သြဂုတ် ၂၃ ရက်သတင်းများအနှစ်ချုပ် - စစ်တပ်က ငပလီကို ဗုံးအလုံး ၁၀၀ ကျော်ကြဲ

ဩဂုတ် ၂၁ ရက်က ငပလီ နဲ့ ညောင်ချောင်းကျေးရွာ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ဩဂုတ် ၂၁ ရက်က ငပလီ နဲ့ ညောင်ချောင်းကျေးရွာ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) သိမ်းထားတဲ့သံတွဲမြို့နယ်၊ ပလီမြို့ကို စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် အများစုပါ၀င်တဲ့ လေယာဉ် ၁၀ စင်းကို အသုံးပြုပြီး ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အေအေ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ပါတယ်။

စစ်တပ်က တိုက်လေယာဉ် ၈ စင်း၊ Y 12 လေယာဉ် ၁ စင်း နဲ့ Y8 လေယာဉ် ၁ စင်း အပါအဝင် စုစုပေါင်း ၁၀ စင်းကို အသုံးပြုပြီး တစ်နေ့တည်းမှာ ဗုံးတွေ ကြဲချခဲ့တာလို့လည်း ဆိုပါတယ်။

ငပလီမြို့ကို အေအေ မသိမ်းခင် အရင်က စစ်တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်း၊ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတွေအပြင် စစ်ဘေးရှောင်နေထိုင်တဲ့အနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲခဲ့တာလို့ အေအေ က ပြောပါတယ်။

စစ်တပ်ဟာ အဲဒီတိုက်ခိုက်မှုကို ဩဂုတ်လ ၂၁ ရက်၊ မနက် ၂ နာရီကနေ ၃ နာရီကျော်အထိ အချိန် တစ်နာရီကျော် ကြာအတွင်း ဗုံးတွေကြဲခဲ့တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့တယ်လို့ အေအေ က ထုတ်ပြန်ပါတယ်။

အေအေ ဟာ ငလီကမ်းခြေအပါအဝင် သံတွဲမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။

စစ်တပ်ဟာ သံတွဲမြို့ နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်ထဲက ညောင်ချောင်းကျေးရွာကိုလည်း ဩဂုတ်လ ၂၁ ရက် မနက် ၅ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းဆောင်တစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်ဟာ သံတွဲနဲ့ ဂွကို အခုလိုဗုံးကြဲတိုက်ခိုက်နေတာဟာ ရခိုင်ပြည်နယ်ဝင်ပေါက်နေရာတွေဖြစ်တဲ့ မ‌ကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲနဲ့ ငါးသိုင်းချောင်းဘက်မှာ ရှေ့မတိုးနိုင်တဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

"အဲဒီမှာ သူတို့တပ်တွေခဏခဏ လန်ကျနေတာ။ တိုးမရဘူး။ အဲဒါကြောင့် သူတို့က သံတွဲ နဲ့ ဂွ ဘက်ခြမ်းကနေ တက်မလို့ ဗုံးကြဲနေတာ" လို့ အေအေ သတင်းအရင်းအမြစ်က ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ အခုသီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်ထဲ အေအေ သိမ်းထားတဲ မြို့နယ်တွေကို လေကြောင်း ဗုံးကြဲတာတွေ ပြုလုပ်လာတာကို အေအေ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါဟာ စစ်တပ်အနေနဲ့ အေအေကို ဆွေးနွေးပွဲဆီရောက်လာအောင် လေကြောင်းကနေ ဖိအားပေးတာဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

စစ်တပ်က လက်ရှိ ရခိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်ကို တအောင်းတပ် (TNLA) က ထိန်းချုပ်ပြီးနောက်မှာ အဲဒီဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ခဲ့တဲ့ပုံစံနဲ့တူနေတယ်လို့ဆိုပြီး ရှုမြင်သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဒေါက်တာ စင်သီယာမောင်ရဲ့မယ်တော်ဆေးခန်း အိုကီနာ၀ါငြိမ်းချမ်းရေးဆု ရရှိ

ဒေါက်တာစင်သီယာမောင်ကို ရွေ့ပြောင်းကလေးငယ်တွေကို နှုတ်ဆက်နေတဲ့မြင်ကွင်းအဖြစ် မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, MAE TAO CLINIC

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ အခြေစိုက်ပြီး ထိုင်း- မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀ ကျော် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့မယ်တော်ဆေးခန်းဟာ ဂျပန်အခြေစိုက် အိုကီနာ၀ါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ချီးမြှင့်ခံရတယ်လို့ ဆေးခန်းက ဒီနေ့ ကြေညာပါတယ်။

ဒီဆုဟာ ၂ နှစ်ကို ၁ ကြိမ် ချီးမြှင့်တဲ့ဆုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း အကြမ်းမဖက် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပါ၀င်ကူညီခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ဆုလည်းဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်းကတော့ ဒီဆုသမိုင်းမှာ ပြည်ပအခြေစိုက် အဖွဲ့အစည်းအနေနဲ့ ပထမဆုံး ချီးမြှင့်ခံရတာဖြစ်ပြီး ၁၃ ကြိမ်မြောက် ဆုရှင်ဖြစ်ပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည်တွေအပြင် နယ်စပ်က လူထုနဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ကျန်းမာရေးအပြင် အမျိုးသမီးကျန်းမာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးသင်တန်းတွေကိုလည်း ပေးနေတဲ့ နယ်စပ်ဆေးပေးခန်းလို့ ဆေးခန်းဘက်က ပြောပါတယ်။

အိုကီနာ၀ါ ငြိမ်းချမ်းရေးဆုပေးပွဲကိုတော့ အောက်တိုဘာလ ၁၉ ရက်မှာ ဂျပန်နိုင်ငံ နာဟာမြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဂုဏ်ပြုလွှာနဲ့ ဆုတော်ငွေ ဂျပန် ယမ်း ၁၀ သန်းကို ချီးမြှင့်မှာဖြစ်ပါတယ်။

အခုဆုကို ရရှိတဲ့ မယ်တော်ဆေးခန်းကို ဦးဆောင်နေသူ ဒေါက်တာ စင်သီယာမောင်ကိုယ်တိုင်လည်း နယ်စပ်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ကူညီရေးတွေကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြု လူအခွင့်အရေးနဲ့ ကျန်းမာရေးဆိုင်ရာဆုတွေကို ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

ထိုင်းနိုင်ငံ နရဆွမ် တက္ကသိုလ်က သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ကို မကြာသေးခင်က ချီးမြှင့်ခဲ့သလို ရပ်ရွာအသိုက်အ၀န်းခေါင်းဆောင်မှုပိုင်းအတွက် အရှေ့တောင်အာရှရဲ့နိုဘဲလ်ဆုလို့ ပြောစမှတ်ရှိတဲ့ ရေမွန် ဆက်ဆေးဆေးဆု ချီးမြှင့်ခံရသူလည်းဖြစ်ပါတယ်။

တေးသံရှင် ကိုင်ဇာရဲ့ စျာပနကို ရေ၀ေးသုဿာန်မှာ မနက်ဖြန် ပြုလုပ်ဖို့ရှိ

သြဂုတ်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့က နေအိမ်မှာပြုလုပ်ခဲ့တဲ့ ကိုင်ဇာအတွက် သက်ပျောက်ဆွမ်းအလှူ

ဓာတ်ပုံ ရင်းမြစ်, Sunday

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့က နေအိမ်မှာပြုလုပ်ခဲ့တဲ့ ကိုင်ဇာအတွက် သက်ပျောက်ဆွမ်းအလှူ

ကွယ်လွန်သူ တေးရေး/တေးဆို ကိုင်ဇာ(ခ) ဦးညီညီဝင်းအတွက် သက်ပျောက်ဆွမ်းကပ်အလှူကို ကျန်ရစ်သူမိသားစုက ရန်ကုန်မြို့နေအိမ်မှာ ဒီနေ့ မနက်ပိုင်းတုန်းက ပြုလုပ်ခဲ့ပါတယ်။

ကိုင်ဇာရဲ့ ဈာပနကိုတော့ မနက်ဖြန် သြဂုတ်လ ၂၄ ရက်(တနင်္လာနေ့)မှာ ရေဝေးသုသာန်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

''ကိုင်ဇာရဲ့ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံမှာဖြစ်ပါတယ်'' လို့ နာရေးကိစ္စတွေကို အနီးကပ်ဆောင်ရွက်ပေးနေသူတွေထဲက တစ်ဦးဖြစ်သလို ကိုင်ဇာရဲ့မိတ်ဆွေရင်းလည်းဖြစ်တဲ့ တက္ကသိုလ်လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဇော်မြင့်က ပြောပါတယ်။

၁၉၈၀ ဝန်းကျင်ကာလတွေကစလို့ ထင်ရှားခဲ့တဲ့ တေးရေး/တေးဆို ကိုင်ဇာ ခေါ် ဦးညီညီဝင်းဟာ အဆုတ်ထဲ ပိုးဝင်တာကြောင့် အထူးကြပ်မတ်ကုသ‌ဆောင်မှာ ဆေးကုသမှုခံယူနေရင်း ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ သြဂုတ်လ ၂၂ ရက်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

တေးသံရှင် ကိုင်ဇာဟာ ကွယ်လွန်ပြီးကြတဲ့ ဖခင် နိုင်ငံတကာရေးရာသတင်းစဉ် (မြန်မာ့အလင်း) အယ်ဒီတာချုပ် ဦးစိန်ဝင်းနဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းတို့ရဲ့သားငယ်ဖြစ်ပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်က ''အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ'' တေးသီးချင်းခွေက စတင်လို့ ''အနမ်းပန်း''၊ ''သီချင်းရှင်ကိုကြင်နာပါ''၊ ''မနိုးပါစေနဲ့မိုးရယ်'' နဲ့ ''တူနှစ်ကိုယ်တိုင်းပြည်''အဆုံး ကိုယ်ပိုင်သံစဥ်တွေ သီဆိုရေးသားသူ တေးသံရှင် ကိုင်ဇာဟာ တေးသီချင်းခွေပေါင်းများစွာ ထွက်ခဲ့သူဖြစ်ပြီး ဒီကနေ့အချိန်အထိ လူငယ်၊ လူကြီး အားလုံးကြိုက်နှစ်သက်တဲ့တေးသံရှင်လည်း ဖြစ်ပါတယ်။

ပဲခူးရိုးမကို ဗဟိုပြုပြီး ပြင်းအား ၄.၇ မဂ္ဂနီကျုရှိတဲ့ငလျင်လှုပ်

ဒီကနေ့ ငလျင်လှုပ်ခတ်သွားတဲ့ တည်နေရာ

ဓာတ်ပုံ ရင်းမြစ်, Google Map

ဓာတ်ပုံ ပုံစာ, ဒီကနေ့ ငလျင်လှုပ်ခတ်သွားတဲ့ တည်နေရာ

ပဲခူးတိုင်း၊ ပဲခူးရိုးမကို ဗဟိုပြုတဲ့ပြင်းအား ၄.၇ မဂ္ဂနီကျုရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင် တစ်ခု မြန်မာစံတော်ချိန် မနက် ၁၀ နာရီကျော်က လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါယတ်။

ငလျင်ဗဟိုချက်ဟာ ပဲခူးမြေငလျင်စခန်း ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ ခန့်ကို ဗဟိုပြုသွားတယ်လို့လည်း ဆိုပါတယ်။

ငလျင်လှုပ်ခတ်တဲ့နေရာဟာ "သုံးဆယ် တမံအနီး ပဲခူးရိုးမ အနောက်ခြမ်း'' လို့ စောင့်ကြည့်သူတွေက ပြောဆိုပါတယ်။

ငလျင်ဟာ မြေအောက်အနက် ၁၀ မီတာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့လည်းဆိုပါတယ်။

မြန်မာနဲ့ ထိုင်း ငလျင်လေ့လာစောင့်ကြည့်ရေးဌာနတွေရဲ့ လေ့လာချက်အရ ငလျင်ဟာ ဒိုက်ဦးနဲ့ လက်ပံတန်းကြား ပဲခူးရိုးမကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင် ရုရှားခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ပင်းပက်စီမံကိန်းကို အမြန်အကောင်ထည်ဖော်ဖို့ ခြေလှမ်း

ဩဂုတ် ၂၂ ရက်က ပင်းပက်စီမံကိန်းကို သွားရောက် ကြည့်ရှုခဲ့တဲ့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဩဂုတ် ၂၂ ရက်က ပင်းပက်စီမံကိန်းကို သွားရောက် ကြည့်ရှုခဲ့တဲ့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး

နေပြည်တော်ဟာ ဦးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် ရုရှားခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပြင်က ဧက ၅ သောင်းကျော်ကျယ်တဲ့ အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပြီးစီးရေး တွန်းလုပ်နေပါတယ်။

ဒီစီမံကိန်းထဲက ''ကျန်ရှိနေတဲ့လုပ်ငန်းတွေကို အချိန်မီ ပြီးအောင်လုပ်ဖို့'' ဆိုပြီး ဦးမင်းအောင်လှိုင်ရဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်က အဲဒီစက်ရုံကို ဩဂုတ် ၂၂ ရက်က ရောက်ချိန် ပြောလိုက်တာဖြစ်ပါတယ်။

ဒီစီမံကိန်းထဲမှာ သံရည်ကြိုစက်ရုံ ၂၂ ခုရှိပြီး စက်မှု ဒု၀န်ကြီး သွားကြည့်ခဲ့တာကတော့ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) ဖြစ်ပါတယ်။

ဒီစက်ရုံကို နည်းပညာဆိုင်ရာ ကြီးကြပ်ကွပ်ကဲတဲ့ဝန်ဆောင်မှုပေးမယ့်စာချုပ်ချုပ်ဆိုနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒီစက်ရုံရဲ့ရိုမက်လ် မီးဖို ပြန်လည်ပြုပြင်မွမ်းမံဖို့ကိုလည်း စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပင်းပက် စီမံကိန်းဟာ ကျပ်ငွေ ဘီလျံနဲ့ချီ အရှုံးပေါ်ခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုအပြီးမှာတော့ နေပြည်တော်က ဒီစီမံကိန်းကို ပြန်ပြီးအသက်သွင်းလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ဟာ ဒီစီမံကိန်းပူးပေါင်းဆောင်ရွက်ရေးကို ရုရှားဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဒီစီမံကိန်းကို ပြီးခဲ့တဲ့ နှစ်တွေက မကြာခဏ သွားရောက်ကြည့်ရှုခဲ့ဖူးပြီး တောင်ကြီးကနေ ပင်းပက်အထိ ရထားသွားလို့ရအောင် ၂၀၂၃ ခုနှစ်မှာ ရထားလမ်း တိုးချဲ့ဖောက်လုပ်ခဲ့ပါတယ်။

နောက်ပြီး ၂၀၂၅ ခုနှစ်၊ မေလက စလို့ ရုရှားနိုင်ငံက နည်းပညာရှင်တွေကို ခေါ်ယူပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ ရုရှား VO Tyazhpromexport (TPE) ကုမ္ပဏီတို့ဟာ ၂၀၀၄ ခုနှစ်မှာ ဒီစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ဒီစီမံကိန်းကို စက်မှုဝန်ကြီးဌာနဆီ လွှဲပြောင်းခဲ့ပါတယ်။

ရုရှားက ယူရို ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိတဲ့ နည်းပညာအကူအညီတွေ ထောက်ပံ့တယ်လို့လည်း ဒီအကြောင်းသိရှိထားသူက ဘီဘီစီကို ပြောပါတယ်။

စာချုပ်ချုပ်ထားတဲ့ ရုရှားကုမ္ပဏီဟာ စစ်တပ်ကို စစ်လက်နက်ရောင်းနေတဲ့ Rostec ရဲ့ ကုမ္ပဏီလက်ခွဲ ဖြစ်တယ်လို့ ဒီစီမံကိန်းကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ရှမ်းတောင်အခြေစိုက် ပအိုးဝ်လူငယ်အစည်းအရုံး(PYO)က ပြောပါတယ်။

ထိုင်းတောင်ပိုင်း ၃ ခရိုင်မှာ ဗုံးခွဲမှုနဲ့ မီးရှို့မှု ၅၀ ကျော်ဖြစ်လို့ လုံခြုံရေးအမြင့်ဆုံးတပ်လှန့်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီခရိုင်ထဲက 7 Eleven စတိုးဆိုင် ဩဂုတ်လ ၂၂ ရက်၊ ည ၈ နာရီက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ISOC

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီခရိုင်ထဲက 7 Eleven စတိုးဆိုင် ဩဂုတ်လ ၂၂ ရက်၊ ည ၈ နာရီက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြင်ကွင်း

ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင် ၃ ခုမှာ မနေ့ညပိုင်းက ဗုံးခွဲမှုနဲ့ မီးရှို့မှုဖြစ်ရပ် ၅၁ ခုအထိဖြစ်ခဲ့တာကြောင့် အာဏာပိုင်တွေက အခုတော့ လုံခြုံရေးအမြင့်ဆုံး တပ်လှန့်ထားတယ်လို့ ဘီဘီစီ ထိုင်းဘာသာစကားဌာနက ရေးသားပါတယ်။

ဩဂုတ် ၂၂ ရက်၊ ည ၈နာရီ ကစလို့ မလေးရှားနိုင်ငံနဲ့နယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်းက နရသီဝပ်၊ ပတ္တာနီနဲ့ ယာလာခရိုင်တွေထဲက နေရာတွေမှာ ဒီဖြစ်စဉ်တွေဖြစ်ခဲ့တာလို့ ထိုင်းပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။

အဲဒီဌာနရဲ့အချက်အလက်အရ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အများစုဟာ နရသီ၀ပ်ခရိုင်မှာဖြစ်ပြီး ၂၂ ခုအထိဖြစ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီခရိုင်ထဲက ဗုံးကွဲမှုတစ်ခုမှာ ဒဏ်ရာရသူ နှစ်ဦးရှိခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းစစ်တပ်ကလည်း နရသီဝပ်ခရိုင်ထဲ ရဟတ်ယာဉ်စေလွှတ်ပြီး ကင်းထောက်လှည့်တာတွေလုပ်ခဲ့ပါတယ်။

နရသီဝပ်ခရိုင်နဲ့ ဆက်စပ်နေတဲ့ပတ္တာနီခရိုင်ထဲမှာတော့ ဩဂုတ် ၂၂ ရက်၊ ည ၈ နာရီလောက်က 7 Eleven ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ ဒေသတွင်းက စတိုးဆိုင်တွေအားလုံး စောပြီး ပိတ်ခဲ့ရပါတယ်။

ည ၁၀ နာရီမှာတော့ မြို့နယ်စည်ပင်ရုံးကို လူ ၁၀ ဦးခန့်ပါတဲ့အဖွဲ့က ၀င်ရောက်စီးနင်းမှုဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်သူတွေဟာ လုံခြုံရေးဝန်ထမ်းကိုလည်း ဖမ်းဆီးကြိုးတုတ်ခဲ့ပြီး အဆောက်အဦးရဲ့ နှစ်လွှာ မှာ ဗုံးထောင်ခဲ့တယ်လို့ ထိုင်းပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။ အဆောက်အဦးလည်း မီးလောင်ပေါက်ကွဲခဲ့ပြီး ညသန်းခေါင်အချိန်ထိ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ပတ္တာနီခရိုင်ထဲမှာတော့ တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူမရှိခဲ့ပါဘူး။

ပတ္တာနီခရိုင်နဲ့ ကပ်လျက်က ယာလာခရိုင်ကတော့ တိုက်ခိုက်မှုဖြစ်စဉ် ၁၈ ခုရှိခဲ့ပြီး ဒုတိယမြောက် တိုက်ခိုက်ခံရမှု အများဆုံးခရိုင်ဖြစ်ခဲ့ပါတယ်။ ဒီခရိုင်ထဲမှာလည်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအစိုးရက အဲဒီခရိုင် ၃ ခုကို အရေးပေါ် အခြေအနေကြေညာထားပါတယ်။ မလိုအပ်ဘဲ နေအိမ် ပြင်ပမထွက်ဖို့ကိုလည်း အမိန့်ထုတ်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ ထိုင်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြည်ထဲရေးဝန်ကြီးတာဝန်ရှိသူတွေ၊ ဥပဒေစိုးမိုးရေးအဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ခေါ်ယူပြီး ဒီနေ့ မနက်မှာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးဟာ အချိန် တစ်နာရီ ကျော် ကြာမြင့်ခဲ့ပါတယ်။

ထိုင်းအတိုက်အခံပါတီ ပြည်သူ့ပါတီရဲ့ အမတ်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ထောက်လှမ်းရေးရဲ့အချက်အလက် ညံ့ဖျင်းမှုကြောင့်လို့ ဝေဖန်ပါတယ်။

ဒီလို နေရာပေါင်း ၅၀ ကျော်ကို တပြိုင်နက်တည်းတိုက်ဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှု၊ ထောက်ပို့ရေးနဲ့ နေရာရွှေ့ပြောင်းမှုတွေ လိုအပ်ပြီး ဒါကို သတင်းအစအန မရခဲ့တာကလည်း ထောက်လှမ်းရေးရဲ့ လိုအပ်ချက်လို့ လူမှုကွန်ရက်မှာ ၀ေဖန်ပါတယ်။

ကျုံပျော်မှာ ရေတဖြည်းဖြည်းတက်လာပြီး ရွာပေါင်း ၃၀ လောက် ‌ရေနစ်မြုပ်

ဩဂုတ်လ ၂၃ ရက်နေ့ ကျုံပျော်မြို့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဩဂုတ်လ ၂၃ ရက်နေ့ ကျုံပျော်မြို့ မြင်ကွင်း

လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကျိုးပေါက်မှု သုံးပတ်ကျော်ကြာလာပြီးတဲ့နောက်မှာ မြစ်ရေဟာ အထက်ကနေ အောက်ကိုစီးဆင်းရင်း ကျုံပျော်မြို့ဟာ တဖြည်းဖြည်းရေတွေ တက်လာနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ကျုံပျော်မြို့ဟာ ရေဘေးဒဏ်အလူးအလဲခံနေရတဲ့ ငသိုင်းချောင်းမြို့ နဲ့ ၁၁ မိုင်အကွာမှာရှိပြီး၊ ရေကြည်မြို့ နဲ့ ၆ မိုင်အကွာမှာရှိပါတယ်။

ကျုံပျော်မြို့ ရဲ့ ရေဘေးအန္တရာယ်ဟာ ငဝန်မြစ်ရေကာတာအချိန်မီပြုပြင်နိုင်ရေး နဲ့ မိုးရွာသွန်းမှု အပေါ်မှာ မူတည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"လေးမျက်နှာ ‌နောက်ဆက်တွဲ ကြောင့် အနိမ့်ပိုင်းတွေကို စီးလာတာ။ များသောအားဖြင့် ကမ်းနဖူးကရွာတွေ လေးမျက်နှာနဲ့ ဆက်စပ်တဲ့ရွာတွေမှာ ပိုဝင်လာနေတာ။ စားနပ်ရိက္ခာအကူအညီတွေ လိုနေတယ်" လို့ ကျုံပျော်မြို့နယ်၊ ကြက်ခြေနီအသင်း၊ တပ်ဖွဲ့မှူးက ဘီဘီစီကို ပြောပါတယ်။

ကျုံပျော်မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး အဲဒီမှာ ရေဘေးတိမ်းရှောင်နေသူ ၂၀၀ ကနေ ၃၀၀ ကြားမှာ ရှိတယ်လို့ သိရပါတယ်။

မြို့ပေါ်မှာ ရေဘေးရှောင်နေသူတွေဟာလည်း စားနပ်ရိက္ခာအကူအညီ အပြည့်အဝ မရကြသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ရေက ကျုံပျော်မြို့ပေါ်အထိ တဖြည်းဖြည်းတက်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"ဒယ်အိုးကြီးပုံစံဖြစ်နေတာ။ ရေက ပြန်မကျဘူး။ နေ့တိုင်းတက်နေတာ။ ကျွန်တော့် အိမ် ၃ လုံးနဲ့ ဆိုင်လည်း မြုပ်သွားပြီ။ ကယ်ဆယ်ရေးစခန်းတွေတောင်မှ ရေထပ်တက်ရင် မြုပ်မယ့်သဘောရှိတယ်" လို့ ကျုံပျော်မြို့၊ ကမ်းနားလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကျုံပေါ်မြို့အပြင်က ရွာတွေဟာ ပို့ဆောင်ဆက်သွယ်ရေးမကောင်းတာကြောင့် အကူအညီတွေ ပေးဖို့ ကလည်း စိန်ခေါ်မှုဖြစ်နေတယ်လို့ ကျုံပျော်မြို့နယ်၊ ကြက်ခြေနီအသင်းက ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုတ်သုန်လေအားကောင်းနေတာကြောင့် ဩဂုတ်လ တစ်လလုံး မိုးကောင်းနေဦးမယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်း က ပြောပါတယ်။

ရေဘေးဒဏ် အလူးအလဲ ခံရတဲ့ ငသိုင်းချောင်းမြို့နယ်မှာတော့ ရေပြန်ကျသွားပေမဲ့ မိုးရွာသွန်းမှုတွေဆက်ရှိနေတာကြောင့် ရေထပ်တိုးလာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ငသိုင်းချောင်းနဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ် မှာတော့ ကုန်းအမြင့်ပိုင်းက ရွာတွေအထိ မြစ်ရေတက်လာနေလို့ စာသင်ကျောင်းတွေ ပိတ်ထားရသလို ကားလမ်းတွေလည်း ပျက်စီးနေတယ်လို့ ရေကြည်ဒေသခံတွေက ပြောပါတယ်။