စက်တင်ဘာ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း ပြန်လည်ဖတ်ရှု နိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရွှေကူမှာ ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့တွေ နှစ်မြှုပ်တိုက်ခိုက်တဲ့စစ်တပ်သင်္ဘော ၅ စင်းအထိရှိလာတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း ပြန်လည်ဖတ်ရှု နိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ပေါ့ပ်တေးရေး တေးဆိုလည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ အာရီယာနာ ဂရန်ဒေး ဟာ အင်္ဂါနေ့ညတုန်းက ဖျော်ဖြေခဲ့တဲ့ “Eternal Sunshine” ဂီတပွဲစဉ်အပြီးမှာ လူမြင်ကွင်းထွက်တာ လျှော့ချသွားဖို့ရှိနေပါတယ်။
လန်ဒန်မြို့မှာလုပ်ခဲ့တဲ့ မနေ့က တေးဂီတ ဖျော်ဖြေပွဲအပြီး ပရိသတ်တွေကို ကျေးဇူးတင် စကားပြောခဲ့ပြီး ဒါဟာ သူ့ဘဝအတွက် အမှတ်တရကောင်းလို့ ပြောပါတယ်။
ကျန်းမာရေးနဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ လနဲ့ချီ ဝေဖန်တိုက်ခိုက်ခံရပြီး နောက်မှာတော့ လူအများရှေ့ထွက်ရတဲ့အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ နားသွားမယ်လို့ ပြီးခဲ့တဲ့လကတည်းက သူက ကြေညာထားခဲ့ပါတယ်။
သူနောက်ဆုံးထွက်ရှိထားတဲ့ “Petal” တနည်းအားဖြင့် ပွင့်ဖတ်လေးတွေလို့ အဓိပ္ပာယ်ရတဲ့ တေးသီချင်းကို ထုတ်ဝေပြီးနောက် အာရီယာနာ ဂရန်ဒေရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ပရိသတ်တချို့ကပါ ဝေဖန်ခဲ့ကြပါတယ်။
အနားမယူခင်နောက်ဆုံးပွဲဖြစ်တဲ့ မနေ့ညကတော့ ခြေထောက်ဒဏ်ရာရထားပုံပေါ်ပေမဲ့ အာရီယာနာဟာ သူနဲ့အတူ မြင်တွေ့နေကျ သူစီးနေကျ ဒေါက်မြင့်ဖိနပ်အစား လည်ရှည်ဘွတ်ဖိနပ်ကိုသာ စီးပြီး စင်အနှံ့ အကဖော်တွေနဲ့အတူ တွဲဖက် ကပြ သီဆို ဖျော်ဖြေခဲ့ပါတယ်။
“Eternal Sunshine” ဂီတလှည့်လည်ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမှာ ဇွန်လကစတင်ခဲ့ပြီး လန်ဒန်မှာ အဆုံးသတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPIB
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ရွေးချယ်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေရှိနေတာကြောင့် စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ကြံ့ခိုင်ရေးပါတီညီလာခံ မသေမချာဖြစ်နေတယ်လို့ ပါတီတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ပါတီညီလာခံကို စက်တင်ဘာလဆန်းပိုင်းမှာ ကျင်းပမယ်လို့ အစောပိုင်းက အသံထွက်ပြီးနောက် စက်တင်ဘာလလယ်ပိုင်း ရွှေ့ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိပါတီရဲ့ဥက္ကဋ္ဌ ဦးခင်ရီနဲ့ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်တို့ကြား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ထည့်သွင်းရေးနဲ့ ပါတီဥက္ကဋ္ဌ နေရာယူရေးတို့ကြားမှာလည်း တင်းမာမှုတွေရှိနေတာလို့ ပါတီတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
''ဦးမင်းအောင်လှိုင်က ပါတီ ဥက္ကဋ္ဌယူမယ်လို့ ပထမ အသံထွက်တယ်။ ဒါပေမဲ့ သူတို့ချင်း ညှိပုံရတယ်။ ဦးခင်ရီကပဲ ပါတီဥက္ကဋ္ဌပဲ ဆက်ဖြစ်မယ်။ ဒါပေမဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေမှာတော့ ဦးမင်းအောင်လှိုင်ဘက်က စိတ်ချ ယုံကြည်ရတဲ့သူတွေနဲ့ အစားထိုးမယ်လို့ ကြားပါတယ်'' လို့ ပါတီတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့ USDP ပါတီရဲ့နေပြည်တော်၊ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေကို ဘီဘီစီကမေးကြည့်တဲ့အခါ ပါတီတွင်း သဘောထားကွဲလွဲမှုတွေ မရှိကြောင်း ပြောပြီး ပြည်ထောင်စုလွှတ်တော်ခေါ် ယူမယ့်ရက်နဲ့ ချိန်ညှိလုပ်ကိုင်တာကြောင့် ပါတီညီလာခံရက်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။
ပါတီစည်းမျဥ်းအရ ညီလာခံမှာ ဗဟိုကော်မတီဝင်တွေအဖြစ် ပြန်အရွေးခံပြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဆက်လက်ရွေးချယ်ခံရတာဖြစ်ပြီး ဖွဲ့စည်းပုံအရ ဗဟိုကော်မတီဝင် နေရာ ၃၅၀ ရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာက ၆၀ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၀ ဝန်းကျင်နဲ့ပဲ လည်ပတ်နေတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီညီလာခံတွေမှာ အစိုးရအဖွဲ့နဲ့ လွှတ်တော် အားပြိုင်မှုတွေက အမြဲလိုလိုရှိခဲ့ပါတယ်။
ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ ကာလကလည်း အလားတူ အကွဲအပြဲကြောင့်၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သြဂုတ်လမှာ သူရဦးရွှေမန်းဖယ်ရှားခံခဲ့ရပြီး အဲဒီဖြစ်စဥ်က သန်းခေါင်ယံအာဏာသိမ်းပွဲဆိုပြီး နာမည်ကြီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဗစ်တိုရီးယား ဟိုင်ဒါးတစ်ယောက် ကျောင်းသုံးပုံနှိပ်စာအုပ် စက်ရုံရဲ့ ပျက်စီးကျိုးကြေသွားတဲ့ အကြွင်းအကျန်တွေကို လိုက်လံကြည့်ရှုနေပါတယ်။ ဒီပုံနှိပ်စက်ရုံဟာ လာမယ့်စာသင်နှစ်သစ် အတွက် လိုအပ်တဲ့ ပြဋ္ဌာန်းစာအုပ်တွေကို အလျင်အမြန် ပုံနှိပ်ထုတ်လုပ်နေသင့်တဲ့ အချိန်ဖြစ်ပါတယ်။
ကိယက်ဗ်မြို့အစွန်မှာရှိတဲ့ အဲဒီစက်ရုံ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရမှုမတိုင်ခင်အထိ ယူကရိန်းနိုင်ငံရဲ့ ကျောင်းသုံးစာအုပ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ စာအုပ် ၁.၃ သန်းကို ထုတ်လုပ်ဖြန့်ချိဖို့အတွက် ထုတ်လုပ်မှုတွေ အရှိန်မြှင့်ထုတ်လုပ်နေတာပါ။
မီးလောင်ပြင်ထဲက ပြာပုံထဲမှာ အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်တစ်အုပ်ရဲ့ မီးလောင်ကျွမ်းသွားတဲ့ စာမျက်နှာတစ်ရွက်ကို တွေ့ရပါတယ်။
"ကျွန်တော့်နာမည် ဝီလျံပါ။ ကျွန်တော်က ယူကေကလာတာပါ။ ကျွန်တော့်အဘွားက နော့တင်ဟမ်မှာ နေပါတယ်။ အဲဒီမြို့က အရမ်းလှပါတယ်" လို့ ရေးထားပါတယ်။
ယူကရိန်းနိုင်ငံတဝန်းမှာရှိတဲ့ ပုံနှိပ်စက်ရုံတွေနဲ့ ထုတ်ဝေရေးဂိုဒေါင်တွေကို ရုရှားက မကြာသေးခင်က ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စာအုပ်ပေါင်း ၁၂ သန်း ဆုံးရှုံးခဲ့ရသလို ယူကရိန်းရဲ့ တခြားသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်တော့်ကိုယုံပြီး ဒီလုပ်ငန်းထဲရင်းနှီးမြှုပ်နှံငွေထည့်ခဲ့သူတွေထဲမှာ ဘုန်းကြီး၊ သီလရှင်၊ တပ်အသိုင်းအဝိုင်း၊ အညာသူအညာသား၊ ဖုန်းတောင်မသိတဲ့သူ နည်းပညာမတတ်တဲ့သူတွေပါတယ်" လို့ အသက် ၂၇ နှစ်အရွယ် လူငယ် အင်ဖလူရန်ဇာ (influencer) တစ်ဦးဖြစ်တဲ့ ကိုအေးချမ်းက ပြောပါတယ်။
သူပြောတဲ့ ဒီလုပ်ငန်းဆိုတာဟာ အွန်လိုင်းကနေ ဈေးကွက်ကစားတဲ့ Forex Trading ကိုရည်ညွှန်းပါတယ်။ Forex Trading အကြောင်းမသိရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံနေသူတွေ အမြောက်အများရှိနေပါတယ်။
ဒါကြောင့် "အမြတ်များများရမယ်" ဆိုတဲ့မက်လုံးနဲ့အတူ ပွန်စီ(Ponzi Scheme) နည်းလမ်းနဲ့ လိမ်လည်မှုတွေကိုပါ ကြုံခဲ့ရတဲ့အကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လက ဖော်ပြခဲ့တဲ့ ဘီဘီစီ ဆောင်းပါးမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, litefinance Myanmar
ငွေကြေးတိုးပွားအောင် အွန်လိုင်းကနေ ဈေးကွက်ကစားတဲ့ Forex Trading အတွက် ငွေကြေး ထည့်ဝင်ခိုင်းပြီးတဲ့နောက် ထည့်၀င်သူတွေရဲ့ငွေကြေး သိန်းသောင်းချီ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးညီညီဆွေကို တရားရုံးက ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်တယ်လို့ ငွေကြေးအလိမ်ခံခဲ့ရသူ အချို့က ပြောပါတယ်။
ရန်ကုန်ရော မန္တလေးမှာပါ ငွေကြေးလိမ်လည်မှုဆိုင်ရာဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံရတာလို့ ငွေကြေးလိမ်လည်ခံခဲ့သူတစ်ဦးက ပြောပါတယ်။
အွန်လိုင်းဈေးကွက်ကနေ ငွေကြေးဈေးကစားတယ်ဆိုတဲ့ ဒီလုပ်ငန်းဟာ နိုင်ငံတကာ ငွေကြေးတွေအပြင် ရွှေ၊ ရေနံ၊ သတ္တု၊ စတော့ရှယ်ယာတွေအထိ ဝယ်ရောင်းလုပ်လို့ရပြီး အဲဒီကြောင်းမသိရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံနေခဲ့ကာ ငွေဆုံးရှုံးခဲ့ကြပါတယ်။
ဦးညီညီဆွေဟာ Forex Trading လုပ်တဲ့ နိုင်ငံတကာကုမ္ပဏီ Litefinance ရဲ့ Trader တစ်ဦးအဖြစ် သူ့ဆီမှာငွေအမြောက်အမြားထည့်ဝင်အောင် စွဲဆောင် လိမ်လည်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လိမ်ခံရသူတွေဘက်က ထုတ်ဖော်ပြောတာတွေ ဆက်တိုက်လုပ်ရာကနေ ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့ဖြစ်စဉ်နောက်မှာတော့ အလားတူ ငွေကြေးလိမ်လည်ခဲ့တဲ့ကုမ္ပဏီတချို့က တာဝန်ရှိသူ တချို့လည်း အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
“မန္တလေးမှာဖြစ်ခဲ့တဲ့ Flower Group ကို ၃ နှစ်ကြာမှ ဖမ်းမိတယ်။ အခုတော့ တရားရင်ဆိုင်နေတယ်” လို့ အဲဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ငွေကြေးဖောင်းပွမှု၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေစျေးကွက် မတည်ငြိမ်မှုတွေကြောင့် လက်ထဲ ငွေစက္ကူကိုင်ထားတာထက် လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စဥ်းစားကြတဲ့အခါ Forex Trading ဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ အခုလို လိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဦးညီညီဆွေရဲ့ Litefinance၊ Capital X နဲ့ MFEC စတဲ့ ကုမ္ပဏီတွေရဲ့ Forex Trading လုပ်ငန်းအကြောင်းပြငွေလိမ်မှုတွေရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ်မှာ ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကို ဆန်တက်လာတဲ့ စစ်တပ် သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ မြုပ်သွားတဲ့သင်္ဘော ၅ စင်းအထိရှိနေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒီနေ့ တစ်နေ့တည်းမှာတင် တိုက်ခိုက် ဖျက်စီးတဲ့ စစ်တပ်သင်္ဘော ၄ စင်းရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သင်္ဘော ၁ စင်းကို KIA က သိမ်းနိုင်ခဲ့ပါတယ်။
ရွှေကူအထက် မြစ်ကျဉ်းမှာ သုံး စင်း၊ စဉ်းခမ်း တံတားအောက်မှာ သံခွံ တစ်စင်းအပါအဝင် တိုက်ခိုက်မှုအတွင်း သင်္ဘောမှောက်တာတွေ ရှိတာကြောင့် တော်လှန်ရေးတပ်တွေဘက်က နှစ်မြှုပ် ဖျက်ဆီးတဲ့ သင်္ဘော ၅ စင်းအထိ ရှိလာတာလို့ ကချင်ပြည်နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မြစ်ကျဉ်းထဲမှာ သုံးစီးက စစ်သင်္ဘော ပါတယ်။ စဉ်းခမ်း တံတားအောက်ဘက်မှာ သံခွံအကြီးကြီး မီးလောင်တာ မငြှိမ်းနိုင်လို့ ကမ်းကပ်တော့ ခြေလျင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ လက်ရ ဖမ်းဆီးရ မိတဲ့ စစ်သားတွေလည်း များတယ်” လို့ သူက ဆက်ပြောပါတယ်။
ဧရာဝတီတံတား (စင်းခန်း) အကျော် နတ်ခုတ်နဲ့ ဘူးတောင်းရွာကြားက မြစ်ဘေးမှာ သောင်တင်နေတဲ့ စစ်တပ်ရဲ့ သင်္ဘောတွေလည်းရှိနေပြီး ဒီနေ့ နေ့လယ်ပိုင်းမှာပဲ အဲဒီသင်္ဘောတွေ မီးလောင်ပေါက်ကွဲနေတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့်မှာ စစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်နိုင်ခဲ့ပြီး တစ်စင်းမီးလောင်ကျွမ်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဖျက်ဆီးတိုက်ခိုက်နိုင်တဲ့ စစ်သင်္ဘောအရေအတွက်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။
"ရွှေကူနဲ့ စင်းခန်း တံတားမှာ အပြင်းထန်ဆုံးပဲ။ အလံဖြူထောင်ပြီး လက်နက်ချတယ်လို့ သတင်းကြားပေမဲ့ ကျွန်တော်အဲဒါကို အတည်ပြုဖို့ကြိုးစားနေဆဲပါ" လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေပြီး ဒီနေ့ မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာ ၈ စီး၊ Y 12 လေယာဉ် ၂ စီးအပြင် ကင်းထောက်လေယာဉ်တွေကိုပါ သုံးပြီး ၂၅ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PDF အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ရွှေကူနဲ့ ဗန်းမော်ကြားက တိုက်ပွဲ အခြေအနေကို ရေးသားကြတာ မရှိသေးပါဘူး။
စစ်တပ်ဟာ ဗန်းမော်စစ်မျက်နှာကို အင်အားဖြည့်ဖို့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာကနေ ဧရာဝတီမြစ်တကြော စစ်သင်္ဘောတွေနဲ့ အထက်ဘက်ကို သြဂုတ်လ နောက်ဆုံးသီတင်းပတ်ကတည်းက ကြိုးပမ်းနေပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့တွေကလည်း ကုန်းလမ်းအပြင် ရေလမ်းမှာလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၈ နှစ်ကြာ စီမံကိန်းအဖြစ်သာ ရှိနေသေးတဲ့ တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ နေပြည်တော်က ထပ်မံကြိုးပမ်းလာပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားကို ဆွဲဆောင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လမှာတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
ရုရှားရဲ့ Inter RAO ကုမ္ပဏီနဲ့ မြန်မာဘက်က လောင်းလုံးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ရုရှားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီစီမံကိန်းကို တနင်္သာရီတိုင်းအတွင်း နယ်မြေထိန်းချုပ်မှုရှိတဲ့ KNU အာဏာပိုင်တွေက ကန့်ကွက်ပါတယ်။
ရုရှားခြေလှမ်းပြင်တဲ့ ဒီစီမံကိန်းကို KNU ဘာကြောင့်ကန့်ကွက်တာလဲ ... ဒီဆောင်းပါးလင့်ခ်ကိုနှိပ်ပြီး ဆက်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားသွားပြီး သီတင်း ၂ ပတ်ခန့်အကြာမှာပဲ သူ့ရဲ့ဒုတိယ သမ္မတ ဦးညိုစောလည်း ရုရှားရောက်နေပြီး ထား၀ယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိစ္စကို ထပ်ဆွေးနွေးတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
ဦးညိုစောဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ရုရှားရောက်နေတာဖြစ်ပြီး ထား၀ယ် အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စကို ရုရှား ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နဲ့ မနေ့က တွေ့ဆုံချိန် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လက ဒီ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးတာလည်း ဦးညိုစောနဲ့ ရုရှားတို့ကြားရှိထားပါတယ်။
ထား၀ယ်အထူးစီးပွားရေးဇုန် ကိစ္စအပြင် စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ အကောင်အထည်ဖော်ရေးအပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ဖို့အတွက်ပါ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က ဒီနေ့ သတင်းထုတ်ပါတယ်။
သြဂုတ်လက ဦးမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ်မှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တည်ဆောက်ရေးမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရုရှားလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။
အခုလိုနေပြည်တော်က ထားဝယ်ရေနက်ဆိပ်ကမ်းမှာစီးပွားရေးလုပ်ဖို့ စိုင်းပြင်းလာတာနဲ့အတူ အဲဒီဇုန်အနီးမှာရှိတဲ့အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်စက်တာတွေ ပိုတိုးလုပ်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၃၁ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်ထွက်တဲ့အချိန်အထိ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)အတွင်း မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားတာတွေနဲ့ တပ်စွဲတာတွေ ဆက်လုပ်နေဆဲလို့ Fortify Rights က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မဟာဗျူဟာအရ အရေးပါတဲ့စီးပွားရေးစီမံကိန်းတွေကို လုံခြုံရေးယူဖို့ တနင်္သာရီတိုင်းထဲက တပ်ဖွဲ့တွေကို ညွှန်ကြားအပြီး သီတင်းပတ်အနည်းငယ်ကစလို့ ထား၀ယ်စီမံကိန်းဆက်စပ်နယ်မြေတွေထဲ စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ လုပ်လာတယ်လို့ ထောက်ပြပါတယ်။
အထူးသဖြင့် ရေဖြူမြို့နယ်ထဲမှာ အရပ်သားတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့တာလို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ရေဖြူမြို့နယ်ထဲက စစ်တပ်၀င်သွားခဲ့တဲ့ကျေးရွာ တစ်ရွာကနေ လူသားစာနာအကူအညီပေးနေတဲ့ ဒေသခံ လူငယ် ၃ ဦးရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရပါတယ်။
အခုလည်း နေပြည်တော် ဒုသမ္မတရဲ့အရှေ့ဖျားစီးပွားရေးဖိုရမ်မတိုင်မီ ရုရှားရဲ့ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာလည်း ထပ်မံဖိတ်ခေါ်တယ်လို့ နေပြည်တော်ဘက်က ဖော်ပြပေမဲ့ ရုရှားရဲ့ထုတ်ပြန်ချက်မှာတော့ ထားဝယ် SEZ အကြောင်း ထည့်ပြောတာမတွေ့ရပါဘူး။
ရုရှားဘက်ကတော့ ရဟတ်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ မီးရထားနဲ့ ဆက်စပ်ပစ္စည်းတွေ သုံးဖို့၊ ငါးလုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေးအပါအဝင် ခရီးသွားလုပ်ငန်း ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တာလို့ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျာမနီနိုင်ငံ၊ လိုက်ဇစ်မြို့လေဆိပ် ပြီးခဲ့တဲ့လတုန်းက ဒရုန်းနဲ့တိုက်ခိုက်ခံရတာဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဂျာမနီဘက်က ပြောပါတယ်။
ဖောက်ခွဲရေးပစ္စည်း တင်ဆောင်လာတဲ့ဒရုန်းတစ်စင်းကို ဂျာမနီနိုင်ငံအရှေ့ပိုင်းက လိုက်ဇစ်လေဆိပ်က ယူကရိန်းကုန်တင်လေယာဉ်တွေအနီးမှာ သြဂုတ်လ ၄ ရက်တုန်းက တွေ့ခဲ့တာဖြစ်ပါတယ်။
ဖောက်ခွဲရေး ခလုတ်ပျက်လို့ မပေါက်ကွဲခဲ့ပေမဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ အနီးနားက ကုန်တင်လေယာဉ်တစ်စင်းကို ဒရုန်းတစ်စင်း ၀င်တိုက်ခဲ့တယ်လို့ ယူဆပါတယ်။ နောက်ထပ် ၁၀ ရက်အကြာမှာလည်း လေဆိပ်အနီးမှာ တတိယမြောက် ဒရုန်းတစ်စင်းကို ထပ်တွေ့ခဲ့တယ်လို့ သတင်းတက်ပါတယ်။
ဂျာမနီပြည်ထဲရေး၀န်ကြီး အလက်ဇန်းဒါး ဒေါဘရင့်ကတော့ လိုက်ဇစ် လေဆိပ်တိုက်ခိုက်ခံရတာဟာ ‘‘ဥရောပမှာ ရုရှားရဲ့နည်းလမ်းနှစ်သွယ်နဲ့ လုပ်ဆောင်နေတဲ့ပုံစံကို ပြသတယ်’’ လို့ ပြောပြီး ဂျာမနီဟာ နောက်တစ်ကြိမ် ပစ်မှတ် ထားခံရနိုင်တယ်လို့လည်း ယူဆနေပါတယ်။
ဘာလင်မြို့မှာရှိတဲ့ရုရှားသံရုံးကတော့ ဒီစွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။
ဂျာမနီပြည်ထဲရေး၀န်ကြီးကတော့ ဒရုန်းကို စုံစမ်းစစ်ဆေးကြည့်တာနဲ့ ထောက်လှမ်းရေး တွေ့ရှိချက်တွေအရ ဒီတိုက်ခိုက်မှုမှုမှာ ရုရှားပါ၀င်ပတ်သက်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
ပြည်ထဲရေး၀န်ကြီးနဲ့အတူ ရပ်ပြီး ဘာလင်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ဂျာမနီ နိုင်ငံခြားရေး၀န်ကြီး ယိုဟန် ၀ါဒါဖူးကတော့ ဘွန်းမြို့မှာ ရှိတဲ့ရုရှားကောင်စစ်၀န်ရုံးကို ပိတ်မိန့်ထုတ်မယ်လို့ပြောသလို ဘာလင်မြို့က ရုရှားယဉ်ကျေးမှုနဲ့သိပ္ပံစင်တာ ဖွင့်ခွင့်ပေးထားတဲ့စာချုပ်ကိုလည်း ရပ်ဆိုင်းတော့မယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံသားတွေကို ပြည်၀င်ခွင့် တင်းကျပ်သွားမယ်လို့ သူက ကြေညာသလို အနောက်နိုင်ငံတွေရဲ့စီးပွားရေး ပိတ်ဆို့မှုတွေကို ဖိအားပေးဖို့ ရုရှားဘက်က သုံးနေတဲ့ ဆီတင်သင်္ဘောဟောင်းတွေ အရေးကိုလည်း ဖိအားပေးနိုင်အောင် လုပ်မယ်လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေး၀န်ကြီးဌာနပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာကတော့ မော်စကိုအနေနဲ့ ဂျာမနီရဲ့အစီအမံတွေကို ပြန်ထင်ဟပ်မယ့်တုံ့ပြန်မှုတွေ ပြန်လုပ်မယ်လို့ ပြောပါတယ်။
ဘာလင်မြို့က ရုရှားသံရုံးကလည်း ရုရှားဘက်က လုပ်မယ့်အခြေအနေတွေဟာ ရုရှားနဲ့ ဂျာမနီကြားက ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။
ပင်လယ်ပြင်မှာ ၂၈၆ ရက်တာဝန်ကျခဲ့တဲ့ အမေရိကန်စစ်သား ၅,၀၀၀ ကျော်လာရောက်အပန်းဖြေမယ့် ပတ္တယားမြို့ရဲ့ စက်တင်ဘာ ၁ ရက်နေ့ မြင်ကွင်းတွေဖြစ်ပါတယ်။
“USS Abraham Lincoln” လို့အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောအုပ်စု ချွန်ဘူရီခရိုင်က လန်ချဘန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီနေ့ မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။
ဒီစစ်သင်္ဘောအုပ်စုမှာ Carrier Strike Group 3 (CSG-3) ဌာနချုပ်အဖွဲ့ဝင်တွေ၊ Carrier Air Wing 9 (CVW-9)၊ Destroyer Squadron 21 (DESRON-21) နဲ့ CVW-9 လေယာဉ်တပ်ဖွဲ့ ကိုးဖွဲ့တို့မှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေပါဝင်လာပါတယ်။
“လန်ချဘန်မှာဆိုက်ကပ်ရတာက သင်္ဘောသားတွေနဲ့ မရိန်းတပ်သားတွေအတွက် ကောင်းကောင်း အနားယူအားပြန်ဖြည့်နိုင်မယ့် အခွင့်အရေးပါ။ ဒါအပြင် အမေရိကန်နဲ့ ထိုင်းကြားက ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးကိုလည်း ထင်ဟပ်ပြသနေပါတယ်” လို့ Carrier Strike Group 3ရဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Robert E. Loughran က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, IEC
ကယား(ကရင်နီ)ပြည်နယ်ထဲ ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်ချီးမြို့ ဘုရားကုန်းတဝိုက်ကို စစ်တပ်က မနေ့ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအ၀င် သေဆုံးသူ ၆ ဦးအထိရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကနေ သိရပါတယ်။
သေဆုံးသူတွေထဲ ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၉ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ IEC ရဲ့အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကိုဗညားက ပြောပါတယ်။
“၄ နာရီဝန်းကျင်မှာ တိုက်လေယာဉ် နှစ်စင်းနဲ့ နှစ်နေရာကို ဗုံးကြဲခဲ့တာပါ။ တိုက်ပွဲ မရှိပါဘူး” လို့ ကိုဗညားက ပြောပါတယ်။
ခဲသတ္တုတွင်းတွေရှိရာ မော်ချီးဒေသကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်လက်ထဲကနေ သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း မော်ချီးမြို့နဲ့ ကျေးရွာတွေတ၀ိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပြီး အခုနှစ် ဖေဖော်ဝါရီလမှာလည်း မော်ချီးက လိုလော်ထီးရွာကို လေကြောင်းနဲ့ဗုံးကြဲလို့ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ မော်ချီးဒေသကို မနေ့ စက်တင်ဘာလ ၁ ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး ဒီနေ့မနက် ၁၀ နာရီခွဲအချိန်အထိ တစုံတရာ ထုတ်ပြန်ပြောတာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က မော်ချီးဒေသကို ဗုံးကြဲမှုတွေဟာ ၂၀၂၅ ပထမ နှစ်၀က်တင် ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ IEC က အစောပိုင်းမှာ ပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေထဲ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတုန်းက လိုခါလိုရွာက ဆေးရုံနဲ့ လူနေထူထပ်တဲ့ မော်ချီးမိုင်းတွင်းထဲက ၁၆ ကုန်းကို စစ်တပ်က နှစ်ကြိမ်ဗုံးကြဲခဲ့မှုမှာ လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ဒါဟာ မော်ချီးမှာ လူအသေအပျောက်အများဆုံး စစ်တပ် လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်သားထောင်နဲ့ချီလိုက်ပါလာတဲ့ အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” က ဒီနေ့မနက် ၉ နာရီခန့်မှာ ထိုင်းရဲ့လန်ချဘန်ဆိပ်ကမ်းကို ကမ်းကပ်တော့မယ်လို့ မြေပြင်မှာရှိနေသူတချို့ဆီက သိရပါတယ်။
နာမည်ကျော်အပန်းဖြေကမ်းခြေ ပတ္တယားရှိတဲ့ ချွန်ဘူရီခရိုင်ထဲက ဆိပ်ကမ်းမှာ ဆိုက်ကပ်တာဖြစ်ပြီး အမေရိကန်ဒီခရီးစဉ်ကနေ ထိုင်းဘတ်ငွေ သန်းနဲ့ချီဝင်ငွေရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
ဒါပေမဲ့ အပန်းဖြေမယ့်စစ်သားတွေအတွက် ကန့်သတ်ချက်တချို့လည်း အမေရိကန်ရေတပ်ဘက်က ကြေညာထားပါတယ်။ ပတ္တယားက ဆေးခြောက်အရောင်းဆိုင်တွေကိုသွားခွင့်မရှိသလို လေထီးစီးတာ (paragliding) နဲ့ ရေပြင်ထဲမြန်နှုန်းမြင့်ယာဉ်မောင်းနှင်တာ (jet-skis) လိုပင်လယ်ပြင်အားကစားလုပ်တာတွေကိုလည်း ကန့်သတ်ထားပါတယ်။
တောင်တရုတ်နဲ့ ပစိဖိတ်ပင်လယ်မှာ တာဝန်ထမ်းဆောင်ဖို့ USS Abraham Lincoln ဟာ မနှစ် နိုဝင်ဘာလတုန်းက ဆန်ဒီယာဂိုကနေ စတင်ထွက်ခွာလာခဲ့ပြီး အမေရိကန်နဲ့အစ္စရေးက အီရန်ကို တိုက်ခိုက်ချိန်မှာ ဟော်မုဇ်ရေလက်ကြားကို သွားရောက်ခဲ့ရပါတယ်။
စံချိန်တင် ရက်ပေါင်း ၂၅၀ ကျော်ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် သင်္ဘောပေါ်က စစ်သား ၅,၀၀၀ ကျော်အတွက် အစားအသောက်နည်းပါးလာတာ၊ အိမ်သာအသုံးပြုလို့ မရတာတွေ အပါအဝင် စိတ်ကျန်းမာရေးစိုးရိမ်စရာအခြေအနေတွေကို အမေရိကန်လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ကြတဲ့အခြေအနေဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စက်တင်ဘာ ၂ရက်ကနေ ၆ ရက်အထိ ပတ္တယားမှာ အနားယူကြမှာပါ။ ဗီယက်နမ်စစ်ပွဲကာလတုန်းက အမေရိကန်စစ်သားတွေ လာရောက်အပန်းဖြေအနားယူခဲ့လို့ အေးချမ်းတိတ်ဆိတ်တဲ့ ငါးဖမ်းရွာလေးဟာ ကမ္ဘာကျော်အပန်းဖြေမြို့ “ပတ္တယား” ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
အပန်းဖြေမယ့်စစ်သားတွေ သွားလာနိုင်ရေးအတွက် မနက် ၅ နာရီကနေ နောက်နေ့ မနက် ၂ နာရီအထိ အကြိုအပို့လုပ်ပေးမယ့်ယာဉ်(Shuttle Bus) တွေကို အမေရိကန်ရေတပ်က စီစဉ်ပေးထားတယ်လို့ မြေပြင်မှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် ဂျောနသန်ဟက်က သတင်းပေးပို့ထားပါတယ်။
မင်္ဂလာပါ။
စက်တင်ဘာလ ၂ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။