပါတီဝင်အမတ်ဖြစ်တဲ့ ဦးစိန်ရွှေမင်းက ကြယ်ပွင့်ပြ မေးခွန်းအနေနဲ့ ဇူလိုင် ၆ ရက်မှာ တင်သွင်းထားတယ်လို့ သိရပါတယ်။

    လက်ရှိနိုင်ငံ့ဝန်ထမ်း အနည်းဆုံးလစာက ၁ သိန်း ၈ သောင်း၊ အပိုထောက်ပံ့ကြေးက ၉ သောင်း၊ စုစုပေါင်း တစ်လကို ၂ သိန်း ၇ သောင်းဆိုတဲ့ ဝင်ငွေဟာ လက်ရှိကုန်ဈေးနှုန်းနဲ့ လုံးဝမလောက်တာကြောင့် အခုလို မေးရတာလို့ ဦးစိန်ရွှေမင်းက ဘီဘီစီကို ပြောပါတယ်။

    “လစာမလောက်တော့ အပိုဝင်ငွေကိုရှာရတော့ ဝန်ထမ်းရဲ့ စွမ်းရည်ကို ဌာနက အပြည့်အဝ မရတော့ဘူး။ အပိုဝင်ငွေရှာတဲ့အခါမှာလည်း အကျင့်ပျက် ခြစားတာတွေက ဖြစ်လာနိုင်တယ်”လို့ ဦးစိန်ရွှေမင်းက ပြောပါတယ်။

    ဒါ့ကြောင့် လစာတိုးပေးဖို့ ချက်ချင်းမဟုတ်ရင်တောင် ဘယ်ကာလအတွင်း လုပ်ပေးမယ်နိုင်မလဲဆိုတာ သိရအောင်မေးတာလို့လည်း သူက ထပ်ပြောပါတယ်။

    လွှတ်တော်မှာ အဆိုတင်သွင်းထားပေမဲ့ တခြားလွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းထားတဲ့ မေးခွန်းတွေရှိတာကြောင့် အခုအကြိမ်မှာ ဆွေးနွေးခွင့် မရသေးဘဲ လာမယ့် တတိယအကြိမ် လွှတ်တော်မှသာ ဆွေးနွေးဖြစ်ဖို့များတဲ့အကြောင်း သူ့ယူဆချက်ကိုလည်း ပြောပါတယ်။

    ဒီမေးခွန်းကို လွှတ်တော်က လက်ခံဆွေးနွေးမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားမယ့် အခြေအနေကို ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြယ်ပွင့်ပြ မေးခွန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန ဒါမှမဟုတ် အစိုးရအဖွဲ့ဝင်က လွှတ်တော်ကိုလာဖြေရတာဖြစ်ပြီး ဆက်စပ်မေးခွန်းတွေကိုပါ ကိုယ်စားလှယ်က ထပ်မေးခွင့် ရှိတာပါ။

    ကြယ်ပွင့်မပြထားတဲ့ မေးခွန်းတွေဆိုရင်တော့ စာနဲ့ဖြေပေးတာဖြစ်ပါတယ်။

  3. အာဆီယံ ဘုံ ၅ ချက်အရေး နေပြည်တော်ဝန်ကြီးက ထိုင်းက အလွတ်သဘောဆွေးနွေးပွဲမှာရှင်းလင်းမယ်လို့ ဖိလစ်ပိုင်ပြော

    ၂၀၂၆ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်က နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ထားပြီး အစည်းအဝေးကို ဇူလိုင် ၁၂ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်မယ်လို့ ဖိလစ်ပိုင်က ထုတ်ပြန်ပါတယ်။

    အလွတ်သဘောအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံရဲ့ မြန်မာ့အရေးအထူးသံ မာထရီဆာပီ လာဇာရိုက ဦးဆောင်မှာဖြစ်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်ဘက်က ကိုယ်စားလှယ်တို့ ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်ပါတယ်။

    ဖိလစ်ပိုင်အပြောအရ အစည်းအဝေးမှာ ဦးတင်မောင်ဆွေက မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြမှာဖြစ်ပြီး အာဆီယံရဲ့ မြန်မာအပေါ် ထိတွေ့ဆက်ဆံရေး၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတို့အတွက် ဘုံသဘောတူညီချက်နဲ့ အညီ မြန်မာက ဆောင်ရွက်နိုင်မယ့် လက်တွေ့ကျတဲ့ အဆင့်တွေကို ဆွေးနွေးကြမယ်လို့ ထုတ်ပြန်ပါတယ်။

    တချိန်တည်းမှာပဲ ဇူလိုင် ၉ ရက်က နေပြည်တော်လွှတ်တော်မှာ အာဆီယံဘုံသ‌ဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး သုံးသပ်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ပြန်ရှင်းခဲ့တာတွေ့ရပါတယ်။

    သူ့အပြောအရ သူတို့အစိုးရအသစ်တက်လာပြီးနောက်ပိုင်း မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ လာရောက်ခဲ့ပြီးဖြစ်သလို တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း လာရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံနဲ့ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ အာဆီယံနဲ့ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မယ်လို့ပြောခဲ့ပါတယ်။ ဒါတင်မက ဘန်ကောက်အစည်းအဝေးကိုလည်းသူတက်ရောက်မယ်လို့ အတည်ပြုပြောသွားပါတယ်။

    တဖက်မှာလည်း အာဆီယံအထူးသံဖိလစ်ပိုင်နဲ့ ထိုင်းတို့ပေါင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EROs တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG တို့နဲ့လည်း ဆက်ပြီး တွေ့ဆုံမယ်လို့ သတင်းတွေထွက်ပေါ် နေပါတယ်။

  4. သမ္မတအာဏာစက်ကို ပိုကျယ်ပြန့်စေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ ၄၃ ချက်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ဆီကို အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ပေးပို့ထားပါတယ်။

    ဒီ ၄၃ ချက်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ အထိ သုံးနှစ်ကျော်အတွင်း တပ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တို့ရဲ့ ဆွေးနွေးပွဲ ၂၈ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပွဲ ၁၄ ကြိမ်အတွင်း ရခဲ့တဲ့သဘောတူညီချက်တွေလို့ ဖော်ပြထားပါတယ်။

    ဘီဘီစီက ကြည့်ရှုခွင့်ရခဲ့တဲ့အဲဒီသဘောတူညီချက်စာချုပ်ထဲမှာတော့ ပြင်ဆင်ချက်အများစုဟာ အရင် လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။

    အဲဒီ ၄၃ ချက်လုံးကို လေ့လာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ အုပ်ချုပ်ရေးအာဏာ executive level ကို ပိုပြီး ကျယ်ပြန့်စေတဲ့ ပြင်ဆင်ချက်တွေလို့ ဘီဘီစီကိုပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. မြန်မာဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်လို့ နယ်စပ်ကပြည်သူတွေ နေရာရွှေ့ဖို့ ထိုင်းနယ်ခြားစောင့်တပ်သတိပေး

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သောင်ရင်းမြစ်ကမ်းဘေး ထိုင်းနယ်စပ်က ပြည်သူတွေကို နေရာရွှေ့ပြောင်းဖို့ ထိုင်းနယ်ခြားစောင့်တပ်က အသံချဲ့စက်တွေနဲ့ အသိပေးနေတယ်လို့ မဲဆောက်မြို့မှာရှိတဲ့ အရင်းအမြစ်တွေက ပြောကြပါတယ်။

    မင်းလက်ပံဟာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းပေါ်မှာရှိပြီး စစ်တပ်နှင့် KNLA ဦးဆောင်တဲ့ အင်အားစုတွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာပါ။

    မိုးရွာနေတဲ့ကြားကပဲ ဒီနေ့နေ့လယ် ၁၁ နာရီခွဲနဲ့ ၁၂ နာရီကြားမှာ မင်းလက်ပံ စာသင်ကျောင်းနောက်ကို တိုက်လေယာဉ်တွေနဲ့ ဗုံး ၄ လုံးကြဲသလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်လို့ ရင်းမြစ်တချို့က ပြောကြပါတယ်။

    မင်းလက်ပံနဲ့ နီးတဲ့ မဲဆောက်ဘက်ခြမ်းက တချို့နေအိမ်တွေဆို တုန်ခါတဲ့အထိ ခံစားရတယ်လို့လည်း ပြောပါတယ်။

    တက်ခ်ခရိုင် မဲဆောက်က ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ်က စစ်ကားတွေ ၇ စီးလောက်နဲ့ လှည့်ပတ်နေတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးလာတဲ့ မင်းလက်ပံဟာ မြန်မာထိုင်းနယ်စပ် ကုန်သွယ်ရေးနဲ့ အာရှလမ်းမ ချိတ်ဆက်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဒီဒေသကို ထိန်းချုပ်ဖို့အတွက် စစ်တပ်ဘက်က စစ်ရေးအရှိန် မြှင့်နေတာလို့လည်း KNLA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    ဒါ့အပြင် မင်းလက်ပံဒေသဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA ) ထိန်းချုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကနေ မနှစ် နှစ်ကုန်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသားအယောက် ၉၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

    တိုက်ပွဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ပါဝင်သလို စစ်တပ်ဘက်ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေ ပူးပေါင်းပါဝင်တယ်လို့ KNLA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

  6. လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် သေဆုံးတဲ့အမျိုးသမီး ဒီနေ့သင်္ဂြိုဟ်မယ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၉ ရက်ညနေပိုင်းက ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လားရှိုးမြို့ပေါ်က ရပ်ကွက် ၆၊ ရပ်ကွက် ၁၀ ၊ ရပ်ကွက် ၇၊ ရပ်ကွက် ၉ စတဲ့ နေရာတွေကို ဇူလိုင် ၉ ရက် ညနေပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး ရပ်ကွက် ၁၀ က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး သေဆုံးပြီး ရပ်ကွက် ၆ က အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

    “အဲဒီအမျိုးသမီးက တနေကုန် ဘုရားကျောင်းမှာ လုပ်ကိုင်ပေးပြီး ပင်ပန်းလာလို့ အိမ်မှာပြန်အိပ်တဲ့အချိန်အိမ်ပေါ် ဒုံးကျတော့ ပြေးချိန်မရလိုက်ဘူး။ ဆေးရုံပို့တဲ့လမ်းမှာပဲ ဆုံးတာ။ သူ့မှာ ကိုယ်ဝန်ရှိနေတာတော့သိတယ်၊ ဘယ်နှလလည်းတော့ မသိဘူး”လို့ သေဆုံးသူ အမျိုးသမီး မိသားစုဝင်နဲ့ နီးစပ်သူ လားရှိုးမြို့ခံက ပြောပါတယ်။

    ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတဲ့ နေရာတွေကို စစ်တပ်က မနေ့ညနေပိုင်းက လိုက်စစ်ဆေးတာတွေ ရှိပေမဲ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းအထိတော့ ပြည်သူတွေ ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။

    တချို့ မိဘတွေကတော့ ကလေးတွေကို ကျောင်းမပို့ဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပါတယ်။

    ရှော့တိုက်ဒုံး ပစ်တဲ့နေရာဟာ မြို့ရှောင်လမ်းရှိတဲ့ ဆင်တောင်ဘက်က ဖြစ်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

    လားရှိုးမြို့ထဲက ရပ်ကွက် ၁၂ ခုထဲမှာသာ စစ်တပ်က စိုးမိုးနိုင်ပြီး လားရှိုးမြို့ပြင်ဘက်တွေကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    လားရှိုး- သီပေါ- မိုင်းရယ်လမ်းကိုလည်း ပြန်စိုးမိုးခွင့်ရဖို့ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏ ညှိနှိုင်းတာတွေ ရှိနေတယ်လို့လည်း ရှမ်းမြောက်အရေး ကျွမ်းကျင်တဲ့ လားရှိုးမြို့ခံက ပြောပါတယ်။

    ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ ဖြတ်သန်းလာတဲ့ တရုတ်ပစ္စည်းသယ်ကုန်ကားတွေကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး ရက် ၁၀၀ စီမံချက်ဆိုပြီး စစ်တပ်က လားရှိုးမြို့ထဲကို ဝင်ခွင့်မပြုတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လားရှိုးမြို့ဟာ ကိုးကန့်တပ်-MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် မှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ညှိနှိုင်းမှုကြောင့် ၂၀၂၅ ခုနှစ်မှာ ဧပြီမှာ စစ်တပ်က ပြန်ထိန်းချုပ်တာဖြစ်ပါတယ်။

    နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘဲအိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ မြန်မြန်အကောင်အထည်ဖော်နိုင်အောင် လုံခြုံရေးနဲ့ ထိန်းချုပ်ရေးပိုင်းတွေကို ဆောင်ရွက်ဖို့ကိုလည်း အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၉ ရက်မှာ ပြောထားပါတယ်။

  7. ရခိုင်မှာ ကျေးရွာ ၁၀၀ လောက်က ပြည်သူ တစ်သိန်းဝန်းကျင် ရေဘေးသင့်, တစ်ပတ်ကျော်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမိုးကြီးနိုင်တယ်လို့ မိုးဇလသတိပေး

    အာရက္ခတပ်တော်-အေအေ ထိန်းချုပ်တဲ့ မြို့နယ် ၈ ခု ထဲက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူတစ်သိန်းဝန်းကျင် ရေဘေးကြုံတွေ့နေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ စာ‌ရေးဆရာ ဝေဟင်အောင်က ဘီဘီစီကို ပြောပါတယ်။

    ဇူလိုင် ၇ ရက်ကစပြီး ဇူလိုင် ၁၀ ရက်အထိ မိုးဆက်တိုက် ရွာနေတာကြောင့် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်ဘေးက မြို့နယ်တွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်မှာ ရေဘေးသင့်သူ အများစုဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေထဲပါ ရေဝင်နေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေမှာလည်း မြေနိမ့်ပိုင်းက ပြည်သူတွေ ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

    “မိုးက ဆက်တိုက်ရွာနေတာ၊ ဒီနေ့မနက်အထိ တောက်လျှောက်ပဲ မပြတ်သေးဘူး။ ရေကလည်း မနေ့ကထက် ပိုတက်လာတယ်၊ ရေကြီးနေလို့ တမြို့နယ်နဲ့တမြို့နယ် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားပြီ”လို့ စာ‌ရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

    ရေကြီးတာတွေကြောင့် လူ ၃ ယောက်သေဆုံးပြီး လမ်း/တံတားတချို့ ထိခိုက်ပျက်စီးတာ၊ မြေပြို၊ ကမ်းပြိုတာတွေ ရှိနေသလို ရေကြီးတာတွေကလည်း ပိုဆိုးလာနိုင်တယ်လို့ အာရက္ခတပ်တော်-အေအေ ရဲ့ လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

    သေဆုံးသူတွေဟာ ကျောက်တော်မြို့နယ်ကဖြစ်ပြီး ရေကြီးချိန်မှာ စက်လှေမှောက်တာကနေ သေဆုံးတာဖြစ်တယ်လို့ ရေဘေးသင့်ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

    မြန်မာနိုင်ငံကို မုန်တိုင်းနဲ့ မိုးသက်ရောက်မှု ရှိစေတဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းတာတွေကြောင့် ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

    ရခိုင်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း(မြောက်၊အရှေ့) တွေမှာ နေရာကွက်မိုးကြီးနိုင်တာကြောင့် ရေကြီးတာ၊ မြေပြိုတာတွေကို သတိထားဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။

    ရခိုင်ပြည်နယ်မှာ ရေကြီးမှုဟာ အလွန်ပြင်းထန်တဲ့ ခရမ်းရောင်အဆင့်ရှိပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ဖြစ်လာနိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြီးရေလျှံမှု သတိပေးစောင့်ကြည့်ရေးစနစ် (Global Flood Awareness System - GloFAS)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မိုးလေဝသ စောင့်ကြည့်သူ ဦးဝင်းနိုင်က ရေးသားထားပါတယ်။

  8. ဒေါက်တာဖေဉာဏ် - ဗိုလ်ချုပ်ကြီးတွေရဲ့အခါတော်ပေး အသတ်ခံရခြင်း

    ဒေါက်တာဖေဉာဏ်က ဗိုလ်ချုပ်ကြီးနေဝင်းနဲ့သိကျွမ်းသူ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူ၊ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးလုပ်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ အဆက်အသွယ်ရှိခဲ့လို့ ထိပ်တန်းစစ်ခေါင်းဆောင်အဆက်ဆက်နဲ့ ပတ်သက်ခဲ့သူဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်တွေကို အခါတော်ပေးခဲ့ရုံသာမကဘဲ မြန်မာလူထုရဲ့ ထုံးတမ်းစဥ်လာနဲ့ နေ့စဥ်ဘဝတွေကို ပုံဖော်နေတဲ့ မြန်မာပြက္ခဒိန်တွေရဲ့နောက်ကွယ်မှာ သြဇာကြီးမားသူအဖြစ် ဒေါက်တာဖေဉာဏ်က ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပါတယ်။

    သူ့ဘ၀ တလျှောက် ရဟန္တာတွေကိုလိုက်ရှာခဲ့သူဖြစ်ပြီး သံသရာဘေးကိုကြောက်လို့ ရဟန်းဝတ်တယ်လို့ ဆိုခဲ့ပါတယ်။ရဟန်းဘ၀မှာ သူ့ကိုသူ "အရိယာ" လို့ ထုတ်ပြောလို့ မေးခွန်းထုတ်ခံရ၊ ဝေဖန်ခံရသူဖြစ်ပါတယ်။အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဦးမင်းအောင်လှိုင်ပြော

    နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီး နယ်စပ်ဆိုင်ရာစီမံခန့်ခွဲရေးဟာ သက်ဆိုင်ရာနှစ်နိုင်ငံ အစိုးရတွေကသာ အဓိကတာဝန်ယူစီမံ ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်လို့မရကြောင်း သူက ထပ်လောင်းပြောပါတယ်။

    ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေးမှာ ပြောခဲ့တာပါ။

    အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းတွေအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေကို အစိုးရအဖြစ် တာဝန်ယူထားတဲ့ ငါးနှစ်အတွင်းမှာ ပြီးစီးအောင် အကောင်အထည်ဖော်ဖို့ကိုလည်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ဒီလိုအကောင်အထည်ဖော်ဖို့အတွက်ကိုလည်း လုံခြုံရေး၊ ဥပဒေစိုးမိုးရေးတွေကို လုပ်ဆောင်နိုင်ဖို့ကိုလည်း ထည့်သွင်းပြောပါတယ်။

    ဒါ့အပြင် ဦးမင်းအောင်လှိုင် အလေးပေး ပြောထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းရဲ့ အဓိကလမ်းကြောင်းမှာ ပါဝင်နေတဲ့ မုံရွာ-ယာကြီး-ကလေး-တမူး လမ်းကြောင်းကို သွားလာခွင့်ရမယ်ဆိုရင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးပိုများလာမယ်လို့ ပြောထားပါတယ်။

    မုံရွာ-ယာကြီး-ကလေး-တမူးလမ်းကို ပြီးခဲ့တဲ့ ဇွန် မှာစစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး ပြန်ထိန်းချုပ်ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဇူလိုင် ၈ ရက်အထိ အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ တမူးမြို့နယ် ကနန်ကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

    အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဟာ အရှည်ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) ရှည်လျားသော လမ်းမကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ မြန်မာနိုင်ငံကိုဖြတ်သန်းပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

    အိန္ဒိယ-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့လမ်းဟာ မြန်မာနိုင်ငံ တမူး၊ ခမ်းပတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ပဲခူး၊ မြဝတီမြို့တို့ကို ဖြတ်သန်းသွားမှာဖြစ်ပြီး လမ်းပိုင်းအများစုမှာ လုပ်ငန်းများပြီးစီးနေပေမဲ့ လုံခြုံရေးအခြေအနေများကြောင့် လမ်းပိုင်းအချို့ ဆက်လက်ဆောင်ရွက်ရန်ကျန်နေသေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    မြန်မာနိုင်ငံဟာ အိန္ဒိယ တရုတ် ၊ ထိုင်း နယ်စပ်မြို့နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်းရှိပြီး တချို့အဖွဲ့အစည်းတွေနဲ့တော့ နယ်စပ်ဂိတ်တွေဖွင့်ဖို့ ဆွေးနွေးနေတာလည်း ရှိပါတယ်။

  10. မင်္ဂလာပါ။ ဇူလိုင် ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။