ဇွန် ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
NUG လက်အောက် ယင်းမာပင်ခရိုင်၊တပ်ရင်းအမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် အချင်းချင်းပစ်ခတ်ခံရလို့သေဆုံး
ယင်းမာပင်ခရိုင်၊တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင် အချင်းချင်းပစ်ခတ်ခံရလို့သေဆုံး၊ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆွေကောင်းဖြစ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ မွေးနေ့ဆုတောင်းစာမှာထည့်ပြောတဲ့သတင်းအပါအဝင် ဇွန် ၂၆ ရက် ကမ္အာ့နဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးကြည်ကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်စဉ်မွေးနေ့တိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီက စာပေးပို့ကာ ဆုတောင်းပေးလေ့ ရှိ
- ကမ္ဘာ့ဖလား - ဘရာဇီးနဲ့ ဂျပန် ၃၂ သင်းရှုံးထွက်အဆင့်မှာ တွေ့မယ်
- ဗင်နီဇွဲလားငလျင်အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၅၀ (စတာလင်ပေါင် ၁၁၃ သန်း) ကူညီ
- ဗင်နီဇွဲလားနိုင်ငံမှာ မြို့တော် ကာရာကတ်စ် အနီးဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၃၅ ယောက်အထိ မြင့်တက်
- လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်မယ်လို့ ဦးမင်းအောင်လှိုင်ပြော
- တင်းကျပ်ထားတဲ့ ပို့ကုန်သွင်းကုန်မူဝါဒကိုဖြေလျော့သင့်ပြီး တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲနှုန်း ရအောင်လုပ်ပေးသင့်တယ်လို့ ထောက်ပြ
တိုက်ရိုက် ထုတ်လွှင့်ချက်
NUG လက်အောက် ယင်းမာပင်ခရိုင်၊တပ်ရင်းအမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် အချင်းချင်းပစ်ခတ်ခံရလို့သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Kan Lin Aung
ဓာတ်ပုံ ပုံစာ, သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးခဲ့တဲ့ ပုလဲမောင် စစ်ကိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင် ဟာ ဒီကနေ့ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးတစ်ခုမှာ ပစ်သတ်ခံရလို့ သေဆုံးတဲ့ ဖြစ်စဥ်မှန်ကန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကိုပြောပါတယ်။
ဦးနေဘုန်းလတ်ရဲ့ အပြောအရ ပစ်ခတ်သူကိုဖမ်းဆီးထားပြီး အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းအချက်အလက်တွေအရ ဒီကနေ့ ဇွန် ၂၆ ရက် နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ယင်းမာပင်ခရိုင်ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲရေးမှူး စွမ်းသူမောင်ရဲ့ တပည့်ဖြစ်သူက ပုလဲမောင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရှိရပါတယ်။
'' အစည်းအဝေးမှာ ခရိုင်ကွပ်ရဲ့ PA က ပစ်သတ်လိုက်တာပါ'' လို့ စစ်ကိုင်းစစ်ရေးအခြေအနေသိရှိသူကပြောပါတယ်။
ဖြစ်စဥ်အရ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအဖွဲ့နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ တို့ကြား ပြဿနာလို့နားလည်ရပြီး ဒီနှစ်ဖွဲ့လုံးက အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တွေဖြစ်ပါတယ်။
ပုလဲမောင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတော်လှန်ရေးခေါင်းဆောင်တစ်ဦးကတော့ ''ကျွန်တော်တို့ပြောချင်တာကဘာကြောင့်ပဲဖြစ်ဖြစ်၊ဘာအပြစ်ပဲရှိရှိ ကျွန်တော်တို့မှာ အဆင့်ဆင့်ကွပ်ကွဲမှုရှိတယ်။ဥပဒေရှိတယ်။ စစ်စည်းကမ်းရှိတယ်။ ဒီအတိုင်းကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြင်တယ်။ အခုလို ခရိုင်ကွပ်ကဲရေးမှူးကိုယ်တိုင်ရှိနေတဲ့ အစည်းအဝေးမှာ ခရိုင်ကွပ်ကဲမှုအောက်မှာရှိနေတဲ့တပ်ရင်းမှူးတစ်ယောက်ကို အကြောင်းမဲ့သေနတ်နဲ့ပစ်သတ်တာ တရားမျှတမှုမရှိဘူး။လက်မခံဘူး'' လို့ ပြောပါတယ်။
ပုလဲမောင်ဟာ တော်လှန်ရေးအစကတည်းကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ခရိုင်ရုံးကနေ အစည်းအဝေးရှိတယ်လို့ ခေါ်ယူခံရပြီးနောက်အခုလိုပစ်သတ်ခံရပြီးသေဆုံးတာလို့ သူကလည်း အတည်ပြုပါတယ်။
'' တပ်မှူးသင်တန်းအတူတက်ခဲ့သူပါ။ တပ်တွေကိုဖွဲ့စည်းချိန်မှာလည်း အကောင်းဆုံးလုပ်ဆောင်ခဲ့သူပါ။အမိန့်ညွှန်ကြားမှုလိုက်နာပြီး စည်းကမ်းဖောက်ဖျက်ပြီးကွပ်ကွဲမှုကနေ လွတ်နေတဲ့တပ်ရင်းမှူးတစ်ယောက်မဟုတ်ပါဘူး'' လို့ ပုလဲမောင်ရဲ့ မိတ်ဆွေ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
တောင်ကိုရီးယားမှာ နှောင့်ယှက်သူကို အချိန်နဲ့တပြေးညီ ခြေရာခံနိုင်မယ့် App စသုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားမှာ နောက်ယောင်ခံလိုက်တာနဲ့ ချစ်သူဆက်ဆံရေးဆိုင်ရာ သတ်ဖြတ်မှုတွေတိုးလာနေတဲ့အတွက် ဥပဒေတွေကို ပိုမိုတင်းကျပ်အောင် ပြင်ဆင်လုပ်ဆောင်နေအပါတယ်။ (ဓာတ်ပုံက ယခုဆောင်းပါးနဲ့ တိုက်ရိုက်မသက်ဆိုင်ပါ) တောင်ကိုရီးယားမှာ လျှပ်စစ်ခြေကျင်း တပ်ဆင်စောင့်ကြည့်ခံနေရတဲ့ နှောင့်ယှက်သူတွေ ဘယ်နေရာမှာရောက်နေတယ်ဆိုတာကို နှောင့်ယှက်ခံရသူတွေက အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်းကို ဇွန် ၂၄ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။
ဒါဟာ နှောင့်ယှက်ခံရသူတွေရဲ့ လုံခြုံရေးကို ပိုမိုကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
ဒီ App ကို တရားရေးဝန်ကြီးဌာနက ဖန်တီးထားတာဖြစ်ပြီး လျှပ်စစ်ခြေကျင်းစောင့်ကြည့် ကိရိယာကနေ ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုလို့ နှောင့်ယှက်သူရဲ့ တည်နေရာကို မြေပုံပေါ်မှာ အချိန်နဲ့တပြေးညီ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားက အက်ပ်ပလီကေးရှင်းသစ် အကြောင်း ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
တရုတ်-မြန်မာနယ်စပ်က ယမ်းဈေးကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းနဲ့ TNLA စစ်သားတစ်ဦး "လက်နက်ထုတ်လုပ်ရေးရော၊မိုင်းတွင်းလုပ်ငန်းတွေအတွက်ရောပန်ဆန်းက အခရာကျတယ်" လို့ "ဝ"တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပန်ဆန်းဒေသကမိုင်းတွင်းလုပ်ငန်းတွေအတွက်အရပ်ဘက်သုံးယမ်းတွေကိုတရုတ်ကုမ္ပဏီတချို့က ဝ နယ်မြေထဲကို တရားဝင်တင်သွင်းခွင့်ရှိတယ်လို့သူက ရှင်းပြပါတယ်။
တရုတ်နယ်စပ်တကြောက ယမ်းစျေးကွက်ဟာ ပန်ဆန်းတင်မကဘဲ နမ့်ခမ်းနဲ့ မန်ဝိန်းကြီးအထိပါရှိနေပါတယ်။
တရုတ်ပြည်နယ်စပ်ကနေ မြန်မာထဲသွင်းတဲ့ ယမ်းစျေးကွက် အကြောင်း ဒီလင့်ခ် မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
ထားဝယ်မှာ ကျောင်းကောင်စီပွဲလုပ်ရင်း ကျောင်းသားအယောက် ၂၀ ကျော် အသက်ရှုကျပ်ပြီး ဆေးရုံရောက်

ဓာတ်ပုံ ရင်းမြစ်, Tanintharyi Region Emergency Rescue&Ambulance
ဓာတ်ပုံ ပုံစာ, ဒီနေ့မနက်မြင်ကွင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အထက်တန်းကျောင်းမှာ ဒီမနက် ကျောင်းကောင်စီရွေးချယ်ပွဲလုပ်နေချိန် ကျောင်းသားကျောင်းသူအယောက် ၂၀ ကျော် အစုလိုက် မူးဝေ၊ အသက်ရှုကျပ်တာကြောင့် ဆေးရုံပို့ခဲ့ရတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
ကျောင်းကွင်းပြင်ထဲမှာ ရွေးချယ်ပွဲလုပ်နေချိန် မနက် ၁၀ နာရီခွဲအချိန်မှာ မူးဝေအသက်ရှုကျပ်တဲ့ လက္ခဏာနဲ့ သွေးပေါင်ချိန်ကျတာကြောင့် ကျောင်းသားကျောင်းသူတွေကို ထားဝယ်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ ရပါတယ်။
“အပူရှပ်ပြီးတော့ မူးလဲကျသွားတာမျိုးလည်းမဟုတ်ဘူး။ နေလည်းအရမ်းမပူနေဘူးဗျ။ အခုက မူးဝေ အသက်ရှုကျပ်တဲ့ အကုန်လုံးရဲ့ လက္ခဏာတွေကအတူတူပဲ၊ ဘာကြောင့်ဖြစ်လဲမသိရသေးဘူး။ အခုညနေ အထိ အကုန်လုံးကိုဆေးရုံမှာစောင့်ကြည့်နေတုန်းပဲ” လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။
Grade 6 နဲ့ 7 အရွယ် ကျောင်းသူ ၁၈ ဦးနဲ့ ကျောင်းသား ၁ ဦး မူးဝေတာကြောင့် မနက် ၁၁ နာရီခန့်မှာ ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။
အဲဒီနောက် ညနေ ၃ နာရီဝန်းကျင်မှာ ကျောင်းသား ၃ ဦးကို ဆေးရုံထပ်ပို့ဆောင်ခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ နောက်ထပ်ထားဝယ်မြို့ခံတဦးက ပြောပါတယ်။
အခုနှစ်နှောင်းပိုင်းကစလို့ အင်အားပြင်းတဲ့ အယ်လ်နီညို ရာသီဥတု အခြေအနေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အယ်လ်နီညိုဆိုတာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်စဥ်တစ်ခုပါ။
မြန်မာမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဥ် ကြုံတွေ့ခဲ့ရတဲ့နှစ်တွေ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရှိထားပြီး စံချိန်တင် ပူပြင်းမှုတွေ၊ မြစ်တွေမှာ ရေနည်းပါးလို့ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းတွေနဲ့ အပူဒဏ်ကြောင့် လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာမျိုးရှိခဲ့ပါတယ်။
ဖမ်းသင့်တဲ့သူ မဖမ်းဘူး ရေးတဲ့ ဦးကြည် ထောင်ဒဏ် ၁၃ နှစ်အချခံရ

ဓာတ်ပုံ ရင်းမြစ်, ဦးကြည်/ ဖေ့စ်ဘုတ်
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရတဲ့ ဦးကြည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးကြည်ကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်တယ်လို့ Justice Network For Political Prisoners (JNPP) ကနေ သိရပါတယ်။
အာဏာရှင်ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို ကို အမေရိကန်က စစ်ဆင်ရေးအဖြစ် ဖမ်းဆီးထိန်းသိမ်း ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဘာကြောင့် မဖမ်းဆီးတာလဲလို့ ဦးကြည်ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ရေးသားဖော်ပြခဲ့တာကြောင့် အခုလိုဖမ်းဆီးထောင်ချခံရတာလို့ JNPP တာဝန်ခံက ပြောပါတယ်။
ဟင်းလပေးချိုင့်ဆွဲရောင်းနေတဲ့ ဦးကြည်ဟာ ဇန်နဝါရီ ၃ ရက်မှာ အဲဒီပိုစ့်ကိုရေးသားခဲ့ပြီး ၅ ရက်နေ့မှာ နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“၂၀၂၁ မှာ သူပထမဆုံးအဖမ်းခံရပြီး လွတ်ငြိမ်းနဲ့ပြန်လွတ်လာတယ်။ လွတ်လာပြီးနောက်ပိုင်း ထမင်းဟင်းချိုင့် လပေးလုပ်နေတာပေါ့။ ပိုစ့်ရေးလို့ ၅၀၅ က နဲ့ ဆွဲတယ်၊ ဖုန်းကိုစစ်ပြီး ငွေအဝင်အထွက်များလို့ အထောက်အထားခိုင်ခိုင်မာမာလည်းမရှိဘဲ ၅၀ ည အကြမ်းဖက်ထောက်ပံ့နဲ့ ထပ်ဆွဲတယ်” လို့ JNPP တာဝန်ခံက ဆက်ပြောပါတယ်။
ဦးကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ် ၃ နှစ် အရင်ချမှတ်ခံရပါတယ်။ အဲဒီနောက် မရမ်းကုန်းတရားရုံးကနေ မနေ့ ဇွန် ၂၅ ရက်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည အမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာပါ။
သူဟာ ကျန်းမာရေးမကောင်းတာကြောင့် ထောင်တွင်းအလုပ်မလုပ်နိုင်သလို မိသားစုက ထောင်ဝင်စာ တွေ့နိုင်ဖို့အတွက် ခက်ခဲနေတယ်လို့ JNPP က ပြောထားပါတယ်။
အခုလို သက်ကြီးအမျိုးသားတဦးကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ နေပြည်တော်ဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
တရုတ်ကွန်မြူနစ်ပါတီက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပေးတယ်လို့ NLD ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် တရုတ်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီကျင့်ဖျင် တွေ့ဆုံခဲ့စဉ် စစ်အာဏာသိမ်းစကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် တရုတ်ကွန်မြူနစ်ပါတီက ဆုတောင်းပေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD) က ထုတ်ပြန်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့ သူငယ်ချင်းဟောင်းပါ။ သူ့ကိုအစဉ်အမြဲသတိရနေပါတယ်။ ဇွန် ၁၉ ရက်မှာကျရောက်တဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဆုတောင်းစကားကို သူ့ဆီပေးပို့ပေးပါ၊ ကျန်းမာရေး ကောင်းမွန်ပြီး အစစအရာရာအဆင်ပြေချောမွေ့ဖို့ ဆုတောင်းပေးပါတယ်” လို့ တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ နိုင်ငံတကာဌာနကနေ ပေးပို့ခဲ့တာလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်စဉ်မွေးနေ့တိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီက စာပေးပို့ကာ ဆုတောင်းပေးလေ့ ရှိတယ်လို့ NLD ပါတီရဲ့ တရုတ်နိုင်ငံဆိုင်ရာဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးက ပြောပါတယ်။
ဆုတောင်းပေးခဲ့ကြတဲ့ တရုတ်ကွန်မြူနစ်ပါတီအပါအဝင် နိုင်ငံတကာ သံတမန်တွေကို ကျေးဇူးတင်ကြောင်း ဒီနေ့ရက်စွဲနဲ့ CRPP – NLD က ထုတ်ပြန်လာပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်၊ ဂျပန်၊ ယူကေ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်၊ သြစတြေးလျ၊ နော်ဝေ၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေကလည်း မွေးနေ့ဆုတောင်းစာထုတ်ပြန်ပေးခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Human Rights Watch)၊ နိုင်ငံတကာအကြီးအကဲဟောင်းများအဖွဲ့ (The Elders)၊ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) အပါအဝင် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား လွှတ်တော်အသီးသီးကလည်း ထုတ်ပြန်ပေးခဲ့လို့ ကျေးဇူးတင်တယ်လို့ NLD က ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး မြန်မာနိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုလို့ဆိုကာ “နှင်းဆီလှုပ်ရှားမှု” ကို တော်လှန်ရေးအင်အားစုတွေက ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့အတွက် သားငယ်ဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်နေတဲ့ Proof of Life ကမ်ပိန်းနဲ့အတူပူးပေါင်းပြီး နှင်းဆီလှုပ်ရှားမှုအဖြစ် လုပ်ခဲ့တာပါ။
ဒီနှစ်လည်း နှင်းဆီပန်းပန်ဆင်သူ၊ လူမှုကွန်ရက်စာမျက်နှာပေါ် ဆုတောင်းစာရေးသားခဲ့သူတချို့ကို စစ်တပ်ဘက်က ဖမ်းဆီးတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး နှစ်စဉ်လိုလို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တိုင်း ဖမ်းဆီးမှု တွေရှိခဲ့ပါတယ်။
ထောင်ထဲမှာ ဘာသာစကားသင်နေကြတဲ့ ဝင်းနဲ့ ဇော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က တရားရုံးချိန်းတခုမှာတွေ့ရတဲ့ ဝင်းနဲ့ဇော် ( ပုံဟောင်း) လွန်ခဲ့တဲ့ ၁၂ နှစ်က ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနဲ့ ထောင်ကျခဲ့တဲ့ ဝင်းနဲ့ ဇော် ကို မြန်မာပြည်သူတွေ အများစုမှတ်မိကြမှာပါ။
နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြတဲ့ အဲဒီအမှုကို ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းထွန်းတို့ရဲ့ အမည်တွေကို အတိုကောက်ခေါ်ပြီး ဝင်းနဲ့ ဇော် အမှုလို့ လူသိများပါတယ်။
ဘန်ကောက်မြို့ ဘန်ခွန် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သူတို့ နှစ်ဦးကို မြန်မာသံရုံးနဲ့ ရှေ့နေအဖွဲ့က အခုသီတင်းပတ်ထဲ ထောင်ဝင်စာ သွားတွေ့ဖို့ ရှိနေပါတယ်။
ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပေမဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တသက်တကျွန်းဖြစ်သွားခဲ့တဲ့ ဝင်းနဲ့ ဇော် အမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိနေပါသလဲ ... ဒီလင့်ခ်ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဘီလျံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးတွေ ဖျက်ဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တုန်းက ရန်ကုန်မှာ ဖျက်ဆီးပြတဲ့မြင်ကွင်း ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ နေပြည်တော်အစိုးရရော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကပါ မြန်မာငွေကျပ် ဘီလျံချီတန်ကြေးရှိတဲ့ ဆေးဝါးတွေကို ဖျက်ဆီးမယ်လို့ အသီးသီး ထုတ်ပြန်လာပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ အရင်နှစ်ကထက် နှစ်ဆကျော်တိုးပြီး မြန်မာကျပ်ငွေ ၂,၂၀၉ ဘီလျံခန့်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးသွားမယ်လို့ နေပြည်တော်အစိုးရဘက်က ထုတ်ပြောပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ ရှိခဲ့ပြီး တရားခံ ၇,၅၆၂ ဦးကို ဖမ်းမိခဲ့ကာ ကျပ်ငွေ ၁,၇၆၂ ဘီလျံရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင် လက်နက်ကိုင်အဖွဲ့အစည်း တချို့နဲ့ PDF တွေက မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုတွေကို တိုးလုပ်နေတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက သူ့မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးမှုရှိလာတဲ့ တအာင်းတပ် (TNLA) ရော ရှမ်းအရှေ့အခြေစိုက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေကြောင်း ထုတ်ပြောပါတယ်။
TNLA ကတော့ ၂၀၂၄ နဲ့ ၂၀၂၅ နှစ်နှစ်အတွင်းသိမ်းဆည်းရမိတဲ့ မြန်မာငွေ ဘီလျံ ၂၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနေ့ဖျက်ဆီးသွားမယ်လို့ မနေ့က ထုတ်ပြန်ခဲ့တာပါ။
မနှစ်နဲ့ အခု ၂၀၂၆ ခုနှစ်တွေထဲ ဘိန်း ၃၉၁.၉၂ ဂရမ်၊ ဘိန်းဖြူ ၁၁၀.၄၃ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၁၂ သန်းကျော် ကို ဖမ်းဆီးရမိခဲ့တယ်လို့ RCSS ကလည်း ဒီမနက်မှာထုတ်ပြန်လာပြီး ရောင်းဝယ်သူ ၇၇ ဦး ကို ဖမ်းထားတယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာမှာ စီးပွားရေးကျပ်တည်းမှုကြုံလာရပြီးနောက် တရားမဝင် ဘိန်းနဲ့ ဘိန်းကတဆင့်ထုတ်တဲ့ မူးယစ်ဆေးဝါးတွေဟာ အရေးပါတဲ့ ဝင်ငွေရင်းမြစ်ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်မှာဆိုရင် အမေရိကန်ဒေါ်လာ ၅၂၅ သန်းကနေ ၉၃၅ သန်းအထိ တန်ဖိုးရှိတဲ့ ဟီးရိုးအင်း ၆၅ တန် ကနေ ၁၁၆ တန်ပမာဏအထိ ပြည်ပကိုတင်ပို့ခဲ့တယ်လို့ UNODC က ဖော်ပြခဲ့တာပါ။ မြန်မာမှာ ဟီးရိုးအင်း သုံးစွဲမှုကလည်း ၅.၈ တန်အထိရှိတယ်လို့ သိရပါတယ်။
ဘရာဇီးနဲ့ ဂျပန်ထိပ်တိုက်တွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မနှစ်က အောက်တိုဘာမှာ ကန်ခဲ့တဲ့ ချစ်ကြည်ရေးပွဲ ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေပြသနေကြတဲ့ ဘရာဇီးနဲ့ ဂျပန် ၃၂ သင်းရှုံးထွက်အဆင့်မှာ စောစောစီးစီးတွေ့ဆုံသွားပါတယ်။ ရှုံးပွဲမရှိသေးတဲ့ နှစ်သင်းထိပ်တိုက်တွေ့ဆုံကြတာဖြစ်ပြီး တစ်သင်းအိမ်ပြန်ရတော့မှာပါ။
ကမ္ဘာ့ဖလားမှာ အအောင်မြင်ဆုံး ဘရာဇီးက ချန်ပီယံခြေစွမ်းပြသနေပေမဲ့ မနှစ်က ကန်ခဲ့တဲ့ ချစ်ကြည်ရေးပွဲမှာ ဂျပန်က ဘရာဇီးကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့တဲ့အတွက် လာမယ့်ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
အုပ်စုလက်ကျန်ပွဲတချို့ကျန်နေသေးပေမဲ့ ထိပ်တိုက်တွေ့ဆုံနိုင်တဲ့ ပွဲကောင်းတချို့ကြည့်ရနိုင်ပါတယ်။ အာဂျင်တီးနားက ဥရုဂွေးနဲ့ဆုံနိုင်ပြီး ကိုပါအမေရိကပွဲစဥ်လို ယှဥ်ပြိုင်ရဖွယ်ရှိပါတယ်။
အင်္ဂလန်ကလည်း ဂျာမနီကိုအနိုင်ရထားတဲ့ အီကွေဒေါနဲ့တွေ့နိုင်ပါတယ်။ တောင်ကိုရီးယားနဲ့ အီဂျစ်၊ ပြင်သစ်နဲ့ ဆွီဒင်၊ ပေါ်တူဂီနဲ့ ဂါနာတို့လည်း ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေပြီး လက်ကျန်ပွဲစဥ်တချို့အရ အပြောင်းအလဲရှိနိုင်ပါတယ်။
ပွဲကုန်ကန်ပြီးတဲ့အုပ်စုတွေက ကမ္ဘာ့ဖလားကို နှုတ်ဆက်သွားကြတဲ့ အသင်းတချို့လည်း ပေါ်ထွက်လာပါတယ်။
ချက်၊ ကာတာ၊ ဟေတီ၊ တူရကီ၊ ကျူရာဆောင်းနဲ့ တူနီးရှား တို့ အိမ်ပြန်သွားကြပါပြီ။
ကမ္ဘာ့ဖလားစနစ်သစ်အရ တတိယအကောင်းဆုံး ၈ သင်း ရှုံးထွက်အဆင့်တက်ရောက်ကြလို့ အသင်းကြီးတွေအကုန်လုံးနီးပါး တက်လာကြပေမဲ့ ဘယ်ဂျီယံကတော့ လက်ကျန်ပွဲအခြေအနေကောင်းမှ ၃၂ သင်းအဆင့်ကို တက်လာမှာပါ။
ဗင်နီဇွဲလားငလျင်သေဆုံးသူ ၂၃၅ ယောက်အထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဇွန် ၂၅ ရက်ည ရှာဖွေရေးမြင်ကွင်း ဗင်နီဇွဲလားနိုင်ငံမှာ မြို့တော် ကာရာကတ်စ် အနီးဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၃၅ ယောက်အထိ မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရသူအယောက် ၁,၅၀၀ အထိ ရှိလာပါတယ်။
သေဆုံးသူဦးရေ အခုထက်ပိုများလာနိုင်တယ်လို့ အမေရိကန်ဘူမိဗေဒဌာန (USGS) က ခန့်မှန်းထားပါတယ်။
မြေအောက် ကီလိုမီတာ ၃၀ တောင်မပြည့်တဲ့အနက်ကို ဗဟိုပြုပြီး ၇.၂ နဲ့ ၇.၅ မဂ္ဂနီကျုရှိတဲ့ အားပြင်းငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုပိုများခဲ့တာပါ။
ဒါကြောင့် သေဆုံးသူ တသောင်းအထက်ရှိလာနိုင်ချေ ၄၂ ရာခိုင်နှုန်းရှိပြီး ဦးရေ ၁ သိန်းအထက် ဖြစ်လာနိုင်ချေကလည်း ၃၃ ရာခိုင်နှုန်းရှိနေတယ်လို့ USGS က ခန့်မှန်းထားတာပါ။
အလားတူလှုပ်ခဲ့တဲ့ ငလျင်တွေနဲ့ ငလျင်ဗဟိုချက်အနီးက လူဦးရေအပေါ် အခြေခံပြီး USGS က တွက်ချက်ထားတယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားငလျင်အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၅၀ (စတာလင်ပေါင် ၁၁၃ သန်း) ကူညီမယ်လို့ ကတိပေးထားပြီး တခြားနိုင်ငံတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ ရှိနေပါတယ်။
အမေရိကန်စစ်တပ်ကလည်း ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် သယ်ယူရေးသင်္ဘောနဲ့ လေယာဉ်တွေကိုလည်း ပေးပို့ထားပါတယ်။
နိုင်ငံခြားငွေလျှော့သုံးမယ်လို့ ဦးမင်းအောင်လှိုင်ထပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နိုင်ငံခြားငွေလဲလှယ်နေတဲ့မြင်ကွင်း (ပုံဟောင်း) နိုင်ငံခြားငွေသုံးစွဲမှုနဲ့ ကုန်သွယ်မှုလိုငွေ လျှော့ချမယ်လို့ အသွင်ပြောင်းအစိုးရရဲ့ သမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင်က ထပ်ပြောပါတယ်။
အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းတွေကို အားပေးပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်မယ်လို့ သူက ပြောပါတယ်။
ဒီလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ပြီး ပြည်တွင်းမှာသုံးစွဲဖို့ဖူလုံရင် ပြည်ပကိုလည်း တင်ပို့နိုင်မယ်လို့ မနေ့ မနက်က နေပြည်တော်မှာလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာပါ။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့အတွက် MSME လုပ်ငန်းတွေကိုဆောင်ရွက်တာဖြစ်ပြီး စီးပွားရေး အားကောင်းမှ ပြည်သူတွေနိုင်ငံကိုချစ်စိတ်နဲ့ ကာကွယ်လိုစိတ်ရှိလာမှာလို့ ဦးမင်းအောင်လှိုင်က အစည်းအဝေးမှာ ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်မယ့်အကြောင်းလည်း ဆက်တိုက်ထုတ်ပြောနေခဲ့တာပါ။
“မြန်မာက ကုန်ပစ္စည်းမထုတ်နိုင်နေတဲ့အခြေအနေကိုသိဖို့လိုတယ်။ သွင်းကုန်တွေမရရင် MSME က ဖွံ့ဖြိုးဖို့ မလွယ်ဘူး။ ကုန်ကြမ်းလိုတယ်လေ၊ ကုန်ကြမ်းမရရင်ဆက်လုပ်ဖို့မလွယ်ဘူး။ ကျွန်တော်တို့အသိ MSME တချို့လုပ်ငန်းတွေက ရပ်နေကြရတယ်” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတဦး က ပြောပါတယ်။
ဒါပေမဲ့ MSME လုပ်ငန်းတွေကိုမြှင့်တင်ပြီး Agro based Industry ကိုတည်ဆောက်မယ့်အစီအစဉ်ဟာ အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းယိုင်နဲ့သွားတဲ့ မြန်မာ့စီးပွားရေးကိုမြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့ အတွက် မဖြစ်နိုင်ဘူးလို့ ပြည်တွင်းရောပြည်ပက စီးပွားရေးလေ့လာသူတွေကပါ ထောက်ပြကြပါတယ်။
အထူးသဖြင့် တင်းကျပ်ထားတဲ့ ပို့ကုန်သွင်းကုန်မူဝါဒကိုဖြေလျော့သင့်ပြီး တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲနှုန်း ရအောင်လုပ်ပေးသင့်တယ်လို့ စင်ကာပူအခြေစိုက်သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute ရဲ့ သုတေသီ Jared Nathan Bissinger က ပြောပါတယ်။
အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့ ပျားရည်စမ်းကာလ “ရက် ၁၀၀” စီမံချက်မှာ စီးပွားရေးနလန်ထူစေဖို့အတွက် ခိုင်မာတဲ့ မူဝါဒတွေမပါဝင်ဘူးလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကလည်း ထုတ်ပြန်ထားပါတယ်။
မင်္ဂလာပါ။ ဇွန်လ ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
