သြဂုတ် ၈ ရက်သတင်းများအနှစ်ချုပ် - ၃၈ နှစ်မြောက် ရှစ်လေးလုံး လှုပ်ရှားမှုတွေ ပြုလုပ်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ဒီနေ့ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေနဲ့ သံရုံးတွေကပါ ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က မြန်မာသံရုံးရှေ့ မှာ ထီးသပိတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်အဖွဲ့က ဒီမနက် ပြုလုပ်ခဲ့ပါတယ်။

သံရုံးရှေ့မှာ "၈" သင်္ကေတပါတဲ့ အနီရောင်ထီးတွေနဲ့ လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ်ကတည်းက 'ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်' အတွက် လှုပ်ရှားမှုတွေဟာ ၃၈ နှစ်ကြာတဲ့ ဒီနေ့ အထိ ဆက်ပြီးရှင်သန်နေဆဲဖြစ်တယ်လို့ ရန်ကုန်ထူထုသပိတ်အဖွဲ့က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ကို ရန်ကုန်က မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးတို့ကလည်း ဂုဏ်ပြုကြိုဆိုထားပါတယ်။

ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ထားရှိတဲ့ မြန်မာပြည်သူလူထု ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကိုလည်း ဆက်လက်ရပ်တည်ထောက်ခံနေမယ်လို့ ယူကေသံရုံးက ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေကလည်း တောင်ကိုရီးယားနိုင်ငံက အာဆီယံစင်တာ နဲ့ အာဆီယံနိုင်ငံတွေရဲ့ သံရုံးတွေအပါအဝင် စုစုပေါင်း နေရာ ၁၂ ခုမှာ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

မိခင်လွတ်မြောက်ရေး ရှစ်လေးလုံးအထိမ်းအမှတ်မှာ ကင်မ်အဲရစ်တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC တွေ့ဆုံမှုဟာ လွတ်မြောက်မှုမဟုတ်ဘူးလို့ သားငယ်ကင်မ်အဲရစ်ပြော ဒေါ်အောင်ဆန်းစုကြည် နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်ဖြစ်ခဲ့ပေမဲ့ ဒါဟာ လွတ်မြောက်မှု မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကင်မ်အဲရစ် က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ထီးသပိတ်လှုပ်ရှားမှုမှာ အခုလို ပြောဆိုခဲ့တာပါ။

"မကြာသေးခင်က ICRC ရဲ့ တွေ့ဆုံခွင့်ရရှိမှုဟာ မျှော်လင့်ချက်တစ်ခုရစေခဲ့ပါတယ်။ ဒါပေမဲ့ တွေ့ဆုံမှု တစ်ကြိမ်တည်းဟာ လွတ်မြောက်မှုမဟုတ်ပါဘူး။ ဒီကနေ မိသားစုနဲ့ တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး ကျွန်တော့် အမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း နဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးဆီကို ဆက်လက်ဦးတည်ရပါမယ်" လို့ သူကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (ICRC) ကိုယ်စားလှယ်နဲ့ ဩဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းကြည်ကို ICRC နဲ့ ပေးတွေ့မှုဟာ နိုင်ငံတကာက အသိအမှတ်ပြုအောင် ကြိုးစားမှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဦးဆောင်ကျင်းပတဲ့ (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနား မှာ အခုလို ပြောခဲ့တာပါ။

"ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သိရပေမဲ့ ဒီတွေ့ဆုံမှုရဲ့ အခင်းအကျင်းကို ကြည့်ရင် စစ်အုပ်စုဟာ အကြမ်းဖက်မှုများရပ်တန့်မှုများအပါအဝင် အာဆီယံဘုံသဘောတူညီချက် နဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို လိုက်နာဖို့ ဆန္ဒလုံးဝမရှိသလို နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းလိုစိတ်မရှိဘဲ အာဏာအကြွင်းမဲ့ ချုပ်ကိုင်နိုင်ရေးအတွက် ‌ဆောင်ရွက်သွားမှာဖြစ်တာကိုလည်း ရှင်းရှင်းလင်းလင်းပြသနေပါတယ်" လို့ သူကပြောပါတယ်။ ဒီအခမ်းအနားကို NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ NUG သမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေတက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာတက်ရောက်လာတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်း မသီတာစမ်းချောင်းကတော့ "၈ လေးလုံးအရေးတော်ပုံ အနှစ် ၄၀ နားကိုတိုင်လာတဲ့အချိန်အထိ ကျွန်မတို့ဟာ ဒီစစ်အာဏာရှင်ကို အပြီးတိုင် အမြစ်မဖြတ်နိုင်သေးဘူး ဆိုတာက ကျွန်မတို့အတွက် ဝမ်းနည်းစရာလည်းကောင်းတယ်၊ အရှက်ရစရာလိုဖြစ်ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

အခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေသူတွေအားလုံးဟာ အရင် ရှစ်လေးလုံးအရေးတော်ပုံထက် ပိုတဲ့ အခက်အခဲအကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်လို့ သူကပြောဆိုခဲ့ပါတယ်။

မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ဆက်သွားမယ်လို့ ဦးမင်းအောင်လှိုင်က အာဆီယံကို သဝဏ်လွှာပို့

အာဆီယံထိပ်သီးအစည်းအဝေးတွေ မှာ ကိုယ်စားပြုခွင့်မရသေးတဲ့ ဦးမင်းအောင်လှိုင် က ဒီနေ့ကျရောက်တဲ့ ၅၉ နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အတွက် အာဆီယံပြည်သူတွေကို သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဒီကနေ့ မှာ နေပြည်တော်က ထုတ်ပြန်ပါတယ်။

မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ သဝဏ်လွှာမှာဖော်ပြပါတယ်။

အာဆီယံဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မနေ့ကတင် ထပ်မံ တောင်းဆိုထားပါတယ်။

နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်က ၅၈ နှစ်မြောက်အာဆီယံနှစ်ပတ်နေ့မှာလည်း အာဆီယံပြည်သူတွေကို သဝဏ်လွှာပေးပို့ခဲ့ဖူးပါတယ်။

ဒီတစ်ခေါက်ပေးပို့တဲ့သဝဏ်လွှာမှာတော့ အာဆီယံအဖွဲ့ကြီးဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေကိုပဲ အလေးထားဖြေရှင်းဖို့ လိုအပ်နေတာဟာ အသင်းကြီးရဲ့ အချက်အချာကျမှု အပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။

နောက်ပြီး အာဆီယံရဲ့ အချက်အချာကျမှုကို ဆက်ထိန်းပြီး အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုအားကောင်းအောင် ဖော်ဆောင်သွား ရမယ်လို့ ဆိုပါတယ်။

အရင်သဝဏ်လွှာတွေထဲမှာ မပါတဲ့အချက်တစ်ချက်ကတော့ အာဆီယံရဲ့ ကတိကဝတ်ဖြစ်တဲ့ "မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရေး - Leaving No One Behind" ဆိုတဲ့အချက်ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဆီယံမျှော်မှန်းချက် ၂၀၄၅ နဲ့ အညီ ပိုမိုခံနိုင်ရည်ရှိသော၊ ဆန်းသစ်တီထွင်မှုကို အားပေးသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူဗဟိုပြုတဲ့ အသိုက်အဝန်းတစ်ရပ်ကို "မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရေး" မူနဲ့အညီ တည်ဆောက်သွားရမယ်လို့ ဆိုပါတယ်။