ဝမ်းတွင်းအင်္ဂါတွေ အပြင်ထွက်နေတဲ့ သန္ဓေသားကို သားအိမ်အတွင်း ပထမဆုံးခွဲစိတ်ကုသ

မွေးစကလေးကို အဖြူရောင်အနှီးနဲ့ထုပ်ထားပြီး သူက အဖြုရောင်ဦးထုပ်လေးလည်း ဝတ်ထားပါတယ်။ ဆေးရုံကုတင်ပေါ်မှာ မှီထိုင်နေတဲ့ မိခင်ရဲ့ ရင်ခွင်ထဲမှာထွေးထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Maisie Savage

ဓာတ်ပုံ ပုံစာ, သန္ဓေသားဘဝမှာပဲ သီယို ကို မိခင် မေစီ ဆာဗေ့ဂျ် ရဲ့ သားအိမ်အတွင်း ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။
    • ရေးသားသူ, ကမီလာ ဟော်ရော့စ်
    • ရာထူးတာဝန်, ကမ္ဘာ့ကျန်းမာရေးသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

ကိုယ်ဝန်ဆောင်နေချိန်မှာပဲ သားအိမ်အတွင်းက သန္ဓေသားလောင်းရဲ့ မွေးရာပါ ချို့ယွင်းချက်ကို သားအိမ်အတွင်းမှာပဲ ခွဲစိတ်ကုသပြီး အောင်မြင်စွာ ပြုပြင်နိုင်ခဲ့တယ်လို့ အမေရိကန် ဆရာဝန်တွေက ကြေညာပါတယ်။

လန်ဒန်မြို့က မေစီ ဆာဗေ့ဂျ်ဟာ ကိုယ်ဝန် ၂၆ ပတ်ရှိချိန်မှာ အမေရိကန်နိုင်ငံက ဆရာဝန်တွေရဲ့ သားအိမ်အတွင်း ခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။

အခုဆို အသက်ငါးလရှိပြီး ကျန်းကျန်းမာမာ ကြီးပြင်းနေတဲ့ သီယိုမှာ Gastroschisis လို့ခေါ်တဲ့ မွေးရာပါချို့ယွင်းမှု ရှိခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ချက်ကြိုးပေါက် (ဝမ်းဗိုက်အပေါက်) က ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့အတွက် သန္ဓေသားရဲ့ အူတွေဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်ပေါ်နေပါတယ်။

Gastroschisis (ဂက်စ်ထရိုစကီဆစ်) ဆိုတာ သန္ဓေသားရဲ့ ဝမ်းဗိုက်နံရံ (abdominal wall) က မွေးရာပါ အပြည့်အဝ မဖွံ့ဖြိုးတဲ့ ချို့ယွင်းချက်တစ်မျိုး ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအတွင်း ဆရာဝန်တွေက မိခင်ရဲ့ သားအိမ်ကို တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ပြီး အပေါက်ငယ်ခွဲစိတ်နည်း (keyhole surgery) ကို သုံးပြီး သန္ဓေသားရဲ့ အူတွေကို ဝမ်းဗိုက်အတွင်းထဲကို ဖြည်းဖြည်းလေးနဲ့ ဂရုတစိုက် ပြန်ထည့်ပေးခဲ့ပါတယ်။

ဒီလိုခွဲစိတ်ကုသမှုဟာ ကမ္ဘာပေါ်မှာ ပထမဆုံးစမ်းသပ်သုံးတဲ့ နည်းစံနစ်ဖြစ်ပါတယ်။ သန္ဓေသားလောင်း သီယိုဟာ အဲဒီကုသမှုကနေ အကျိုးကျေးဇူးရရှိခဲ့တဲ့ တတိယမြောက် ကလေးပါ။

အသက် ၂၉ နှစ်အရွယ် မိခင် မေစီနဲ့ သီယိုရဲ့ ဖခင် အသက် ၃၆ နှစ်အရွယ် ဂျော့ရှ် ဖရန့်ချ်တို့ဟာ နှစ်ယောက်စလုံးက ကျောင်းဆရာတွေပါ။ နည်းစံနစ်အသစ်နဲ့ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တဲ့အတွက် သူတို့ အများကြီး စိတ်သက်ရာရာရခဲ့တယ်လို့ ဆိုပါတယ်။

"သူက ကျွန်မတို့အတွက် တကယ့်အံ့ဖွယ်ကလေးလေးပါပဲ" လို့ မေစီက ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီ့မတိုင်ခင်ကတော့ ခွဲစိတ်မှု မအောင်မြင်မှာကို သူတို့အတော်စိုးထိတ်ခဲ့ကြပါတယ်။ ဒီလို ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုဟာ ဗြိတိန်မှာ နှစ်စဉ် မွေးဖွားတဲ့ ကလေး ၃,၀၀၀ မှာ တစ်ဦးလောက် ဖြစ်ပွားပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ Gastroschisis ဖြစ်ပွားနှုန်းဟာ ဒေသအလိုက် ကွာခြားမှုရှိပြီး ၂၀၂၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေမြင့်နိုင်ငံတွေရဲ့ လေ့လာချက်တွေကို စုစည်းသုံးသပ်ထားတဲ့ အစီရင်ခံစာအရ တောင်အမေရိကမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ ဝင်ငွေနည်းနိုင်ငံတွေအတွက် အချက်အလက်တွေကတော့ ရနိုင်ဖို့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ရောဂါအခြေအနေ သက်သာတဲ့ ကလေးတွေတောင်မှ ရက်သတ္တပတ်အတော်ကြာ မွေးကင်းစ အထူးကြပ်မတ်ကုသဆောင် (NICU) မှာ ကုသမှုခံယူရနိုင်ပြီး အာဟာရကို ပြွန် ဒါမှမဟုတ် သွေးကြောကတစ်ဆင့် ဖြည့်တင်းပေးရတာနဲ့ ခွဲစိတ်ပြုပြင်ပေးရတဲ့ ကုသမှုလည်း လိုအပ်နိုင်ပါတယ်။

သီယိုလို ရောဂါပြင်းထန်တဲ့ ကလေးတွေမှာတော့ အခြေအနေက ပိုစိုးရိမ်ရပြီး မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်မှာ ခြောက်လအထိ နေရတာ၊ အကြိမ်ကြိမ် ခွဲစိတ်ကုသမှု ခံယူရတာ၊ နှစ်နှစ်အထိ သွေးကြောကတစ်ဆင့် အာဟာရဖြည့်တင်းရတာနဲ့ အူအစားထိုးကုသမှု လိုအပ်လာနိုင်တာမျိုး ရှိနိုင်ပါတယ်။

အဆင့်မြင့်ဆုံး ဆေးကုသမှုကို ရရှိခဲ့ရင်တောင် ဒီရောဂါဖြစ်တဲ့ ကလေး ၁၀ ဦးမှာ ၁ ဦးကတော့ အသက်ဆုံးရှုံးနိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အပြာပေါ်မှာ အဖြူစင်းစောင်လေးပေါ်မှာ မွေးစကလေးလေး လှဲနေပါတယ်။ ကလေးက အဖြူရောင်ပေါ်မှာ မီးခိုးရောင်ဆင်ရုပ်ကလေးတွေပါတဲ့ အင်္ကျီကိုဝတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Texas Children’s Hospital

ဓာတ်ပုံ ပုံစာ, သီယိုဟာ ပြင်းထန်တဲ့ Gastroschisis ကို ကုသဖို့ သားအိမ်အတွင်း ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ပထမဆုံး ဗြိတိန်က ကလေး ဖြစ်လာပါတယ်။

အစပိုင်းမှာတော့ သီယိုရဲ့ မိဘနှစ်ဦးဟာ မမွေးဖွားသေးတဲ့ သူတို့ရဲ့ ကလေးမှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုတာကို လုံးဝမသိခဲ့ကြပါဘူး။

"ကိုယ်ဝန် ရက်သတ္တပတ် ၂၀ မှာလုပ်တဲ့ အာထရာဆောင်းစစ်ဆေးမှု မတိုင်ခင်အထိ ကျွန်တော်တို့က ကလေးရဲ့ ပုံကို မြင်ရတော့မယ်ဆိုပြီးပဲ စိတ်လှုပ်ရှားနေခဲ့တာပါ။ အဲဒီအချိန်တုန်းက ယောကျ်ားလေးဆိုတာတောင် မသိသေးပါဘူး" လို့ သီယိုရဲ့ ဖခင် ဂျော့ရှ်က ပြောပါတယ်။

သီယိုမှာ Gastroschisis ဖြစ်နေတယ်ဆိုတာ သိလိုက်ရတာဟာ သူတို့အတွက် သိပ်ထိတ်လန့်ပြီး စိုးရိမ်ကြောက်ရွံ့သွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ကိုယ်ဝန် ၂၄ ပတ်အရွယ်မှာ လန်ဒန်မြို့က Great Ormond Street Hospital (GOSH) ရဲ့ အထူးကုဆရာဝန်တွေက သီယိုမွေးဖွားပြီးနောက် ပထမခြောက်လအတွင်း ကြုံတွေ့ရနိုင်မယ့် အခြေအနေတွေအတွက် မေစီနဲ့ ဂျော့ရှ်တို့ကို ကြိုတင်ရှင်းပြပြီး ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သီယိုမှာ ပိုမိုပြင်းထန်ရှုပ်ထွေးတဲ့ Gastroschisis ဖြစ်နေတယ်ဆိုတာ သိရှိလာပြီးနောက်မှာတော့ ဆရာဝန်တွေက သူ့ကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့က ကလေးအထူးကုဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီဆေးရုံမှာတော့ သန္ဓေသားခွဲစိတ်အထူးကုနဲ့ ကလေးခွဲစိတ်အထူးကု ဆရာဝန်အဖွဲ့က ဒေါက်တာ မိုက်ကယ် ဘဲလ်ဖို့တ် ဦးဆောင်ပြီး ရှုပ်ထွေးခက်ခဲတဲ့ Gastroschisis ကို မမွေးဖွားခင် သားအိမ်အတွင်းမှာပဲ ပြုပြင်ကုသနိုင်မယ့် ကမ္ဘာ့ပထမဆုံး လက်တွေ့စမ်းသပ်ကုသမှုကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီစမ်းသပ်ကုသမှုရဲ့ တာဝန်ခံ ဒေါက်တာ ဘဲလ်ဖို့တ်ဟာ အရင်ကလည်း Spina Bifida (ကျောရိုးမကြီး မွေးရာပါချို့ယွင်းမှု) ဖြစ်တဲ့ သန္ဓေသားတွေကို သားအိမ်အတွင်း ခွဲစိတ်ကုသတဲ့ နည်းလမ်းကို ရှေ့ဆောင် ခွဲစိတ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဆေးရုံကပေးတဲ့ စောင်အဖြူရောင်နဲ့ ထွေးထားတဲ့ မွေးစကလေးက မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ အိပ်နေပါတယ်။ မခင်ရဲ လက်မှာလည်း ဆေးသွင်းထားတဲ့ ပိုက်တွေ တွေ့ရပါတယ်။ ကုတင်ဘေးမှာတော့ ဖခင်အမျိုးသားက ထိုင်နေပြီး သူ့ဘယ်လက်နဲ့ ကလေးကို ထိထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Maisie Savage

ဓာတ်ပုံ ပုံစာ, ခွဲစိတ်ကုသမှု အောင်မြင်ပြီးနောက် မေစီဟာ သတ်မှတ်ရက်အထိ ကိုယ်ဝန်ဆောင်ခဲ့ပြီး သီယိုကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။

မေစီကိုတော့ တက္ကဆပ်ပြည်နယ်ကို ချက်ချင်းသွားရမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလ ကျန်ရှိသမျှကို အဲဒီမှာပဲ နေရမယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

"ဒါဟာ သိပ်ကိုကြီးမားတဲ့ ဆုံးဖြတ်ရချက်တစ်ခုပါပဲ" လို့ မေစီက ပြောပါတယ်။

လက်တွေ့စမ်းသပ်ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မေစီဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ လူးဗန်း (Leuven) ဆေးရုံကို အရင်သွားခဲ့ရပါတယ်။ အဲဒီမှာ အထူးကုဆရာဝန်တွေက သီယိုရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ပြေလျော့စေပြီး ခွဲစိတ်ကုသရ ပိုမိုလွယ်ကူစေဖို့ မေစီရဲ့ သားအိမ်ကတစ်ဆင့် သီယိုရဲ့ ဝမ်းဗိုက်နံရံထဲကို Botox ထိုးဆေး ထိုးပေးခဲ့ပါတယ်။

အဲဒီနောက် မေစီနဲ့ ဂျော့ရှ်တို့ဟာ အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်ကို ဆက်လက်ထွက်ခွာခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ၊ ကိုယ်ဝန် ၂၆ ပတ်အရွယ်မှာ ခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ပါတယ်။

"အဲဒီနေ့ကတော့ တစ်နေ့တာက တစ်ပတ်လောက် ကြာနေသလိုကို ခံစားရပါတယ်" လို့ ဂျော့ရှ်က ပြောပါတယ်။

"ဆရာဝန်တွေက မေစီ့ကို ခွဲစိတ်နေချိန်အတွင်း စောင့်နေရတာက အရမ်းကို ပင်ပန်းပါတယ်။ အဆင့်တိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိရတဲ့အတွက် ပိုပြီး စိုးရိမ်နေခဲ့ရပါတယ်" လို့ သူက ဆိုပါတယ်။

ခွဲစိတ်ကုသမှုအတွင်း ဆရာဝန်တွေက မေစီ့ရဲ့ သားအိမ်ကို တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ပြီး သားအိမ်နဲ့ သန္ဓေသားကို ခွဲစိတ်ရ အဆင်ပြေတဲ့ အနေအထားဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားအိမ်ထဲက သန္ဓေသားကို ကာပေးထားတဲ့ အရည် (amniotic fluid) ကို စုပ်ထုတ်ပြီး ခွဲစိတ်လုပ်ဆောင်နိုင်တဲ့ နေရာပိုကျယ်လာစေအောင် ကာဗွန်ဒိုင်အောက်ဆိုက် (CO₂) ဓာတ်ငွေ့နဲ့ အစားထိုးဖြည့်သွင်းခဲ့ပါတယ်။

အဲဒီနောက် အပေါက်ငယ်ခွဲစိတ်နည်း (keyhole surgery) ကို အသုံးပြုပြီး သီယိုရဲ့ ဝမ်းအင်္ဂါအစိတ်အပိုင်းတွေကို ဝမ်းဗိုက်အတွင်းထဲ ဂရုတစိုက် ပြန်ထည့်ပေးပြီး ဝမ်းဗိုက်နံရံကို ချုပ်ပိတ်ပေးခဲ့ပါတယ်။

မမွေးဖွားမီ သန္ဓေသားခွဲစိတ်ကုသမှု အဆင့်လေးဆင့်ကို ဖော်ပြထားတဲ့ အင်ဖိုဂရပ်ဖစ်။

ဓာတ်ပုံ ရင်းမြစ်, Texas Children’s Hospital

ဓာတ်ပုံ ပုံစာ, မမွေးဖွားမီ သန္ဓေသားခွဲစိတ်ကုသမှု အဆင့်လေးဆင့်ကို ဖော်ပြထားတဲ့ အင်ဖိုဂရပ်ဖစ်။

ခွဲစိတ်ကုသမှုကြောင့် မေစီရဲ့ ဗိုက်မှာ ခွဲစိတ်ရာအမာရွတ်ဟာ ဗိုက်ခွဲမွေးတဲ့ (C-section) အမာရွတ်ထက် နှစ်ဆလောက် ကြီးပါတယ်။

ဒါပေမဲ့ C-section နဲ့ ခွဲမွေးပြီးနောက် ပြန်လည်နာလန်ထူနေတဲ့ အမျိုးသမီးတွေနဲ့ မတူတာကတော့ မေစီဟာ ခွဲစိတ်မှုအပြီးမှာလည်း နောက်ထပ် ၁၄ ပတ်ကြာ ကိုယ်ဝန်ကို ဆက်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

"သီယိုက ဗိုက်ထဲမှာ မကြာခဏ ကန်တတ်ပြီး ခွဲစိတ်ရာအမာရွတ်ကို ထိမိတိုင်း အရမ်းနာပါတယ်။ ခက်ခက်ခဲခဲ နာလန်ထူဖို့လုပ်နေရတဲ့ အချိန်ပေါ့။ ဒါပေမဲ့ အဲဒါအားလုံးက ထိုက်တန်ပါတယ်" လို့ မေစီက ပြောပါတယ်။

ခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့ပါတယ်။ မေစီက ကိုယ်ဝန်ကို သတ်မှတ်ရက်အပြည့်အထိ ဆောင်နိုင်ခဲ့ပြီး သီယိုကို ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ သဘာဝအတိုင်း မွေးဖွားခဲ့ပါတယ်။

တက္ကဆပ် ကလေးဆေးရုံရဲ့ သားဖွားမီးယပ်ဌာန အကြီးအကဲ ဒေါက်တာ မိုက်ကယ် ဘဲလ်ဖို့တ်ကတော့ လက်ရှိအချိန်အထိ ရရှိထားတဲ့ ရလဒ်တွေအပေါ် သူနဲ့ သူ့ရဲ့အဖွဲ့ဟာ အလွန်ကျေနပ်တယ်လို့ ပြောပါတယ်။

"မိခင်ရဲ့ အခြေအနေ၊ ကလေးရဲ့ အခြေအနေ၊ ခွဲစိတ်ကုသမှုနဲ့ ခွဲစိတ်ချိန်အားလုံး အဆင်ပြေခဲ့ပါတယ်။ သန္ဓေသားကို ခွဲစိတ်ကုသနေချိန်မှာရော ခွဲစိတ်ပြီးနောက်မှာပါ နောက်ဆက်တွဲပြဿနာ လုံးဝမရှိခဲ့တာက တကယ့်ကို ထူးခြားတဲ့ ရလဒ်ပါ" လို့ သူက ပြောပါတယ်။

ခွဲစိတ်ခန်းထဲက ဆေးပညာရှင်တွေကို တွေ့ရတာပါ။ သူတို့ဟာ ခွဲစိတ်ခန်းသုံး ဝတ်ရုံတွေနဲ့ ခေါင်းစွပ်တွေ စွပ်ထားကြပါတယ်။ အလယ်ကတစ်ယောက်ကတော့ အပြာရောင်ဝတ်ရုံဝတ်ပြီး မျက်မှန်တပ်ထားပါတယ်။ နှာခေါင်းစည်း အဖြူရောင်လည်း ဝတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Texas Children’s Hospital

ဓာတ်ပုံ ပုံစာ, ခွဲစိတ်ကုသမှုရဲ့ ရလဒ်တွေကြောင့် သူ အံ့အားသင့်ခဲ့ရတယ်လို့ ဒေါက်တာ ဘဲလ်ဖို့တ်က ပြောပါတယ်။

ဒီလက်တွေ့စမ်းသပ်ကုသမှု အောင်မြင်ခဲ့မယ်ဆိုရင်တော့ ယူကေမှာ ဒီခွဲစိတ်ကုသမှုကို Great Ormond Street Hospital (GOSH) က ကလေးခွဲစိတ်အထူးကု ပါမောက္ခ ပေါ်လို ဒီ ကိုပီ (Paolo de Coppi) က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူဟာ University College London ရဲ့ ပင်မဆဲလ်နဲ့ ပြန်လည်ဖွံ့ဖြိုးရေးဆေးပညာဌာန အကြီးအကဲလည်း ဖြစ်ပါတယ်။

"မကြာခင်မှာ ဒီကုသမှုကို လူနာအရေအတွက် ပိုများများ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပါမောက္ခ ဒီ ကိုပီက ပြောပါတယ်။

ဒေါက်တာ ဘဲလ်ဖို့တ်ကလည်း ဒီပူးပေါင်းဆောင်ရွက်မှုအပေါ် စိတ်လှုပ်ရှားနေပြီး တက္ကဆပ် ကလေးဆေးရုံနဲ့ လန်ဒန်က GOSH တို့ ပူးပေါင်းလုပ်ဆောင်တာဟာ အလွန်အားကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူဟာ နောက်ထပ် ဘယ်လိုခွဲစိတ်ကုသမှုအသစ်တွေ လုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း မျှော်မှန်းနေပါတယ်။

"အခုဆိုရင် သားအိမ်အတွင်းပိုင်းဟာ ဆေးပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေအတွက် ခွဲစိတ်ကုသနိုင်တဲ့ နေရာသစ်တစ်ခု ဖြစ်လာပါပြီ" လို့ သူက ပြောပါတယ်။

"Spina bifida ပင်မကျောရိုးချို့ယွင်းချက်နဲ့ သန္ဓေသားရဲ့ ဝမ်းဗိုက်နံရံချို့ယွင်းမှု Gastroschisis က အစပဲရှိပါသေးတယ်။ အနာဂတ်မှာ သန္ဓေသားဘဝမှာပဲ နှလုံးခွဲစိတ်ကုသမှုတချို့ကို လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဆုတ်ခွဲစိတ်ကုသမှုတချို့ကိုလည်း သန္ဓေသားဘဝမှာပဲ လုပ်နိုင်လာမယ်လို့ ထင်ပါတယ်" လို့ ဒေါက်တာ ဘဲလ်ဖို့တ်က ပြောပါတယ်။

အဖြူရောင်ဝတ်စုံကလေးနဲ့ ကလေးလေးက အိပ်ပျော်နေပြီး သူ့နောက်မှာတော့ ပန်းရောင်အင်္ကျီနဲ့မိခင်က ကလေးကို ပွေ့ထားပြီး၊ အစိမ်းရင့်ရှောင် တီရှပ်လက်တိုနဲ့ ဖခင်က ဘေးမှာ ထိုင်နေပါတယ်။
ဓာတ်ပုံ ပုံစာ, အခုတော့ မေစီ၊ ဂျော့ရှ်နဲ့ သီယိုတို့ မိသားစုဟာ အိမ်မှာ ပုံမှန်ဘဝကို ပြန်လည်ဖြတ်သန်းနေကြပါတယ်။

လန်ဒန်မြို့က သူတို့ရဲ့ အိမ်ကို ပြန်ရောက်လာပြီးနောက် သီယိုဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနေတယ်လို့ မေစီက ပြောပါတယ်။

"ဆရာဝန်တွေ လုပ်ပေးခဲ့သမျှက သီယိုရဲ့ ဘဝအစမှာ ကြုံရနိုင်တဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေကို လုံးဝ ပြောင်းလဲပေးခဲ့ပါတယ်။ အခုတော့ သူက အရမ်းဥာဥ်ကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ။ ပုံမှန်ကလေးတစ်ယောက်လိုပဲ ကျန်းကျန်းမာမာ ရှိနေပါတယ်" လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့နှစ်ယောက်စလုံးက အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်" လို့ ဂျော့ရှ်က ပြောပါတယ်။

"ဒီကုသမှုက ကျွန်တော်တို့ မိသားစုတစ်ခုလုံးအပေါ် သက်ရောက်မှုက တကယ့်ကို ကြီးမားပါတယ်။ Great Ormond Street Hospital က အဖွဲ့ကနေ ဒေါက်တာ ဘဲလ်ဖို့တ်နဲ့ သူ့ရဲ့အဖွဲ့အထိ အားလုံးက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ရှိနေတဲ့အချိန်တစ်လျှောက် ရရှိခဲ့တဲ့ ဆေးကုသမှုနဲ့ စောင့်ရှောက်မှုအဆင့်အတန်းက အလွန်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဘဝရဲ့ အလွန်ခက်ခဲတဲ့ ကာလတစ်ခုကိုလည်း သူတို့က အများကြီး ပိုမိုလွယ်ကူအောင် ကူညီပေးခဲ့ပါတယ်။ အခုတော့ ဒီကလေးလေးကို ရထားပြီဖြစ်လို့ ကျွန်တော်တို့ထက် ပိုပျော်ရွှင်နိုင်တဲ့သူ မရှိတော့ပါဘူး" လို့ ဂျော့ရှ်က ပြောပါတယ်။